Saturday 11 January 2014

အခမဲ့ အလယ်တန်းပညာရေးစနစ် လာမည့်နှစ် စတင်မည်

အစိုးရသစ် လက်ထက်တွင် ပညာရေး အသုံးစရိတ်များ ဆက်တိုက် တိုးမြှင့်ထားသည့် အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စနစ်ကို စတင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
နိုင်ငံတော်သမ္မတ အိမ်တော်တွင် ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပသော ဘဏ္ဍာရေး ကော်မရှင် အစည်း အဝေး ၌ ပညာရေး အသုံးစရိတ် တိုးမြှင့်ခြင်းနှင့် အတူ အခမဲ့ အလယ်တန်း ပညာရေး ဖော်ဆောင်ရေး အတွက်ပါ ဆွေးနွေးခဲ့ကြကြောင်း ၎င်း၏ ပြောကြားချက်များ အရ သိရသည်။

အဆိုပါ အခမဲ့ အလယ်တန်း ပညာရေးတွင် ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး ကင်းလွတ်ခွင့်များနှင့် ပြဋ္ဌာန်းစာအုပ် အခမဲ့ ဖြန့်ဝေခြင်းတို့ ပါဝင်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းက The Voice သို့ ပြောဆိုသည်။
“မိဘတွေဆီက ပိုက်ဆံ မကောက်အောင် အလယ်တန်း ကျောင်းသားဦးရေအလိုက် ကျောင်းတွေ ကို ထောက် ပံ့ပေးတာ ပါပဲ” ဟု ၎င်းက ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာနက အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေမြဲရန်နှင့် ကျောင်းသား မိဘများ၏ ငွေကြေး စိုက်ထုတ်မှုများ လျော့နည်းစေရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အခမဲ့ မူလတန်းပညာရေးကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် စတင်အကောင် အထည် ဖော်ခဲ့သော်လည်း လက်ရှိ ပညာသင်နှစ်အထိ တစ်နိုင်ငံလုံး လွှမ်းခြုံသောစနစ် မဖြစ်သေးကြောင်း၊ မူလတန်း ကျောင်း ထွက်နှုန်းနှင့် အတူ အလယ်တန်း ကျောင်းထွက်နှုန်းများလည်း မြင့်နေသေးကြောင်း ပညာရေး အသိုင်း အဝိုင်း က ထောက်ပြ ဝေဖန်ကြသည်။

အခြေခံပညာ အလယ်တန်းအဆင့် အတွက် ကျောင်းလခ၊ အားကစားကြေးနှင့် မိဘဆရာ အသင်းကြေး တို့အတွက် ကျပ်ထောင့်ငါးရာမှ ထောင့်ရှစ်ရာအထိ ကုန်ကျပြီး ပြဋ္ဌာန်းစာအုပ် တန်ဖိုးမှာ ကျပ်တစ်ထောင်ေ ကျာ် ဝန်းကျင် ရှိကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment