ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြ သည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ် ၍ ဖြစ် ပါသည်။
လက်တွေ့ကျကျ မွန်ဘုရင် ဓမ္မစေတီမင်းကြီး သွန်းလောင်းတော်မူခဲ့သည့် ဓမ္မစေတီခေါင်းလောင်း စစ်စစ် ကိုပြပါ ဆိုလျှင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အင်္ဂါထောင့်(အရှေ့ထောင့်) ရှိ ခေါင်းလောင်းကြီးကိုပဲ ညွှန်ပြလိုပါသည်။ ထိုခေါင်းလောင်းကြီးသည် သက္ကရာဇ် ၈၃၃-ခုနှစ်တွင် ဓမ္မစေတီမင်း ဟံသာဝတီထီးနန်းကို စိုးစံပြီးနောက် သွန်းလောင်းခဲ့ကြောင်း ပဲခူးရွှေမော်ဓောသမိုင်း စာမျက်နှာများ၌ ဖော်ပြထားပါသည်။ ရွှေသာလျောင်းသမိုင်းစာအုပ်တွင် ရွှေမော်ဓောရင်ပြင်ရှိ ခေါင်းလောင်း
ကြီး၏ ကြေးပိဿာချိန်မှာ (၇၀၀၀)ရှိကြောင်းနှင့် ယခုဆယ်ယူနေသည့် ခေါင်းလောင်းကြီး၏ ပိဿာချိန်မှာ (၁၀၀၀၀) သာရှိကြောင်း ဖော်ပြ ထားသည်ကို ဖတ်ရှုရပါသည်။
ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းကိုပြောလျှင် ဓမ္မစေတီမင်း ဖြစ်ပေါ်လာပုံကိုလည်း သိဖို့လိုမည်ဟု ထင်ပါသည်။
ဓမ္မစေတီမင်းသည် ထိုခေတ် ဟံသာဝတီ နေပြည်တော်(ယခုပဲခူး မြို့)တွင် မွန်တိုင်းရင်းသား အဖ ဦးဗောဓိကနှင့် အမိ ရှင်မိထပ်တို့မှ သက္ကရာဇ်(၇၇၁) တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ငယ်မည်မင်းထန် ဖြစ် သည်။ အရွယ်ရောက်သော် သာသနာ့ဘောင်ဝင်၍ ရှင်ဓမ္မဓရဘွဲ့တော်ဖြင့် အင်း ၀နေပြည်တော် သို့ စာသင်သွားသည်၊ သူနှင့်အတူ ပဲခူးပုဂံတောင်သား ရှင်ဓမ္မဉာဏလည်း အတူပါသွား သည်။
ထိုအချိန်တွင် နောင် ဟံသာဝတီဘုရင်မကြီးဖြစ်လာမည့် ဗညားထောဘွဲ့ခံ(မွန်လူမျိုးများက ရှင်စောပု ကို စောပို့မယ်ဟု ခေါ်ကြသည်) ရှင်စောပုသည် အင်းဝဘုရင်၏ မိဘုရားအဖြစ် အင်းဝနေပြည်တော် သို့ ရောက်ရှိနေချိန်ဖြစ်သည်။ အင်းဝတွင် လုံးဝမပျော်ပိုက်သဖြင့် ဟံသာ ၀တီ(ပဲခူး)သား ရဟန်းနှစ်ပါးဖြစ် သည့် ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မဉာဏတို့၏ အကူအညီဖြင့် ရှင်စောပုအား ဟံသာဝတီ(ပဲခူး) သို့ ခေါ်ဆောင် လာခဲ့သည်။ ထိုအချိန်ကာလတွင် ရှင်စောပု၏အသက်သည် (၅၃)နှစ်ထဲရောက်ပြီဖြစ် သည်။ ရှင်စောပုကို ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းနှင့် မိဖုရား သုဒ္ဓမာယာတို့မှ သက္ကရာဇ် (၇၅၇)ခုနှစ်၊ တပေါင်းလဆန်း (၁၂)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် ရာဇာဓိရာဇ်မင်း ၏တူတော် သမိန် စည်သူနှင့် လက်ဆက်ခဲ့သည်။ ၎င်းနှင့်သမီး သမိန်တကာတော်နှင့် နှဲတကာသင် သမီးနှစ်ဦး ဗညာဗရူခေါ် သမိန်ဗရူးသား တယောက်ဖွားမြင်သည်။ အသက် (၂၅)နှစ်တွင် သမိန်စည်သူ ကွယ်လွန်ပြီး အင်းဝဘုရင် ဆင်ဖြူရှင်၏မိဖုရားအဖြစ် အင်းဝသို့ပါသွားခြင်းဖြစ်သည်။
သို့ဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြန်ရောက်ပြီး ၈၁၄ ခုနှစ် သက်တော် (၅၃)နှစ်တွင် ဧကရီဘွဲ့ထူးခံ၍ ရှင်စောပု ဘုရင်မကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်မကြီးဖြစ်ပြီးနောက် မိမိအား အင်းဝမှကယ်တင်ခဲ့သော ရဟန်းနှစ်ပါး အနက် ရှင်ဓမ္မဓရအား လူဝတ်လဲစေကာ သမီးတော်နှဲတကာသင်နှင့် လက်ထပ်ပေးကာ ဓမ်္မစေတီ ဘွဲ့ထူးခံ၍ အိမ်ရှေ့ဥပရာဇာအပ်နှင်းလေ သည်။
