မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် အရည်အချင်း ပြည့်မီသောတရားမ၀င် မြန်မာနိုင်ငံသား များအား မလေးရှားအစိုးရက အကူအညီ ပေး မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာ The Star တွင် ဖော်ပြ ထားချက်အရ သိရသည်။
အဆိုပါ အကူအညီပေးမည့် အစီအစဉ်သည် မလေးရှားနိုင်ငံ ပြည်ထဲရေး ၀န်ကြီး Datuk Seri Dr Ahmad Zahid Mamidi နှင့် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဦးအေးမြင့်တို့ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံအပြီး ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
Dr Ahmand Zahid ၏ အဆိုအရ အကူအညီပေးမည့် အစီအစဉ်များတွင် မလေးရှားနိုင်ငံကွာလာလမ်ပူရှိ မြန်မာသံရုံးမှတစ်ဆင့် မြန်မာအလုပ်သမားများအား One Stop Service ဖြင့် အလုပ်လုပ်ခွင့် အထောက် အထားများ ထုတ်ပေးမည့် အစီအစဉ်လည်း ပါဝင်သည်။
"ကျွန်တော်တို့ လှုပ်ရှားမယ့်ပုံစံကို သတိထားနေရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီမှာက မြန်မာ အလုပ် သမားနှစ်မျိုး ရှိနေတယ်။ တစ်မျိုးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အသိ အမှတ်ပြုကတ် ကိုင်ဆောင်ထားတဲ့သူနဲ့ နောက်တစ်မျိုးက ဘာအထောက်အထားမှ မရှိတဲ့သူတွေပါ။ ဒီရှင်းလင်းရေးက မလုပ်မဖြစ်လို့ လုပ်ရတာပါ။ ဒါပေမယ့်လည်း လုပ်ငန်းခွင်တွေမှာ အလုပ်သမား ပြတ် လတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တာရယ်၊ လူသားချင်း စာနာမှုနဲ့ အာဆီယံနိုင်ငံများ အချင်းချင်း ရင်းနှီးချစ်ခင်မှုအရ ရယ်တွေကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနက ဒီအလုပ်သမားတွေ မှတ်ပုံတင်ဖို့အတွက် ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ဥပဒေကြောင်းအရ ရှာဖွေနေပါတယ်" ဟု Dr Ahmand Zahid က ဦးအေးမြင့်နှင့် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
၎င်းက ဆက်လက်ပြောကြားရာတွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမား ၂၅၇၀၀၀ ခန့်အထိ ရှိနေသော် လည်း ယင်းတို့ထဲမှ ၁၁၃၀၀၀ သာ အမှန် အကန် အထောက်အထား ရှိသည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာ အလုပ်သမားများသည် အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ်နောက် တတိယ အများဆုံး တရားမ၀င် အလုပ်သမားများ ဖြစ်ကြသည်ဟုလည်း ထပ်လောင်းပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးသည် မလေးရှားနိုင်ငံတွင် လက်ရှိပြုလုပ်နေသော တရားမ၀င် အလုပ်သမား ရှင်းလင်း သည့် စစ်ဆင်ရေးအ တွင်း နိုင်ငံခြား သားများဆီမှ ခြိမ်းခြောက်ငွေညှစ်နေသည့် တရားရေး အရာရှိများ ကိုလည်း သတိပေးမှုများ ပြုလုပ်ခဲ့သည်။
"အရာရှိတွေက သူတို့ဆီကနေ ခြိမ်းခြောက်ငွေညှစ် နေတယ်လို့ တိုင်ကြား မှုတွေ အများအပြား အလုပ် သမားတွေဆီက လက်ခံရ ရှိ နေပါတယ်။ တကယ် လို့ အဲဒီတိုင်ကြားချက်တွေအတွက် အထောက် အထားတွေ ခိုင်ခိုင် မာမာ ရှိနေရင်တော့ အဲဒီလူတွေ ပြင်းပြင်းထန်ထန် အရေးယူ ခံရပါလိမ့်မယ်" ဟု Dr Ahmad Zahid က ပြောကြားသည်။
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁ ရက်က စတင်ပြုလုပ်ခဲ့သော တရားမ၀င် အလုပ်သမား ရှင်းလင်းရေး စီမံချက်ကြောင့် လူပေါင်း ၅၀၀၀ ကျော် ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံထားရပြီဖြစ်ပြီး မြန်မာ အလုပ် သမား ၇၀၀ ၀န်းကျင်ခန့်လည်း ဖမ်းဆီးခံထားရသည်။
Elleven Media Group
No comments:
Post a Comment