Wednesday 16 October 2013

အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ

မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့် ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။ ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့် သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။ ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို ၀င်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။

ဒီနေ့ပွဲစဉ်မှာ အင်္ဂလန်အသင်းက အိမ်ရှင်ပီပီ ပိုလန်အသင်းကို အကောင်းဆုံး ဖိအားပေးကစားနိုင်ခဲ့တာပါ။ ပွဲစပြီဆိုကတည်းက အနိုင်ရရှိရေး တရစပ်တိုက်စစ်ဆင်လာပြီး ပထမပိုင်းအတွင်းမှာပင် ထောင့်ကန်ဘော (၁၀)ကြိမ်နီးပါးရရှိခဲ့ပါတယ်။ အထူးသဖြင့် တိုက်စစ်မှုးဖြစ်ကြသည့် ၀ဲဘက် နှင့် စတားရစ်တို့ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးနေမှုကြောင့် စောစောစီးစီးဂိုးမရနိုင်ခဲ့ခြင်းပါ။ ပထမပိုင်းကစားလို့ မိနစ် ၄၁ မိနစ်မှာ ဖြတ်တင်ဘောလုံးကို ရွန်းနေး ကအမိအရ ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပြီး အိမ်ရှင်အသင်း ဗွေဆော်ဦးအနိုင်ဂိုးရရှိခဲ့ပါတယ်။ ပိုလန်အသင်းဘက်ကလည်း တန်ပြန်တိုက်စစ်များဖြင့် အင်္ဂလန်အသင်းကို ခြိမ်းခြောက်ကစားခဲ့ပါတယ်။ အထူးသဖြင့် အင်္ဂလန်နောက်တန်း နှင့် ဂိုးသမား အစွမ်းပြနေနိုင်မှုကြောင့် ချေပဂိုးမရနိုင်ခဲ့ခြင်းမျိုးပါ။ ပွဲချိန် (၈၈) မှာအနိုင်သေချာစေမည့် အဆုံးအဖြတ်ဂိုးကို အင်္ဂလန်အသင်းခေါင်းဆောင် ဂျရတ်က တစ်ကိုယ်တော်ထိုးဖောက်ပြီး လှလှပပ ကန်သွင်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အင်္ဂလန်အသင်း (၂း ၀) ဖြင့်အနိုင်ယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို ယနေ့ညတွင် စပိန်၊ ဘော့စနီးယား နှင့် ရုရှားတို့နှင့်အတူ တိုက်ရိုက်ခြေစစ်အောင်နိုင်ခဲ့ပါတယ်။

ပွဲအပြီးတွင် Man of the match အဖြစ် ရွန်းနေးက သတ်မှတ်ခံရပြီး၊ နည်းပြကြီး ရွိုင်း ဟော့ဆန်ကလည်း အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားဆီသို့ ပို့ဆောင်ပေးနိုင်သည့် (၆) ယောက်မြောက် နည်းပြကြီးဖြစ် ခဲ့ပါသည်။ ပွဲစဉ်အပြီးမှာ ဖီဖာဥက္ကဌကလည်း အင်္ဂလန်အသင်းကို ၁၄ ကြိမ်မြောက် ကမ္ဘာ့ဖလားစင်မြင်ပေါ်သို့ တက်ရောက်လာနိုင်ခြင်းအတွက် တွစ်တာကနေ ဂုဏ်ပြုစကားကိုပြော ကြားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိ ရလဒ်ကောင်းများကြောင့် အင်္ဂလန်အသင်း အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကမ္ဘာ့အဆင့် တက်နိုင်ဖွယ်ရှိပြီး အုပ်စုခွဲဝေမှုမှာ ဦးစားပေးခံရနိုင်ဖို့ မျှော်လင့်ချက် ရှိခဲ့ရပါတယ်။ အင်္ဂလန်အသင်းသည် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် (၁၆) သင်းရှုံးထွက်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီး ဂျာမနီအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ပြန်စော ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်ဇယားများကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဘရာဇီးနိုင်ငံ ကဟီယားပြည် နယ်တွင် ပြုလုပ်မည်ဟုလည်း ကြားသိရပါတယ်။ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ကွာတားအဆင့် ကနေ ဆက်ပြီးလှမ်းမတက်နိုင်သေးတဲ့ ရလဒ်အနေအထားတွေကို ချေဖြတ်နိုင် မလားဆိုတာကို စောင့်ကြည့်အားပေး ရတော့မည် ဖြစ်ပါကြောင်း ရေးသားတင်ဆက်လိုက်ပါတယ်။
Written by မိုးတိမ် (တမာမြေ)

No comments:

Post a Comment