Thursday 7 March 2013

အကူအညီ အထောက်အပံများ အပေါ်မှာသာ ရပ်တည်နေမည် မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးပမ်းသွားမည်



နေပြည်တော် မတ် ၆
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မတ်(၅)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီ(၁၅) မိနစ်တွင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင်ရုံး၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ Mr. Jose Manual Barroso နှင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း နှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးပေါ်လွင်စိန်တို့ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှု အခြေအနေ၊ ထာဝစဉ် တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆေက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့ ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးပိတ်ဆို့မှုများကို အပြီးတိုင်ဖယ်ရှားရေးနှင့် မြန်မာနိုင်ငံအနေဖြင့် GSP(Generalized System of Preferences) အခွင့်အရေး ရရှိရေး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အခြေအနေ နှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပပြီး နိုင်ငံတော် သမ္မတက မီဒီယာများ အား ရှင်းလင်းပြောကြားရာ၌ မိမိတို့ မြန်မာနိုင်ငံ၌ အလွန် အရေးကြီးသော နိုင်ငံ၏ အလှည့် အပြောင်းဟု ဆိုရမည့် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေချိန်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ စတင် ကူးပြောင်းနေချိန်၊ ဗဟိုဦးစီး စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ်သို့ စတင် ကူးပြောင်းနေချိန်၊ ကာလရှည်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးကို ငြှိမ်းပြီးထာဝရ ငြိမ်းချမ်းရေးကို စတင်ဖော်ဆောင်နေချိန်တွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူရသည့်အတွက် အလွန်ပင် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း။

ယခင်ခေတ်များကထက် နိုင်ငံရေးအရ ပိုမိုပွင့်လင်းမြင်သာသော အခြေအနေများ၊ ပိုမိုလွတ်လပ်စွာ ပါဝင် ခွင့်ပြုသည့် အခြေအနေများ ကိုမိမိတို့ အစိုးရအနေဖြင့် ဖန်တီး ဖော်ဆောင်နိုင်ခဲ့ ပါကြောင်း၊ ပြည်သူများ အကြား ကာလရှည်ကြာ လွှမ်းမိုးနေသည့် သမိုင်းနှင့်ချီသော အကြောက်တရားများ ကို လျှော့ ချပေးနိုင် မည့် နိုင်ငံရေးဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးပြီး အားလုံးကိုကိုယ်စားပြုသည့် ထင်သာမြင်သာ ရှိသော နိုင် ငံရေး ဖြစ်စဉ်တစ်ရပ်ကို အစပြုပေးနိုင်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။

လက်ရှိပေါ်ပေါက်နေသည့် နိုင်ငံရေး ဖြစ်ထွန်းမှုများ၏ အဓိကအကြောင်းရင်းများမှာ နိုင်ငံရေးအရ ထိပ်တိုက် ရင်ဆိုင်ပြီး အတိုက်အခံအဖြစ် ရှိခဲ့ကြသော နိုင်ငံရေးအင်အားစုများ အကြား စေ့စပ် ပြေလည်မှုများနှင့် ယုံကြည် မှုများ တည်ဆောက် လာနိုင်ခြင်း၊ မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးအင်အားစု အသီးသီးသည် သမိုင်းကြောင်း အရရရှိရန် ခက်ခဲခဲ့သည့် နိုင်ငံရေးအရသည်းခံနိုင်စွမ်းကို ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် လက်ခံကျင့် သုံးလာကြခြင်းနှင့် နိုင်ငံသားများသည် နိုင်ငံရေး ဖြစ်စဉ် အတွင်း ငြိမ်းချမ်းစွာ ပါဝင်လာကြခြင်း တို့ပင် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အပေါ် နိုင်ငံတကာ အသိုင်း အဝိုင်း၏ အားပေး ထောက်ခံမှုနှင့် ယုံကြည်မှုများကလည်း ယခုလိုနိုင်ငံရေး အပြောင်းအလဲများ ဖြစ်ထွန်း ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း။

နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများ ရှိသကဲ့သို့ ပြုပြင်ပြောင်းလဲရေးကာလတွင် မလွဲမရှောင်သာ ပွတ်တိုက် မှုများ၊ တင်းမာမှုများနှင့် ဆန့်ကျင်မှုများလည်း ကြုံတွေ့ခဲ့ရ ပါကြောင်း၊ အပြောင်းအလဲကာလတွင် အခက် အခဲနှင့် စိန်ခေါ်မှုများ မလွဲမသွေ ကြုံတွေ့ရနိုင်သည်ကို နားလည်ထားပါကြောင်း၊ တစ်ချို့ အခက်အခဲ များ သည် ဖြတ်ကျော်နိုင်ရန် အလွန်ခက်ခဲသည်ကို သိရှိထားပါကြောင်း၊ ယင်းအခက်အခဲများ၊ စိန်ခေါ်မှုများကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းပြီး ကြံ့ကြံ့ခံ ရင်ဆိုင်သွားနိုင်ကြလိမ့်ဟု ယုံကြည် ပါကြောင်း။

လက်ရှိအချိန်တွင် မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်၌ အဆင်းရဲဆုံးနိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်နေ ပါသေးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်းများစွာ အထီးကျန် ဆန်ခဲ့ရသည့် မိမိတို့နိုင်ငံသည် အသွင် ကူးပြောင်းရေးကာလတွင် လိုအပ်သော လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည်၊ အင်စတီကျူး ရှင်းများ နှင့် နည်းပညာများ အားနည်းလျက် ရှိပါကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ကို နောက်ပြန်လန်ကျ သွားစေနိုင်သော စိန်ခေါ်မှုများ ရှိလာသည့်တိုင် မိမိတို့အနေဖြင့် ရှေ့ကို သာ ဆက်လက် ချီတက်သွားရန် ရဲရဲဝံ့ဝံ့ ဖော်ဆောင်သွားမည် ဆိုသည်ကို ကတိပြုနိုင်ပါကြောင်း၊ မိမိတို့ ပြည်သူများ ၏ အလိုလားဆုံးဖြစ်သည့် ပြည်သူများနှင့်လည်း ထိုက်တန်သော၊ ဒီမိုကရေစီထွန်းကားပြီး တည်ငြိမ်အေး ချမ်းသော လူ့အဖွဲ့အစည်းဖြစ်စေရန် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်များ၏ အခန်းကဏ္ဍ စသည်တို့အပေါ်၌သာ အာရုံစိုက်ပြီး အသားပေး ပြော ဆိုနေကြခြင်းများ ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် ယင်းကိစ္စများထက် သာမန်ပြည်သူ တစ်ဦး၏ အခက်အခဲနှင့် အကျပ် အတည်း များမှ လွတ်မြောက်ပြီး ပိုမိုကောင်းမွန် သာယာသော ဘဝများ တည်ဆောက်နိုင်ရေးနှင့် လူတန်းစေ့ ဘဝ ရပ်တည်နိုင်ရေးအတွက် ဦးစားပေး အာရုံစိုက်ပါကြောင်း၊ မိမိဆိုလိုသည့် သာမန်ပြည်သူ ဆိုသည်မှာ ပညာရေး ချို့တဲ့မှုကြောင့် ကာယကို အသုံးပြုပြီး ဝင်ငွေရှာရသော ထွန်ယက် စိုက် ပျိုးစားသောက် ရန်အတွက် လယ်မြေတစ်ကွက်တောင် မပိုင်ဆိုင်နိုင်ဘဲ အကြွေးနွံနစ်ပြီး မိသားစု ကိုဝ လင်အောင် မကျွေးနိုင်သည့် မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများကိုစွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံများတွင် နှစ်ပေါင်း ရှည်ကြာ အလုပ်လုပ်ကိုင်နေကြသော လုံလောက်သည့် ကျန်းမာေ ရးစောင့်ရှောက် မှု၊ ရေေ ကာင်း ရေသန့်နှင့် လျှပ်စစ်မီးစသည်တို့ကို မရရှိနိုင်သေးသော သန်းပေါင်းများစွာသော ပြည်သူများကို ရည် ညွန်းခြင်း ဖြစ်ပါကြောင်း။

မိမိတို့အစိုးရ တာဝန်ယူခဲ့သော နှစ်နှစ်တာကာလအတွင်း မြန်မာ့လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာလာရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ပါကြောင်း၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အကြောက်တရားများ ပပျောက်အောင် ဆောင်ရွက်နေခြင်း ဖြစ်သည့် အပြင် နိုင်ငံရေးလွတ်လပ်မှုကို အာမခံချက်ပေးနိုင်သည့် မူဘောင်များကိုလည်း ဖန်တီးဖော်ဆောင်နေခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်း အလဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အပြန်အလှန် ထိန်းကျောင်းမှုများ ပါဝင်သည့် အုပ်ချုပ်မှု၊ လွှတ်တော် များ၊ တရားရေးမဏ္ဍိုင်၊ နိုင်ငံရေးပါတီများ၊ လွတ်လပ်သော သတင်းမီဒီယာ အစရှိသည့် အင်စတီကျူး ရှင်းအသစ်များကို ပုံဖော်ဖန်တီးနိုင်ခဲ့ပြီး ဖြစ်သော်လည်း လက်တွေ့လိုက်နာ ကျင့်သုံးမှုများ မရှိလျှင် ဒီမို ကရေစီ ရင့်ကျက်လာမည် မဟုတ်သည့်အတွက် မိမိတို့အနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်း ရှည်ကြာ ပျောက်ဆုံးခဲ့သည့် ဒီမိုကရေစီနည်းကျ အတွေးအခေါ်များ ပြန်လည် ထွန်းကားလာစေရန် လှုပ်နှိုးနေ ရသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများ အားကောင်းမောင်း သန် ဖြစ်ပေါ်လာရေး ကိုလည်း ဆောင်ရွက်ပေးလျက် ရှိပြီး အဓိကအားဖြင့် မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ထွန်းကား လာရေးအတွက် ကြိုးပမ်းဆောင် ရွက်နေ ပါကြောင်း၊ မိမိအနေဖြင့် ဂုဏ်ယူရဆုံးမှာ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း ဆွေးနွေး ညှိနှိုင်း မှုများဖြင့် အဖြေရှာသော ဓလေ့တစ်ခုကို အစပျိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ဖြစ်ပွားနေသည့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများမှစ၍ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအထိ စားပွဲဝိုင်းတွင် အဖြေရှာနေခြင်းကို လက်တွေ့ တွေ့မြင် နေ ရပြီဖြစ် ပါကြောင်း။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမီးကို အဆုံး သတ်ပြီး ရေရှည်တည်တံ့၍ တရားမျှတမှုရှိသည့် ငြိမ်းချမ်းရေးရရှိရန် အတွက် နိုင်ငံရေးဆွေးနွေး ပွဲများမှ တစ်ဆင့် အားလုံးသဘောတူ လက်ခံမည့် ရလဒ်တစ်ခု ထွက်ပေါ်လာသည်အထိ မဆုတ်မနစ် ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သော ၁၈ လ အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ် အခတ်ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိနေသေး သည့် အဓိက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော KIO အဖွဲ့နှင့် လည်း ဆွေးနွေး ညှိ နှိုင်းမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေပါကြောင်း။

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လက်ရှိရရှိထားသော အောင်မြင်မှုများသည် စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူလို သည့် မိမိတို့ မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒများကြောင့်ပင် ဖြစ်ပါကြောင်း၊ အပစ်အခတ် ရပ်စဲရေး များ မှတစ်ဆင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် လိုအပ်သော နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများ၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို စနစ်တ ကျဆောင် ရွက်နိုင်ရန် သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပါဝင်နိုင်သော ဖြစ်စဉ်တစ်ခုဖြစ်အောင် မူဘောင်များ ချမှတ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း။

ယင်းကို အခြေခံပြီး တိုင်းရင်းသားညီအစ်ကိုများအကြား ကာလရှည်ကြာ သဘောထား ကွဲလွဲမှုများကြောင့် နာကျည်းမှုများ၊ စိတ်ဒဏ်အနာတရဖြစ်မှုများကို ချေဖျက်ပြီး ကွဲပြားမှုများ ရှိ သော်လည်း ခွဲခြားမှုများ မရှိ သည့် အားလုံးပါဝင်သော မြန်မာ့လူ့အဖွဲ့အစည်းသစ် တစ်ရပ်ကို တည်ဆောက်သွားကြရမည် ဖြစ် ပါကြောင်း။

ယခုအချိန်အခါသည် နိုင်ငံရေးဖြစ်ထွန်းမှုများ ရေရှည်တည်တံ့စေရန် ကြိုးစားနေရသကဲ့သို့ တစ်ဖက်က လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန် ပုံဖော်ဖန်တီးနေရချိန် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဆင်းရဲမှု လျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် နိုင်ငံတကာဈေးကွက်နှင့် ပြန်လည် ချိတ်ဆက် နိုင်ရေးတို့တွင် အားလုံး ပါဝင်နိုင်ပြီး ရေရှည်တည်တံ့မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ေ ဆာင်ပေး နိုင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အပေါ် စီး ပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပေးခဲ့သည့်အတွက် အဆွေတော်တို့ကို ကျေးဇူးတင်ရှိ ပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ အနေဖြင့် အကူအညီ အထောက်အပံများ အပေါ်မှာသာ ရပ်တည်နေမည် မဟုတ်ဘဲ ရေရှည်တွင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်သည့် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်အောင် ကြိုးပမ်းသွား မည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် သဘာဝသံယံဇာတများ ကြွယ်ဝပြီး ထိုအရင်းအမြစ်များ၏ အကျိုးကျေှးဇူးများကို ပြည်သူ တိုင်း ခံစားရရှိနိုင်စေရန် စီးပွားရေးပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ တစ်ပြိုင် တည်းမှာပင် နိုင်ငံသားတိုင်း အလုပ်လုပ်ခွင့်နှင့် တန်းရည်ညီမျှ ယှဉ်ပြိုင်နိုင်ခွင့်ရှိပြီး တီထွင်ကြံဆမှုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးသော ဈေးကွက်စီးပွားရေးစနစ် တစ်ရပ်ကို ဦး တည် ကြိုးပမ်းနေပါကြောင်း၊ အသွင်ကူးပြောင်းရေး ကာလတွင် လုပ်ဆောင်လျက်ရှိသော စီးပွားရေး ပြုပြင် ပြောင်းလဲမှုများအတွက် အရည်အသွေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ၊ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများ၊ အခြေခံအဆောက်အအုံ အကူအညီများ၊ ဆင်းရဲနွမ်း ပါးသော ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကိစ္စရပ်များကို အဓိက ထားသည့် အကူအညီများ လတ်တလောတွင် လိုအပ်လျက် ရှိပါကြောင်း၊ အနာဂတ်တွင် ယင်းအကူ အညီများ ထက် နိုင်ငံ၏ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ် နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

ref:Hmuu Zaw

No comments:

Post a Comment