(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တယ်ဗျာ။ ပြည်သူလူထု ဆိုတာ အားလုံး သိကြတဲ့ အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက် ခံယူချက်ပေါင်းစုံ၊ ရည်ရွယ်ချက် မျှော်မှန်းချက် ပေါင်းစုံ၊ နောက်ခံ ကားပေါင်းစုံ ရှိကြတဲ့ လူတွေ ပါဝင်တယ်ဗျ။ အဲဒီလို လူပေါင်းစုံကို ကိုယ်စားပြု နိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိက ထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲ ဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာ စကားချင်း၊ ယုံကြည်မှုချင်း မတူတဲ့ အခြားသူတွေ အပေါ် စိတ်ရှည် သည်းခံမှု မရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါတယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ် လောင်လောင် အော်ဟစ် နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့် ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။
တစ်ရောင်တည်းခြယ်မဟုတ်
သမိုင်း အဆက်ဆက် ပန်းချီ ဆရာကျော်ကြီးတွေရဲ့ သမိုင်း တင်လောက်တဲ့ ဘယ်ပန်းချီကားမှ ဆေးရောင် တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်သွင်းပေါင်းစပ် ဖွဲ့စည်းရေးဆွဲ ထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီ ဆိုတာလည်း 'မတူကွဲပြား ခြားနားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု' (Unity of Diversities) ဖြစ်တယ်ဗျ။ 'ငါနဲ့မတူ ငါ့ရန်သူ' အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြို လှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ 'ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ' ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီ ဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။