ထူးထူးခြားခြားပဲဗျို့။ ကျုပ်တို့ ရွှေပြည်ကြီးမှာ ချမ်းသာတဲ့သူများကို စစ်ဆေးအရေးယူတော့မတဲ့။ အချိန်တိုတို အတွင်းမှာ အနှီပုဂ္ဂိုလ်တစ်ဦးဟာ ချမ်းသာလာပြီ ဆိုရင် သူ့နောက်ကွယ်မှာ ဘာ လုပ်ငန်းတွေရှိလို့ အဲသလို ချမ်းသာရသလဲဆိုတာကိုစုံစမ်းမှာဖြစ်သတဲ့ဗျ။ အဓိကရည်ရွယ်ချက်ကတော့ ငွေကြေးခ၀ါချတဲ့ လုပ်ငန်းတွေ နဲ့ ဘယ်သူတွေ၊ ဘယ်လုပ်ငန်းတွေဟာ ဆက်စပ်ပတ်သက်နေသလဲဆိုတာကို ဖော်ထုတ်သွားမှာဆိုပဲ။
အင်း.. ထူးလည်း ထူးတဲ့ ရွှေပြည်ပါဗျာ။ ၂၀၁၄ ခု ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ များ စာရင်းထဲနံပါတ် ၁၂ ချိတ်တဲ့ ကျုပ်တို့ရွှေပြည်မှာ အချမ်းသာဆုံးလူသားတွေ ရှိနေတာ မထူးခံနိုင်ပါ ရိုးလား။ ခက်တာက ကျုပ်တို့ လူမျိုးကလည်း ထစ်ခနဲရှိ ‘ကံ’ ဆိုတာကိုသာ ယိုးမယ်ဖွဲ့တတ်ကြတဲ့ စိတ်စွဲ လမ်းမှု ကလည်း ရှိထားတော့ ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာ လူချမ်းသာတွေရှိနေတာကို ပြဿနာလို့ မထင်ခဲ့ကြဘူးဗျ။ သတ္တ၀ါတစ်ခု ကံတစ်ခုဆိုသဟာလို အားလုံးဟာ သူ့ကံနဲ့သူဖြစ်နေတာဆိုပြီး အမှတ် ထားတော့ ခက်သားကလား။
ပြောရဦးမယ်ဗျ။ လူအများစုကတော့ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲနေတယ်။ စားစရာ အာဟာရ မပြည့်မစုံဘ၀နဲ့ သက်ဆိုးမရှည်ရှာ ဖြစ်နေရတယ်။ အဲသလို အချိန်မှာ အချို့သော လူတစ်စု ကတော့ မော်တော် ကား ထည်လဲစီးတယ်။ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ဟိုတယ်ကြီးတွေမှာ စားတယ်။ နား တယ်။ ပြည်သူ လူအများစုက ဆင်းရဲနုံချာလှတဲ့ဘ၀မှာ တစ်နေရာက တစ်နေရာ ကုန်းကြောင်းလျှောက်နေ ရတဲ့ အချိန် ချမ်းသာသူတစ်စုဟာ ရွှေပြည်တစ်ခွင်မှာ ကိုယ်ပိုင်ရဟတ်ယာဉ်တွေနဲ့ စိတ်ထင်ရာ သွားနေနိုင်ကြတယ်ဗျာ။
ဆင်းရဲသား ပြည်သူအများဟာ ဆင်းရဲလွန်းလှတဲ့ ဘ၀မှာ မ၀ရေစာ စားရ၊ ပင်ပင်ပန်းပန်း အသက်မွေး ၀မ်းကျောင်းရတဲ့ ဒဏ်တွေကြောင့် ရောဂါဘယထူပြောနေကြတယ်။ အများစုဟာ သက်ဆိုးမရှည်ရှာဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးသွားကြတယ်။ ဆေးရုံဆေးပေးခန်းလည်း မသွားနိုင်ပါဘူး။ နို့ပေတဲ့ အစောက ဘာမှန်းမသိဘဲနဲ့ ချမ်းသာနေကြတဲ့ လူအချို့ကတော့ နတ်သုဓာ အရသာရှိလှတဲ့ အာဟာရ ဆိုတာကို တစ်နေ့တစ်မျိုးမရိုးနိုင်အောင် စားရတဲ့ဘ၀မို့ အားလုံးဟာ ဆူဖြိုးနေကြတယ်။ စားလွန်းမက စားရလွန်းလို့ စားပိုးနင့်တာမျိုးပဲရှိမယ်။ ကျုပ်တို့သာမန်ပြည်သူများလို အာဟာရမပြည့်လို့ နုံးခွေချည့်နဲ့တော့ မဖြစ်ဘူး။ အဲသလိုအခါမျိုးမှာလည်း သူတို့ဟာ နိုင်ငံရပ်ခြားက ကောင်းပေ့ဆိုတဲ့ ဆေးရုံဆေးခန်းတွေမှာ သွားအနားယူရင်း ဆေးကုနိုင်ကြတယ်ဗျာ။
အရပ်ထဲမှာ မြန်မာ့ဆိုရှယ်လစ်ခေတ်ကို ကောင်းကောင်းမီလိုက်တဲ့ လူကြီးများအကြားမှာ တစ်ခါ တစ်ခါ ပြန်ပြော ရင်း ‘ဟား’ကြတဲ့ ဟာသလေးရှိသဗျ။ တကယ့်အဖြစ်လား၊ ဘာလားတော့ သူတို့လည်း မရေရာ ဘူးဗျ။ အနှီဟာသက ဘယ့်နှာလဲဆိုတော့ တစ်ခါသားမှာ မြန်မာ့ဆိုရှယ်လစ်ပါတီဝင် အကြီးအကဲ တစ်ဦးဟာ ကုလားထိုင်မှာ ထိုင်ရတာကြာလာတော့ ဆီးပူညောင်းညာဖြစ်သတဲ့။ ကုလားထိုင်မှာ ထိုင်ရတဲ့ ကာလကလည်း ကြာဆို အနှစ် ၂၀ေ လာက် ရှိနေမင့်ဟာကိုး။ ၁၉၆၂ခုနှစ်ကတည်းက တိုင်းပြည်ရဲ့ ရှောင် မရရှား မရတဲ့ သမိုင်းပေးတာဝန်ကိုဝင်ပြီးထမ်းထားရတာ၊ အဲဒါ၁၉၈၀ ကျော် လောက်လည်း ကျရော ကုလားထိုင်မှာ ထိုင်ရတာ ရောဂါတွယ်လာတာပေါ့ဗျာ။ ဆီးဝမ်းလေ မမှန်တော့ဘူးတဲ့ဗျ။ ဒါနဲ့ နိုင်ငံ တာဝန်တွေက ခဏနားလိုက်ပါဆိုပြီး အနှီအဘကို တပည့်တွေက ဖျောင်းဖျကြ တယ်။ ဆေးကောင်း ၀ါးကောင်းတွေလည်း ပေးတယ်။ ဒါတွေဒါတွေ သောက်ရင် ပျောက်ပါတယ်။ သာမန် အညောင်းထိုင် တဲ့ ဝေဒနာပါ ဆိုပြီး သမားတော်များကလည်း အစီရင်ခံကြတယ်။
အဲဒါဗျာ အနှီ အဘက လုံးဝလက်မခံဘူးတဲ့ဗျ။ ဆွစ်ဇာလန်က အယ်လ်ဖိုင်း တောင်တန်းကြီးတွေ ကို ငေးရင်း အေးအေးသက်သာ ဆေးကုခံချင်တာတဲ့။ သူ့ရောဂါက ဆီးမသွား၊ လေမလည်ရုံကလေး ပါ။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်စနစ်တောင်မှ လုပ်ထားပြီးမှ သူ့ရောဂါကိုလည်း မြန်မာ့နည်းမြန်မာ့ဟန် ငရုတ်ကောင်းတစ်ပိဿာ ပြာချသောက်ရင် ပျောက်ပါတယ်ဆိုတာ မရဘူး။ သူ့အောက်က ၀န်ကြီးတွေက လည်း ပြောမရတဲ့အဆုံးမှာ လိုက်လျောလိုက်ရတာပေါ့။ ဒါနဲ့ နောက်ဆုံးတော့ ဆွစ်ဇာလန်မှာ ဆေးသွား ကုတာပေါ့။ ဟိုက ဆရာဝန်တွေကလည်း ပြောပါတယ်။ဘာမှ မစိုးရိမ်နဲ့။ အထိုင်များလို့ဖြစ်တာ။ နောင် တိုင်းပြည် ပြန်တဲ့အခါ ကုလားထိုင်မှာ အကြာကြီး မထိုင်ပါနဲ့။ တိုင်းပြည်တွင်း အေးအေးချမ်းချမ်း ရှိတဲ့ နေ ရာလေးတွေဆီ မကြာခဏ လည်ပတ်ပေးပါလို့လည်းအကြံပြုလိုက်သတဲ့။
အနှီခေါင်းဆောင်ကြီး ပြန်လာပြီးတဲ့နောက် လက်အောက် ၀န်ကြီးတွေဟာလည်း အညောင်းထိုင် ဆီး ပူလေချုပ် ဖြစ်တယ်ဆိုပြီး ထစ်ခနဲရှိ ဆွစ်ဇာလန်ပြေး ဆေးသွားကုတော့တာပဲတဲ့။ နောက်ဆုံး ၀န်ကြီး အတော်များများ ဆေးသွားကုလိုက်တာ သိပ်မကြာပါ ဘူး။ တစ်ခါက တွင်းထွက် သံယဇာတများနဲ့ ချမ်းသာ လှတဲ့ တိုင်းပြည်ဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်စာရင်း ထဲမှာ ပါလာတော့သတဲ့ဗျာ။ ဘာကြောင့်ဆို သူတို့က တိုင်းပြည်ဘဏ္ဍာနဲ့ ဆေးကုနေကြတာကိုးခင်ဗျ။ ပုံပြင်မို့ မယုံချင်လည်း မယုံနဲ့ပေါ့ ဗျာ။ တစ်ခါက ဒေါ်အောင်ဆန်းစုကြည်လည်းသူ့ရဲ့ စနေ၊ တနင်္ဂနွေ ခြံရှေ့မိန့်ခွန်းတစ်ခုမှာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်တစ်ပြည်က နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးဟာ တစ်ပတ်တစ်ခါ နိုင်ငံခြား သွားပြီး ဆံပင်ညှပ်တဲ့အကြောင်း ပြောဖူးထားတာလည်း ရှိပါသေးရဲ့။
ဆိုချင်တာကတော့ဗျာ . . .။ ကျုပ်တို့လို ဆင်းရဲသူအများစုရှိရာ ရွှေပြည်ကြီးမှာ အစောက ပြောတဲ့ ဘီလျံနာ သူဌေး ကြီးများ ရှိနေသေးတာဟာ သာမန်သွေးရိုးသား ရိုးမှ မဟုတ်တာ။ ဒါကို ကြည့်ခြင်းအားဖြင့် အနှီ နိုင်ငံ မှာ တစ်ခုခုလွဲနေပြီဆိုတာ သေချာသဗျ။ ဒါပေတဲ့ အစောက ပြောခဲ့သလိုကျုပ်တို့ သာမန်ပြည်သူ ဆိုတာ ကလည်း ကံကိုယုံသူများဆိုတော့ ဒါဟာ သူ့ရဲ့ အတိတ်ဘ၀ကုသိုလ်က ထောက်ကူမတဲ့အတွက် လက်ရှိဘ၀မှာ ကြွယ်ဝချမ်းသာတာလို့ ထင်နေတာကိုး။ တော်ကြာ အဲသလို ကြီးပွားနေတာကို ကိုယ်တွေကများ သွားပြီး ဘယ့်နှယ်ဘယ်လို ထောက်ပြရင် မနာလိုရာ ကျမှာလည်း ကြောက်တာကိုး။ ဒါ ကြောင့်မို့ ဘာပဲဖြစ်ဖြစ် တရားသဘောနဲ့ မုဒိတာပွားဖို့ပဲ အားသန်ကြတယ်။
ဒီစိတ်ဓာတ်ဟာ ကောင်းပါတယ်။ နို့ပေတဲ့ တစ်ဖက်မှာ မတရားမှုတွေကို လျစ်လျူရှုပေးနေ သလိုလည်း ဖြစ်သွားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ များရာစုဖြစ်တဲ့ ပြည်သူလူထုကြီးဟာ နဖူး ကချွေး ခြေမကျအောင် လုပ်နေရတယ်။ မိုးလင်းမိုးချုပ် အလုပ်နဲ့ လက်ပြတ်တယ်လို့ကို မရှိဘူး။ နို့ပေတဲ့ ဆင်းရဲနေကြတယ်။ အဲဒီအချိန်မှာ လူအချို့တော့ ဘာရယ် မည်မည်ရရ မဟုတ်ဘဲနဲ့ ကြီးပွားလာကြတယ်။ အရှင်မွေး နေ့ချင်းကြီးဆိုတာလို မင်းပေါက်စိုးပေါက်ရောက်အောင်လုပ်နိုင်ပြီဆိုတာနဲ့ ငွေကြေးအသပြာ စီးပွားဥစ္စာဆိုတာ ဒီရေအလားပဲ။
အဲသလို လူတစ်စုထဲမှာ ၀န်ကြီးတွေ ပါတယ်။ အစိုးရ အမှုထမ်းတွေပါတယ်။ သူတို့နဲ့ နှီးနွှယ်ပတ်သက်တဲ့ မိတ်ဆွေသင်္ဂဟတွေ ပါတယ်။ အာဏာရှိမယ်။ လူလည်လုပ်နည်း သိမယ်ဆိုရင် အဲဒီလူတစ်ယောက်ဟာ ကျုပ်တို့ ရွှေပြည်မှာ နေ့ချင်းညချင်း ကြီးပွား နိုင်တာပေါ့။
သူတိုလက်ထဲမှာ ငွေရှိတယ်။ အာဏာရှိတယ်။ ဒါကြောင့် နိုင်ငံရဲ့ အကောင်းဆုံးအခွင့် အလမ်းတွေ ဟာ နောက် ဆုံးတော့ သူတို့အတွက်ပဲ။
ကြားလိုက်ပါသေးရဲ့။ ဟိုတစ်နေ့က သတင်းတစ်ခု ထွက်လာတယ်။ရန်ကုန်မြို့အနောက်ပိုင်းခရိုင်မှာ ဧရာမ လူနေမြို့ ပြ စီမံကိန်းကြီးတစ်ခု အကောင်အထည်ဖော်မယ်ဆိုလား။ ဒီသတင်းကြားတော့ ကျုပ်တို့ သာမန်ပြည်သူတွေ ပျော်မယ်များထင်နေသလား။
နေစရာအိမ်မရှိပေတဲ့ မျှော်လင့်ချက် ရေးရေးလေးတောင်မှ စိတ်ထဲမှာ ပေါ်မလာဘူးဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ကာ သိနေတယ်လေဗျာ။ သိနေတယ်။ ဒါဟာ ငွေရှင် ကြေးရှင် စီးပွားရေးသမား တစ်စုစာရဲ့ လက် ထဲပဲ ရောက်မှာပဲ ဆိုတာ။
ဒါနဲ့ မရှေ့မနှောင်းမှာပဲ ဆက်ကြားရပါသေးတယ်။ အဲဒါကတော့ ကျုပ်တို့ ရွှေပြည်ကြီးမှာတဲ့ တစ်နေ့ကို ငွေ ကျပ် သိန်းပေါင်းတစ်ထောင်နဲ့အထက် ဘဏ်မှာ အပ်နေတဲ့သူက လူပေါင်း တစ်ထောင်လောက်ရှိဆိုပဲ။ ကဲ . . .ကိုယ့်လူများ ဘာပြောဦးမလဲဗျာ။ ကမ္ဘာ့ဘဏ်ပဲ မျက်စိမှောက်ကာ အတွက်အချက်မှားတာပဲလား မသိ ဘူး။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံမှာ ဘဏ်ထဲကို နေ့တိုင်း သိန်းတစ်ထောင်လောက် အပ်နေတဲ့သူက လူတစ်ထောင်ဆိုတော့ ဘယ်နေရာမှာ ဘာတွေ လွဲနေသလဲဆိုတာ ကျုပ်တို့ ဆန်းစစ်ကြည့်မှ တော်မယ်။