ရှင်စောပုသည် သက္ကရာဇ် ၈၁၄ မှစတင်နန်းစံခဲ့ပြီး ၈၃၃ ခုနှစ်တွင် သမက်တော် ဓမ္မစေတီမင်းအား နန်းအပ်၍ ရန်ကုန်သို့ကြွ၍ နန်းစံလေသည်။
ဓမ္မစေတီမင်းသည် ရာမာဓိပတိဘွဲ့ခံ၍ ဟံသာဝတီပဲခူးကို အုပ်ချုပ်တော်မူသည်။
ဓမ္မစေတီဟူသည်မှာ (ဓမ္မ)ပိဋကသုံးပုံတရားအဆီအနှစ်တို့ကို သိသောကြောင့် (စေတီ)သည် လူတို့၏ ပူဇော်ရာဖြစ်၍ ဓမ္မစေတီဟုခေါ်သည်။ အဓိပ်္ပါယ်ကား ကျွန်ုပ်သည် ဘုရားရှင်ဟောကြားအပ်သော ဓမ္မပိဋက သုံးပုံ၏ တရားအဆီအနှစ်တို့ကို သိသူဖြစ်သည်။ ထို့ကြောင့် လူတို့ထက် မြတ်ကာ လူတို့၏ပူဇော်ခြင်းငှာ ထိုက်သည်။ ထို့ကြောင့် ဓမ္မစေတီဟုခေါ် ဆိုခြင်းဖြစ်သည်။
ရာမာဓိပတိဆိုသည်ကာ ကုသိမတိုင်း= ပုသိမ်+ ဥက္ကလာပတိုင်း ဟံသာဝတီ မုတ္တမတိုင်းစသည့် မွန်တိုင်း သုံးရပ်ကို တရားနှင့်အညီ အုပ်ချုပ်သောကြောင့် ရာမာဓိပတိ၊ တနည်းအားဖြင့် မွန်တိုင်းအားလုံးကို မင်းကျင့် တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မွန်ဘုရင်တပါးဖြစ်၍ ရာမာဓိပတိခေါ်ဆိုကြောင်း ကလျာဏီကျောက် စာ အခြေပြုရေးသားသည့် ကလျာဏီသိမ်တော်ကြီးသမိုင်းတွင် ဖော်ပြထားပါသည်။
ဓမ္မစေတီမင်းသည် ဗုဒ္ဓစာပေပိဋကအရာတွင် သူမတူအောင် ကျွမ်း ကျင်တတ်မြောက်သလို အင်းအိုင်ဂါထာ မန္တရား အတတ်တွေလည်း အထူး ကျွမ်းကျင်သည့် ဘုရင်တပါးဖြစ်သည်။
ယခု ရွှေမော်ဓောရင်ပြင်တော်ရှိ ခေါင်းလောင်းကြီး၏အတွင်းပိုင်းတွင် အင်းကွက်များကိုတွေ့ရသလို အပြင် ဘက်၌လည်း မွန်-မြန်မာပါဠိ စာများအပြင် ခေါင်းလောင်းအထက်ပိုင်းတွင် အင်းကွက်များကို တွေ့ရ သည်။ ၎င်းခေါင်းလောင်းကြီး၏မျက်နှာဝအကျယ်သည် ၅ ပေ ၁ လက်မ ခန့်ရှိပြီး ခေါင်းလောင်းနှုတ်ခမ်းမှ အပေါ် ဆုံး ချိတ်ကွင်း အထိ ၆ ပေခန့် မြင့်သည်ကို တွေ့ရှိရသည်။ ဓမ္မစေတီမင်းသည် လူတို့၏ပူဇော်ရာဆိုတာ မှန်ပေလိမ့်မည်။ အချို့သော ဘုရားဖူးလာသူများသည် ခေါင်းလောင်းကြီးအား ပူဇော်ကန်တော့ကြသည် ကိုလည်း တွေ့ရသည်။
သက္ကရာဇ် ၈၃၃ ခုနှစ်မှ သက္ကရာဇ် ၈၅၄ ခုနှစ်ထိ (၂၁)နှစ်တိုင် နန်းစံခဲ့သော ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းသည် သူနန်းတက်သည့် အချိန်မှစ၍ ခေါင်းလောင်းများစွာ သွန်းလောင်းခြင်း၊ ကျိုက်ပွန် ဘုရား၊ ရွှေဂူကြီး၊ ရွှေဂူလေးဘုရား၊ ကလျာဏီသိမ်တော်ကြီးနှင့် အခြားသိမ်များ စွာတို့ကို ဆောက်လုပ်၍ ဟံသာဝတီ၌သာ များစွာစိုးစံသည်ကိုတွေ့ရှိရ သည်။ ခေါင်းလောင်းကြီးသည် ဓမ္မစေတီနန်းတက်ပြီး သွန်းလောင်း၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်း လောင်းအစစ် အမှန် ဖြစ်ပါသည်။
သို့ပါ၍ ရွှေတိဂုံစေတီတော်မှ ငဇင်ကာသယ်သွားသည့် ကြေးပိဿာချိန် တသိန်းရှစ်သောင်း ရှိသော ခေါင်းလောင်းကြီးရှိ၏ မရှိ၏၊ ရေထဲကျ၏ မကျ၏၊ ပိဿာချိန်မှန်၏ မမှန်၏တော့ သိလည်း မသိ၍ ဝေလည်းမဝေဖန် လိုပါ။ ဝေဖန်ရန်အတွက်လည်း ဉာဏ်မရှိပါကြောင်း ရိုးသားစွာဝန်ခံပါသည်။

ယခု စာရေးသူတွေ့ရှိရသည့် ပဲခူးရွှေမော်ဓောမှ ခေါင်းလောင်းကြီး သည်ဓမ္မစေတီခေါင်းလောင်း အစစ်အမှန်ဖြစ်ကြောင်း မျက်မြင်ထင်ရှား တွေ့ရှိရ၍ ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဖြစ်ကြောင်း တင်ပြ လိုက်ရခြင်း ဖြစ်ပါသည်။
မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment