မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးပြင်ဆင်မှုတွေ အသားစီးယူ လုပ်ဆောင်နေ တာဟာ လက်ရှိလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု ရှိမရှိ သံသယဖြစ် လာနေရတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ယူအန်အက်ဖ်စီ ကြေညာချက်မှာတော့ မြန်မာအစိုးရတပ် တွေက ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်တွေမှာ စစ်ရေးတွေ စဉ်ဆက် မပြတ်လုပ်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ တခြား တိုင်းရင်သား ပြည်နယ်တွေမှာလည်း စစ်ရေးပြင်ဆင်မှုတွေကို အသားစီးယူ လုပ်ဆောင်နေတာတွေ ကို ထောက်ပြပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သံသယဖြစ်လာ နေတယ်တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တန့်သွားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ငြိမ်းချမ်းတဲ့နည်း နဲ့ ညှိနှိုင်းအဖြေရှာဖို့တိုတွန်းထားတယ်လို့ ယူအန်အက်ဖ်စီရဲ့ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ပြောပါတယ်။
“မကြာသေးခင်ကလည်း ကြေညာချက်တစောင်ထွက်ပါတယ်။ အဲဒီ ကြေညာချက်မှာ ကျနော်တို့က အစိုးရကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ကျနော်တို့ တိုက်တွန်းထား တာ ရှိပါတယ်။ အဲဒီ ထုတ်ပြန်လိုက်တဲ့ကျနော်တို့ ကြေညာချက်ကို အခြေပြုပြီးတော့ အခုဆက်ပြီးတော့ ကျနော်တို့ သုံးသပ် မှုတွေ လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ တောင်းဆိုမှုဟာ ကနေ့အထိ အစိုးရဖက်က သိသာမြင် သာတဲ့ အရေးယူဆောင်ရွက်မှုတွေ ကျနော်တို့ မတွေ့ရသေးလို့ပါ။ တခါ ကျတော်တို့ သတင်းတွေ နဲ့ အမျိုးမျိုး ကြားတယ်ပေါ့နော်။ ဥပမာ ကာချုပ်က အမြင်အမျိုးမျိုးနဲ့ ပြောဆိုနေတာ ကြားရ တယ်။ နောက်အစိုးရဖက်ကလည်း ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးတွေ ပြောနေ တာကို ကျနော်တို့ ကြားရတဲ့အပေါ်မှာ ပိုပြီး စိုးရိမ်မှုတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှု ရပ်တန့်သွားမှာကို ကျနော်တို့ဖက်က စိုးရိမ်ပါတယ်။ ဒါကို အစဉ်အဆက်မပြတ် သွားစေချင်တာပါ။ ”
ဒါ့အပြင် မြန်မာပြည်နဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေနဲ့ တိုင်းရင်း လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခြေအနေနဲ့ လက်ရှိ လုပ်ဆောင် နေတဲ့ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု အခြေအနေတွေကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့လည်း ယူအန်အက်ဖ်စီရဲ့ ထုတ်ပြန်ချက် ဖော်ပြထား ပါတယ်။
ယူအန်အက်ဖ်စီဟာ ၂၀၁၁ ခုနှစ်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါ တယ်။ သူတို့ရဲ့ ပထမဆုံး ညီလာခံပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ ကျင်းပပြီးစီး သွားခဲ့ပြီးနောက် အဲဒီ ညီလာခံကနေ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက ယာယီ နှုတ်ထွက်ထားပါတယ်။
DVB
No comments:
Post a Comment