အခုန အိမ်ရာ စီမံကိန်းကို အထက်ပိုင်းလူတွေကြားမှာ နှစ်များစွာ အတွင်းကျိတ် စီစဉ်လာပြီး ပြည်သူ အကြား ဘွားခနဲ ချပြလိုက်တဲ့အတွက် လွှတ်တော် အမတ်အချို့လည်း မျက်လုံးပြူး သွားတယ်ဆိုပဲ။ သူတို့မှ မသိလိုက်ရဘဲကိုး။ သြော် ..လွှတ်တော် အမတ်ဆိုတာလည်း ရုပ်ရှင်ထဲက ရဲတွေလိုပါပဲလား။ ပွဲပြီးပြီဆိုမှ သူတို့ခမျာ သိရရှာတာ။ ကျုပ်တို့ပြည်သူကတော့ မိအေးဆယ်ခါ၊ ဆယ့်ငါးခါ နာခဲ့ပြီးသူတွေဆိုတော့ ကျပ် ဘီလီယံ ခုနစ်ထောင်နဲ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံလောက် ကုန်မယ်ဆိုတာလည်း ရင်မခုန်ပေါင်ဗျာ။ တော်ကြာ တန်ဖိုးနည်းအိမ်ရာ ဆိုသဟာတွေလို နောက်ဆုံးတော့ငွေကြေးရင်းနှီးမြှုပ်နှံ သူတွေ လက်ထဲရောက်ပြီး ဆင်းရဲသားက လမ်းဘေးမှာ တဲထိုးနေရတဲ့ ဘ၀က ဘ၀ပဲ ဖြစ်နေဦးမှာဆိုတာ သိနေပြီးသားမင့်ဟာ။
အခုတော့ ပြီးခဲ့တဲ့ မတ်လအတွင်းက အသစ်ပြဋ္ဌာန်းလိုက် တယ်ဆိုတဲ့ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေ ကို အတည်ပြုပြီး နောက်ပိုင်းတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေဟာ ငွေ ပမာဏ သိန်း တစ်ထောင်နဲ့ အထက်အပ်နှံတာ ဘာညာ ရှိလာတဲ့အခါ ဆိုင်ရာစစ်ဆေးရေးအ ဖွဲ့ကို သတင်းပို့ရမယ်လို့ ဆိုတယ်။ အထက်မှာ ဘစီတို့ အစီရင်ခံခဲ့သလို နောက်ဆုံးသတင်းတွေအရ ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေး အဖွဲ့ကလည်း ဟောဒီ ရွှေပြည်မှာ အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာလာ သူတွေရဲ့ နောက်ကွယ်မှာ ဘာလုပ်ငန်းတွေ လုပ်နေသလဲဆိုတာ စုံစမ်းသွားတော့မှာ ဖြစ်ပါသတဲ့ဗျာ။
ဒါကြောင့် ပြောတာ။ သိပ် ကောင်းတဲ့အစီအစဉ်ပါလို့။ ရွှေပြည်ကြီးမှာ မွန်သူဌေး ဦးနာအောက်တို့လို၊ ကျွဲကျောင်းသားဘ၀ကနေ ဘဏ်သူဌေးတက်ဖြစ် လာတယ်ဆိုတဲ့ ရခိုင်အမျိုးသား ရဲကျော်သူတို့လို၊ တက္ကစီထောင်ပြီး ကြီးပွားသွားတဲ့ ပဲရော့ဦးဆန်နီတို့လို၊ ယောဂီသွေးဆေးနဲ့ သူဌေးဖြစ်တဲ့ ယောဂီဦးတင် တို့လို၊ နဂါးဆေးပေါ့လိပ်ပိုင်ရှင် နဂါးဒေါ်ဦးတို့လို ကိုယ့်ခွန်ကိုယ့်အားနဲ့ ကြိုးစားပြီး သူဌေးဖြစ်တဲ့သူတွေ တစ်ခါက ရှိခဲ့ဖူးပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင် ရဟတ်ယာဉ်နဲ့ဘာနဲ့ စမတ်ကျကျ ဖြစ်နေကြတဲ့ သူဌေးကြီး တချို့ရှိပါတယ်။ သူတို့ ဘယ်လိုကြီးပွား လာကြသလဲဆိုတာ ကျုပ်တို့ သိရရင် ကောင်းတာပေါ့ ခင်ဗျ။
နောက်ပြီး ကျုပ်တို့ အစိုးရအဖွဲ့ထဲမှာ ငွေကြေးပြည့်စုံပြီး လုပ်ငန်းရှင်တစ်ပိုင်း ဖြစ်နေကြတဲ့ ၀န်ကြီးများကို လည်း ထူးဆန်းစွာတွေ့နေရတယ်။ ဒီလောက်အလုပ်များတဲ့ ၀န်ကြီးအချို့ခမျာ တစ်ချိန်တည်းမှာ စီးပွားရေး အလုပ်ကိုပါ ကြီးပွားအောင် လုပ်နိုင်တာ အံ့စရာတစ်ပါးပါ။ ၀န်ကြီးလစာကို အရင်းတည်ကာ ဆွေစဉ် မျိုး ဆက် တစ်သက်စားမကုန် ပြည့်စုံကုံလုံနေပုံဟာ ဥရုဂွေးက ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဘွဲ့ရထားတဲ့ သူကြီး ကို လက်ဆွဲပြီးပြချင်စရာ။ ခမျာ ကြီးပွားအောင်မှ မလုပ်တတ်ရှာတာကိုး။
ကျုပ်တို့ အိမ်နီးချင်း ပေါက်ဖော်ကြီးတို့ တိုင်းပြည်မှာတော့ မော်စီတုံးအလွန် အာဏာရလာ တဲ့ တိန့်ရှောင် ဖိန်က ‘ချမ်းသာတာအလှ’ လို့ ပြောပြီး နိုင်ငံပိုင် ချုပ်ကိုင်ထားတဲ့ စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးကို သွားဖို့ သူ့နိုင်ငံသားတွေကို တပ်လှန့်ခဲ့တယ်။ အဲဒီနောက်ပိုင်း ပေါက်ဖော်ကြီးများ ချမ်းသာသွားပုံဟာ ကိုယ့်လူများ မြင်တဲ့အတိုင်းပဲ။ ကဲ.. ကျုပ်တို့ ရွှေပြည်ကြီးမှာကောဗျာ။ ကမ္ဘာကရင်သပ်ရှုမောရတဲ့ သူဌေး ကြီး များ ရှိပေတဲ့ နိုင်ငံသားအများစုက ဆင်းရဲနေတော့ကာ သူတို့ရဲ့ ချမ်းသာမှုဟာ လှပတယ်လို့ ဆိုနိုင်ပါ့မလားခင်ဗျ။ လူတစ်ယောက်ကချမ်းသာပြီး လူတစ်ရာက ငတ်နေတယ်ဆိုရင် အနှီချမ်းသာမှုဟာ တစ်ခုခု လွဲနေလို့ပေါ့ဗျာ။ ဒီအခါချမ်းသာတာဟာလည်း အပြစ်တစ်ခု ဖြစ်နိုင်တာပဲဟာ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါ သည်။)
7Day DAILY
No comments:
Post a Comment