ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းခြင်း၊ အမိန့်ကြေညာစာ (အမှတ်- ၄၃/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊
နယုန်လပြည့်ကျော် ၂ ရက် (၂၀၁၂ ခုနှစ်၊ ဇွန်လ ၆ ရက်) တွင်
ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်အနေဖြင့်
ဒီမိုကရေစီလူ့ဘောင်သစ်သို့ ရောက်ရှိစေရန် နိုင်ငံရေးနှင့်
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးနေသကဲ့သို့
နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာရေး
အတွက်ကိုလည်း အဆင့်ဆင့်လေ့ကျင့်ပေးလျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်း၌
၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်
ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် အုပ်စုဖွဲ့၍
ဥပဒေမဲ့ပြုမူဆောင်ရွက်မှုများ၊ မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စုဖွဲ့
ရိုက်နှက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များအပေါ်
ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးတို့အတွက်
(၁) ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)-
ဥက္ကဋ္ဌ၊ (၂) ရဲမှူးချုပ်ဇော်ဝင်း (ဒုတိယရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့)-
ဒုတိယဥက္ကဋ္ဌ၊ (၃) ဦးစံရွှေမောင် (ပြည်နယ်ဥပဒေအရာရှိ၊ ရခိုင်ပြည်နယ်)-
အဖွဲ့ဝင်၊ (၄) ရဲမှူးကြီးမျိုးဆွေဝင်း (ပြည်နယ်ရဲတပ်ဖွဲ့မှူး၊
ရခိုင်ပြည်နယ်)- အဖွဲ့ဝင်၊ (၅) ဦးကျော်ခင် (ညွှန်ကြားရေးမှူး၊
ရခိုင်ပြည်နယ်)- အဖွဲ့ဝင်၊ (၆) ဦးအောင်မျိုးကျော် (ဒုတိယညွှန်ကြားရေးမှူး၊
ရခိုင်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန)- အဖွဲ့ဝင်၊ (၇)
ဦးလင်းကိုကို (ခရိုင်အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင်)- အဖွဲ့ဝင်၊ (၈)
ဦးရန်လင်းအောင် (ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျောက်ဖြူခရိုင်)- အဖွဲ့ဝင်၊ (၉)
ဦးဦးထွန်းဝေ (ခရိုင်အုပ်ချုပ်ရေးမှူး၊ သံတွဲခရိုင်)၊ (၁၀)
ဒုတိယရဲမှူးကြီးဆန်းလွင် (ခရိုင်ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင်)- အဖွဲ့ဝင်၊
(၁၁) ဒုတိယရဲမှူးကြီးစံရွှေမောင် (ခရိုင်ရဲတပ်ဖွဲ့မှူး၊ ကျောက်ဖြူခရိုင်)-
အဖွဲ့ဝင်၊ (၁၂) ဒုတိယရဲမှူးကြီးကျော်တင့် (ခရိုင်ရဲတပ်ဖွဲ့မှူး၊
သံတွဲခရိုင်)- အဖွဲ့ဝင်၊ (၁၃) ဦးခင်မောင်လှ (ခရိုင်ဥပဒေအရာရှိ၊
စစ်တွေခရိုင်)- အဖွဲ့ဝင်၊ (၁၄) ဦးစောမြ (ခရိုင်ဥပဒေအရာရှိ၊
ကျောက်ဖြူခရိုင်)- အဖွဲ့ဝင်၊ (၁၅) ဒေါ်လှကြည် (ခရိုင်ဥပဒေအရာရှိ၊
သံတွဲခရိုင်)- အဖွဲ့ဝင်၊ (၁၆) ဦးဇော်သိန်း (ပြည်နယ်အုပ်ချုပ်ရေးမှူး၊
ရခိုင်ပြည်နယ်)- အတွင်းရေးမှူး စသည့်အဖွဲ့ဝင်များ ပါဝင်သော
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့သည် (က) မှုခင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ (ခ)
အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊ (ဂ)
အုပ်စုဖွဲ့ကျူးလွန်သူများအား ဦးဆောင်သူများ၊ (ဃ) ပြစ်မှုကျူးလွန်သူများ၊
(င) အခင်းမဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးနောက် ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်နိုင်မှု အခြေအနေ၊ (စ)
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်၊ (ဆ) စုံစမ်းစစ်ဆေးရေးအဖွဲ့၏
သုံးသပ်ချက်နှင့် အကြံပြုချက် စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖြစ်မှန်
စုံစမ်းဖော်ထုတ်ရန် ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖြစ်ရပ်မှန်
ပေါ်ပေါက်စေရေးအတွက် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို
၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံသို့
တိုက်ရိုက်တင်ပြ အစီရင်ခံရမည်ဟု ထုတ်ပြန်ထားကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၇
ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From: ခေတ်လူငယ်