Tuesday 13 January 2015

ကေတုမတီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း ဒေသခံပြည်သူများ ကန့်ကွက်

CB ဘဏ်ဥက္ကဋ္ဌနှင့် ကေတုမတီကုမ္ပဏီဥက္ကဋ္ဌ ဦခင်မောင်အေးက ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်ငူမြို့ရှိ ကေတုမတီစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများက ကန့်ကွက်မှုများလည်း ရှိနေကြောင်း သိရသည်။

“စက်မှုဇုန် ဥယျာဉ်မြို့တော်တွေ လုပ်မယ် ဆိုတာတော့ သိပါတယ်။ စက်မှုဇုန်မှာ ဘာတွေထည့်ပြီး တည် ဆောက်မယ် ဆိုတာ မသိရဘူး။ ပြီးတော့ စက်မှုဇုန် ထောက်ခံပွဲလိုလို၊ သမ္မတ ထောက်ခံပွဲလိုလို ပြည်သူ တွေ ထင်ယောင် ထင်မှားအောင်လည်း လုပ်ဆောင်သွားတယ်။ လာတဲ့သူတွေကို ထမင်းကျွေးတယ်။ လူတယောက်ကို ကျပ် ၃ ထောင် ပေးတယ်လို့ ပြန်ကြားရတယ်။ ပွင့်လင်းမှု မရှိဘူး။ ဒါကြောင့် ကန့်ကွက် ကြတာ” ဟု တောင်ငူမြို့ ဒေသခံတဦး ဖြစ်သည့် ဦးသန်းဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ စက်မှုဥယျာဉ်မြိုတော် စီမံကိန်း ဆောင်ရွက်ရန် တောင်သူလယ်သမားများထံမှ လယ်ယာမြေများ ဝယ်ယူရန် လုပ်ဆောင်နေကြကြောင်း၊ စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူများ မသိရှိသေးကြောင်းနှင့် ဒေသခံ လယ်သမားများ လယ်မြေ မဆုံးရှုံးရန်အတွက် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု တောင်ငူမြို့နယ် တောင်သူလယ်သမားပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။

“စက်မှုဇုန် လုပ်လာပြီဆိုရင် လယ်သမားတွေ အတွက် လယ်လုပ်ခွင့် ရှိတော့မှာ မဟုတ်ဘူး။ လယ်တွေ အသိမ်းခံရမယ်။ ဇုန်တွေထဲကို ထင်းခုတ်၊ ဝါးခုတ်တောင် လုပ်လို့ရမှာ မဟုတ်ဘူး။ ဆုံးရှုံးမှုတွေ အများကြီး ရှိလာမယ်။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်တာ” ဟု ဦးသိန်းဆွေက ဆိုသည်။

ကေတုမတီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း ဆောင်ရွက်ပါက စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်း များလာမည်ဟု ဆိုသော်လည်း အသက် ကန့်သတ်ခြင်း၊ ပညာအရည်အချင်း ကန့်သတ်ပြီးမှသာ အလုပ်ခန့်မည် ဖြစ်ခြင်းတို့ကြောင့် လက်ပံတောင်းတောင်ကဲ့သို့ ပြဿနာတူ ပုံစံမျိုး ဖြစ်လာနိုင်သည့် အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကေတုမတီ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန် အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ တခုတည်ထောင်ပြီး အစုရှယ်ယာ တစုလျှင် ငွေကျပ် ၁ သောင်းနှုန်းဖြင့် ရောင်း ချရန် သတ်မှတ်ထားကြောင်း၊ အဆိုပါ စီမံကိန်းသည် ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကေတုမတီ စက်မှုဥယျာဉ်မြို့တော် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဘဆွေက ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ဆန္ဒ ခံယူပွဲတွင် ပြောဆိုသည်။ 

စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် မြေယာများ ဝယ်ယူစုဆောင်းလျက် ရှိပြီး လက်ရှိတွင် မြေဧက ၃၀၀၀ ကျော်ကို ကာလပေါက်ဈေးဖြင့် တိုက်ရိုက် ဝယ်ယူထားကြောင်း၊ မရောင်းချလိုသည့် လယ်ယာမြေများကို အတင်းအကျပ် ဝယ်ယူခြင်း မပြုဘဲ ချန်ထားမည် ဖြစ်ကြောင်းနှင့် ၂၀၁၅ ခုနှစ်အတွင်း လုပ်ငန်း စတင် ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး ကေတုမတီ ကုမ္ပ္ပ္ပဏီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ကျနော်တို့ အခုမှ မြေဝယ် ယူမှု လုပ်နေတာပါ။ မြေဝယ်ယူတဲ့ နေရာမှာလည်း လယ်သမားတွေကို ဖိအားပေးပြီး ဝယ်ယူတာတွေ မလုပ်ပါဘူး။ သူတို့ ရောင်းချင်တယ်ဆိုမှ ဝယ်မှာပါ။ စီမံကိန်းမှာ ဟိုတယ်တွေ၊ လက်ကား ဈေးဆိုင်တွေ ပါပါတယ်။ ဒီစီမံကိန်းက တောင်ငူဒေသခံတွေ၊ လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်တဲ့သူတွေအတွက် အလုပ်အကိုင် ရရှိလာမှာပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် လုပ်ဆောင်သွားမှာပါ ” ဟု ဧရာဝတီသို့ ပြောသည်။

ဇန်နဝါရီ ၈ ရက်က တောင်ငူမြို့နယ်ပိုင် စက်မှုဥယျာဉ် တည်ထောင်မည့် ရန်ကုန်-နေပြည်တော် လမ်းမကြီး မိုင်တိုင် ၁၅၂ တွင် ကေတုမတီ ကုမ္ပဏီက ဦးဆောင်ပြီး ကေတုမတီ စက်မှုဥယျာဉ်မြို့တော် ဖြစ်မြောက်ရေးအတွက် ပြည်သူ့ ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ပွဲသို့ ဒေသခံ ပြည်သူများ ထောင်ချီလာရောက်ကြောင်း သိရသည်။

တောင်ငူမြို့ နေပူကုန်း ကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ အရွယ်ရှိ အိမ်ထောင်ရှင်မ တဦးက “စက်မှုဇုန်လုပ်မယ် ဆိုတာ မသိဘူး။ သမ္မတ လာမယ်ဆိုပြီး ရပ်ကွက်တွေမှာ လော်စပီကာနဲ့ အော်ခေါ်လို့ ရောက်လာတာ။ ဒီရောက်တော့ ရေသန့်ဗူး၊ အချိုရည်နဲ့ မုန့်တွေပါတဲ့ အထုပ်ပေးပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ဟောပြောပွဲက တခါမှလည်း မကြားဖူးဘူးလေ။ လာရမယ်ဆိုတော့လည်း လာလိုက်တာပါပဲ” ဟု ဧရာဝတီကို ပြောသည်။

ထိုသို့ ဆန္ဒခံယူပွဲ ကျင်းပသည့်ရက်တွင်ပင် တောင်ငူဒေသခံ ပြည်သူ တထောင်ကျော်က စီမံကိန်းအား ကန့်ကွက်သည့်ပွဲကို တောင်ငူမြို့ထဲ၌ပင် လှည့်လည် ဆန္ဒပြသခဲ့သည်ကို တွေ့ရသည်။ 

ဧရာဝတီ

No comments:

Post a Comment