Tuesday 21 October 2014

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ်များရေချပွဲကျင်းပ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဝယ်ယူထားသော အမြန် ရေယာဉ် နှစ်စင်းနှင့် ကင်းလှည့်ရေယာဉ် တစ်စင်းတို့အား ရေချပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး အနီး ဆိပ်ခံတံတား၌ ကျင်းပရာ အခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရေယာဉ် လုပ်သားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်စဉ်နှင့် ဘေးအန္တရာယ် ကျရောက်မှုတွင် ရှာဖွေ ကယ်ဆယ်ခြင်း၊ ထောက်ပံ့ခြင်း လုပ်ငန်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရေယာဉ်များကို ဝယ်ယူခြင်း ဖြစ်ကြောင်း၊
ကျန်းမာရေးကိစ္စများ အပြင် အခြား အထွေထွေ ကိစ္စရပ်များ အတွက်ပါ ဆောင်ရွက်ရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် Light of Time Managing Director က အမြန်ရေယာဉ် နှစ်စင်းနှင့် သက်ဆိုင်သည့် အထောက်အထား စာရွက်စာတမ်းများအား လည်းကောင်း၊ ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ကင်းလှည့်ရေယာဉ် တစ်စင်းနှင့် သက်ဆိုင်သော စာရွက် စာတမ်းများအား လည်းကောင်း ပြည်နယ် ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့သည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က အမြန် ရေယာဉ်များအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အမြန်ရေယာဉ်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment