Thursday, 21 May 2015

ဘုရားရှင်သာ ကြည်ညိုပျက်ရော့မည်


‘‘ပူတယ်လေ ဆယ်နေကဲ’’ဆိုသလိုပဲ။ ပူလိုက်သမှ ချစ်ချစ်တောက်ပဲ။ ငရဲပြည်တောင် ဒီလောက်ပူမယ်မထင်ဘူး။ ‘‘ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်’’ဆိုတဲ့ စကားမှန်များနေရော့သလား။ ကျွန်တော်တို့ ချောက်မြို့ကတော့ အပူမှာတော့ ‘‘ဂင်းနစ်စံချိန်’’ဝင်လောက်တယ်။ မိုးလေဝသသတင်းတွေကို ကြည့်လိုက်ရင် ထိပ်ဆုံးကမြို့ဟာ ချောက်ဖြစ်နေတယ်။ ဘယ်တော့ကြည့်ကြည့် စံချိန်ချိုးလျက်ပဲ။ အဲဒါကြောင့်လည်း ‘‘ချောက်’’ဆိုရင် ‘‘အပူချိန်’’နဲ့တွဲပြီး မြင်တတ်ကြတယ်။


ပြောမယ်ဆိုရင်လည်း ပြောစရာပဲ။ ချောက်ဆိုတဲ့အတိုင်းပဲ ဘယ်တော့မှ စိမ်းစိမ်းစိုစိုမရှိဘူး။ ရာသီဥတုကအစ ခြောက်သွေ့နေတာကိုပဲကြည့်တော့။ သစ်ကြီး၊ ဝါးကြီးလည်း မပေါက်။ ပေါက်ပြန်တော့လည်း အပူပိုင်းအပင်တွေဖြစ်တဲ့ ကန္တာရပင်တွေသာ တောထနေတတ်တယ်။ ကန္တာရ ဆူးစူးပြီဆိုမှဖြင့် သေဖို့သာပြင်ပေတော့။
အညာမှာ တမာတွေ ပေါတယ်ဆိုပေမယ့်လည်း ချောက်မှာတော့ ပြောရလောက်အောင် တမာတွေမပေါတော့ပါဘူး။ ဟိုတစ်ချိန်တုန်းကတော့ တမာလည်း ပေါတယ်။ ကုက္ကိုလည်းပေါတယ်။ အဲဒီအပင်ကြီးတွေကို BOC ကုမ္ပဏီက စီမံချက်နဲ့ စိုက်ခဲ့ကြတယ်လေ။ လွင်တီးခေါင်ဖြစ်နေတဲ့ ရေနံမြေမှာ အပူသက်သာစေဖို့ တမာနဲ့ ကုက္ကိုကို ဦးစားပေးပြီး စိုက်ခဲ့ကြတယ်။ အခုတော့ နှစ်ပေါင်းတစ်ရာလောက်ရှိသွားပြီဆိုတော့ အပင်တွေလည်း အိုကုန်ကြပြီ။ တချို့အပင်တွေကတော့ နာကုန်ကြပြီ။ သေတဲ့အပင်တွေသေလို့ အစားလည်း ပြန်မစိုက်နိုင်ကြတော့ဘူး။
ဟိုအရင် BOC လက်ထက်တုန်းကတော့ အလုပ်သမားတွေနေဖို့ နေအိမ်တွေဆောက်ပေးရင်း ကုက္ကိုပင်တွေကိုပါ စိုက်ခဲ့ကြတယ်။ ဂရုတစိုက်ပြုစုခဲ့ကြတော့ အဲဒီကုက္ကိုပင်ကြီးတွေဟာ ချောက်မြို့ရဲ့ အပူဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ခဲ့တယ်။ မြို့ထိပ်ကုန်းပေါ်ကကြည့်လိုက်ရင် စိမ်းစိမ်းစိုစို ဝေဝေဆာဆာရှိနေတဲ့ ကုက္ကိုတောကြီးတွေကို တွေ့ရတယ်။ အဲဒါရှေးသရောအခါကဆိုတဲ့ ပုံပြင်တစ်ပုဒ်ပါ။ အခုတော့ ယခင်လူကြီးတွေစိုက်ခဲ့ကြတဲ့ သစ်ပင်တွေလည်း မရှိသလောက်ဖြစ်ကုန်လို့ အပူဒဏ်ကို ကျောကော့အောင်ခံနေကြရတယ်။
သစ်ပင်တွေ ထပ်ပြီးမစိုက်ကြဘူးလားလို့ မေးစရာတော့ရှိတာပေါ့။ စိုက်စရာမြေမရှိတော့လောက်အောင် မြို့ပြစီမံကိန်းတွေက ချဲ့ထွင်လာကြပြီလေ။ နောက်ပြီး ဟိုအရင် BOC လက်ထက်တုန်းကလို ရေကလည်း ဖောဖောသီသီမရတော့ဘူး။ BOC ကုမ္ပဏီ လက်ထက်တုန်းကတော့ ရေကလည်း ပေါမှပေါပဲ။ ရပ်ကွက်တွေကို တစ်နေ့နှစ်ကြိမ်ရေပေးဝေတော့ ချောင်းပေါက်မတတ် ရေတွေစီးခဲ့ဖူးတယ်။ BOC အိမ်တွေမှာဆိုရင်လည်း သစ်ပင်တွေ ဝေဝေဆာဆာ၊ စိမ်းစိမ်းစိုစိုနဲ့ နွေဆိုတာကိုတောင် မေ့ပျောက်ခဲ့ကြဖူးတယ်။
BOC ကုမ္ပဏီက မြို့ပြစီမံချက်ထဲမှာ သစ်ပင်တွေစိုက်ချင်အောင် တွန်းအားပေးခဲ့ဖူးတယ်။ အိမ်တွေမှာ စားသုံးသီးပင်တွေ စိုက်ကြရသလို အလှပြအပင်တွေလည်း စိုက်ကြရတယ်။ ပြီးရင် အကောင်းဆုံးအိမ်ကို ‘‘ဆု’’ပေးလေ့ရှိတယ်။ ဒီတော့ အိမ်ရှင်မတွေအနေနဲ့ကလည်း ကိုယ့်အိမ်ကိုယ့်ရာမှာ စားသုံးသီးပင်တွေဖြစ်တဲ့ သရက်၊ မာလကာ၊ ပိန္နဲ စတဲ့ အပင်ကြီးမျိုးတွေကို စိုက်တတ်ကြသလို နှင်းဆီ၊ စံပယ်၊ ရွက်လှ၊ မြတ်လေး၊ ဂမုန်း စတဲ့အလှဆင်အပင်တွေကို စိုက်ထားတတ်ကြတယ်။ ရေကလည်းပေါတော့ သစ်ပင်တွေဆိုတာ ဖြစ်ထွန်းသလားမမေးနဲ့ အခုလိုပူပြင်းတဲ့ နွေကာလမှာဆိုရင် စံပယ်နံ့လေးသင်းလို့၊ သရက်တို့၊ ပိန္နဲတို့၊ မာလကာတို့ကလည်း ကြိုက်တဲ့အိမ်မှာ ဆွတ်စားလို့ ရခဲ့ဖူးတယ်။
အခုများဖြင့် အိမ်တွေကို လိုက်ကြည့်လိုက်ရင် သစ်ပင်စိုက်တဲ့အိမ်က မရှိသလောက်ပဲ။ အိမ်ပြည့်ဝိုင်းပြည့် အဆောက်အအုံတွေဆောက်ထားလို့ အရိပ်ခိုစရာတောင် မရှိကြဘူး။ ဒီတော့လည်း အပူဒဏ်ကို ဘယ်မှာကာကွယ်နိုင်ကြတော့မှာလဲ။ အရိပ်ရအပင်ကြီးတွေစိုက်ဖို့ ဝါသနာပါတဲ့သူတွေကတော့ ဘုရားကျောင်းကန်ဇရပ်တွေမှာ စိုက်တော့စိုက်ကြပါတယ်။ ဒါပေမဲ့ ပြည်သူတစ်ရပ်လုံးပါဝင်မှုမရှိတော့ ထင်သလောက်မအောင်မြင်ဘူး။ အရင် စစ်အစိုးရလက်ထက်တုန်းကတော့ ဌာနဆိုင်ရာတွေရော အရပ်ထဲမှာပါ သစ်ပင်တွေ မစိုက်မနေရ စိုက်ခိုင်းခဲ့ဖူးပါတယ်။
ဒါပေမဲ့ မေတ္တာစေတနာနဲ့ ခိုင်းတာမဟုတ်တော့ သစ်ပင်တွေ သိန်းနဲ့ချီပြီးသာ စိုက်ခဲ့ကြတယ်။ ပေါက်တဲ့အပင်က တစ်ပင်၊ နှစ်ပင်ပဲရှိတယ်။
မှတ်မိသေးတယ်။ အဲဒီနှစ်တွေတုန်းကများ ဌာနဆိုင်ရာ ဝန်ထမ်းတွေဆိုရင် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ သစ်ပင်ရေလောင်းသွားကြရတယ်။ ကိုယ့်အိမ်မှာ နားနားနေနေနေလို့မရ ဘူး။ တစ်အုပ်တစ်မကြီး ရေလောင်းထွက်ကြရတယ်။ စိုက်သလောက်ရှင်မယ်ဆိုရင် အခုများဖြင့် ငှက်ဖျားတောင်ဖြစ်မလား မပြောတတ်ဘူး။ မဟာမြိုင်တောကြီးလို ဟည်းထနေမှာပဲ။ ဒါပေမဲ့ တာဝန်အရ စိုက်ကြရတာဆိုတော့ ဘယ်မှာဖြစ်ထွန်းအောင်မြင်လိမ့်မလဲ။ တစ်နှစ်တစ်ခါသာ စိုက်ကြရတယ်။ ငွေကုန် လူပန်းပြီး ဘာမှအကျိုးမရှိခဲ့ဘူး။ တကယ်တော့ ‘‘စေတနာ’’ပါဖို့ လိုတာပေါ့။
ဒီဘက်ခေတ် မျိုးဆက်သစ်တွေအနေနဲ့ကလည်း စိုက်ပျိုးရေးကို သိပ်ပြီးအားမသန်ကြတော့ဘူး။ သစ်ပင်ပန်းပင်စိုက်တာပျိုးတာ သိပ်မတွေ့ရဘူး။ ကျွန်တော်တို့ ခေတ်တွေတုန်းကတော့ လူငယ်တွေရော၊ လူကြီးတွေရော အိမ်မှာ သစ်ပင်ပန်းပင်လေးတွေ စိုက်ဖို့ပျိုးဖို့ ဝါသနာထုံတတ်ကြတယ်။ ရှိတဲ့မြေလေးတွေမှာရတဲ့ သစ်ပင်လေးတွေကို စိုက်တတ်ကြတယ်။ ကိုယ်စိုက်ပျိုးထားတဲ့ သစ်ပင်လေးတွေ ဖြစ်ထွန်းအောင်မြင်လာရင် ပီတိတွေ ဝေနေအောင် ခံစားရတယ်။ နံနက် အိပ်ရာထ မျက်နှာသစ်လိုက်ရင်ပဲ ဒီသစ်ပင်လေးတွေကြည့်ပြီး ကြည်နူးခဲ့ရတယ်။ အခုများဖြင့် မြေဆီမြေနှစ်တွေကပဲ ညံ့လာလို့လား မပြောတတ်ပါဘူး။ ကျွန်တော့်အိမ်မှာ သစ်ပင်တွေ စိုက်ထားလည်း သေသေသွားတတ်တယ်။ သရက်ပင်ကြီးတွေများ အသီးတွေသီးခါမှ သေသွားလို့ နှမြောလိုက်တာ။ အခုဆို အရိပ်တောင်ခိုစရာရှားသွားပြီ။
ဟိုတစ်ခါတုန်းကလည်း မုန်တိုင်းမိလိုက်တာ အိမ်မှာရှိတဲ့ အပင်ကြီးတွေမှန်သမျှ လဲကုန်ပါရောလား။ နောက်ပြီး မြို့ထဲမှာရှိတဲ့ အပင်ကြီးမှန်သမျှလည်း လဲကုန်၊ သေကုန်လို့ အခုဖြင့် ကျွန်တော်တို့ ချောက်မြို့မှာ သစ်ပင်ကြီးကြီးမားမားရယ်လို့ မရှိသလောက်ရှားသွားပြီ။
ဒါကတော့ ကျွန်တော်တို့မြို့မှတင်မဟုတ်ပါဘူး။ မြို့တိုင်းနီးပါး သစ်ကြီးဝါးကြီးရှားကုန်ပါပြီ။ ကုန်ကုန်ပြောရရင် တောတွေ၊ တောင်တွေတောင်မှ ကုန်သလောက်ရှိသွားပြီဆိုမှတော့ ပြောစရာ မကျန်တော့ပါဘူး။ သစ်တောကို အမှီပြုပြီး ဝမ်းစာရှာဖွေစားသောက်ကြရတဲ့သူတွေဆိုရင်လည်း တောတွေမရှိတော့လို့ ရိုးရာလက်မှုလုပ်ငန်းတွေတောင် ပြောင်းလဲကုန်ကြရပြီ။ သစ်ဆိုလည်း သစ်မို့၊ ဝါးဆိုလည်း ဝါးမို့ ဘာရှားသလဲမမေးနဲ့ ‘‘ရွှေ’’ထက်တောင်မှ ရှားသွားပြီ။ ဒီတော့လည်း ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်ကုန်ကြတာ အဆန်းတော့ မဟုတ်ပေဘူးပေါ့။
အဲဒီလိုရာသီဥတုဖောက်ပြန်တဲ့ဒဏ်ကို ကျွန်တော်တို့ချောက်မြို့က အလူးအလဲခံနေရတယ်။ နှစ်စဉ်အပူချိန်ကို ကြည့်လိုက်မှဖြင့် ၄၄၊ ၄၅ ဒီဂရီရဲ့အောက်ကို မဆင်းဘူး။ ကလေး၊ လူကြီး အပူဒဏ်ကို လှိမ့်ခံနေရတယ်။ အခုလည်း မိုးမရွာလို့ဆိုပြီး လွန်တွေဆွဲကြလေရဲ့။ ဟိုးရှေးတုန်းကတော့ လွန်ဆွဲရင် မိုးရွာတတ်တယ်။ ငါးရံ့မင်းပရိတ်ရွတ်ရင် မိုးရွာတတ်တယ်။ ဒီခေတ်တော့ ပရိတ်လည်း မစွမ်းသာဘူးဖြစ်နေတယ်။
ကျွန်တော်တို့ချောက်မြို့မှာ ဒီနှစ်ပိုပြီးပူသလား အောက်မေ့တယ်။ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲဘူး။ ဦးနှောက်ကြောပြတ်ပြီး သေသွားမလားတောင် အောက်မေ့ရတယ်။ မိုးကမရွာ၊ နေကပူဆိုတော့ နောက်ဆုံးကြံမိကြံရာ ကြံကြရတော့တယ်။
ကျွန်တော်တို့မြို့နယ်ထဲမှာ ‘‘ဇီးပွားရွာ’’ဆိုတာရှိတယ်။ ဂွေးချိုဆိုတဲ့ ရွာနားမှာပေါ့။ အဲဒီ ဇီးပွားရွာမှာ ‘‘မိုးကောင်းဘုရား’’လို့ နာမည်ကြီးတဲ့ ဘုရားတစ်ဆူရှိပါတယ်။ အဲဒီမိုးကောင်းဘုရားရှိရင် မိုးကောင်းတတ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မြို့က နှစ်စဉ်နှစ်တိုင်း မိုးခေါင်လို့ နေပြင်းရင် ‘‘မိုးကောင်းဘုရား’’ကိုပင့်ပြီး ပူဇော်တတ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ မိုးကောင်းဘုရားသွားပင့်လို့ မြို့ထဲ မရောက်သေးဘူး မိုးရိပ်တွေဆင်လာတတ်ပါတယ်။ မြို့ထဲကို ဘုရားလည်းရောက်ရော မိုးလည်း ဖြိုင်ဖြိုင်ရွာချတော့တာပါပဲ။ အဲဒီလောက်အထိ ဇီးပွားရွာက မိုးကောင်းဘုရားဟာ တန်ခိုးကြီးပါတယ်။ မယုံမရှိပါနဲ့။ တကယ့်ကိုယ်တွေ့ပါ။ အဲဒါကြောင့်လည်း နှစ်စဉ်နှစ်တိုင်း မိုးခေါင်နေပြင်းတဲ့ နှစ်တွေမှာ မိုးကောင်းဘုရားကိုပင့်ပြီး ပူဇော်တဲ့ အလေ့အထရှိခဲ့ကြပါတယ်။ ဘယ်လောက်အထိ မိုးကောင်းဘုရားနာမည်ကြီးသလဲဆိုရင် တမြန်နှစ်က ပခုက္ကူမြိုင်ဘက်မှာ မိုးခေါင်လို့ အဲဒီမိုးကောင်းဘုရားကို ပင့်သွားဖူးပါတယ်။
တချို့ သိပ္ပံနည်းကျကျ စဉ်းစားတွေးခေါ်တတ်သူတွေကတော့ ယုံချင်မှယုံကြည်ကြမှာပါ။ မယုံကာမှနေရော လက်တွေ့မှာတော့ တကယ်ဖြစ်ခဲ့ဖူးပါတယ်။ တစ်ခါတုန်းက လယ်တီဆရာတော်ဘုရားကြီးဟာ မိုးခေါင်တဲ့အရပ်ဒေသက ကန်ထဲမှာ အဓိဋ္ဌာန်ဝင်လိုက်တာ ခါးလယ်ရောက်တဲ့အထိ မိုးတွေ ဖြိုင်ဖြိုင်ရွာခဲ့ဖူးပါတယ်။ ဘုရားရဟန္တာတို့ရဲ့ အစွမ်းသတ္တိကို မယုံမရှိကြပါနဲ့။
ကျွန်တော်တို့လည်း ဘုရားရှင်ရဲ့ တန်ခိုးတော်အနန္တကို အကြွင်းမဲ့ယုံကြည်မိပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်မရှိတော့ပေမယ့် ဘုရားရှင်ရဲ့ကိုယ်စား ရုပ်ပွားတော်တွေရဲ့ အစွမ်းသတ္တိကိုလည်း ယုံယုံကြည်ကြည်နဲ့ ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။
တစ်ခုတော့ရှိပါတယ်။ ကိုးကွယ်တဲ့လူတွေရဲ့ သီလ၊ သမာဓိ၊ သိက္ခာအပေါ်မှာတော့ အများကြီး မူတည်နေလိမ့်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းနှစ်တွေမှာ မိုးကောင်းဘုရားကို ပင့်ဆောင်ခဲ့ပေမယ့် အရင်ကလို မိုးသဲသဲမဲမဲရွာတာ မတွေ့ရတော့ပါဘူး။ စတိသဘောမျိုး မိုးဖွဲလေးလောက်ပဲ ရွာပါတော့တယ်။ အဲဒါကြောင့်လည်း ကျွန်တော်စဉ်းစားမိတယ်။ တစ်ခါတုန်းက ပုံပြင်လေးတစ်ပုဒ်လိုပေါ့။
တစ်ခါတုန်းက ခရီးသွားဖိုးသူတော်တစ်ယောက်ရှိခဲ့ဖူးသတဲ့။ တစ်နေ့တော့ ဖိုးသူတော်ဟာ ခရီးသွားရင်း ပြောင်းဖူးခင်းထဲကို ရောက်သွားခဲ့ပါတယ်။ နေကလည်းမြင့်လာ၊ ဗိုက်ကလည်း ဆာလာတော့ ပြောင်းဖူးဖုတ်စားမယ်ဆိုပြီး ပြောင်းခင်းထဲက ပြောင်းဖူးကို ချိုးယူခဲ့ပါတယ်။ ပြောင်းဖူးကို ကြည့်လိုက်တဲ့ အခါမှာတော့ ပြောင်းဖူးဟာ ကျဲတိကျဲတောက်နဲ့ အစေ့တွေဟာလည်း အောင်အောင်မြင်မြင်မရှိရှာဘူး။ ဒီတော့ ဖိုးသူတော်က ပြောသတဲ့ ‘‘ပြောင်းဖူးကလည်း အစေ့တွေကျဲတိကျဲတောက်’’တဲ့။ အဲဒီစကားကိုကြားတော့ ပြောင်းဖူးက ပြန်ပြီးပြောပြန်သတဲ့ ‘‘ဖိုးသူတော်ကလည်း ပြောင်းဖူးအစေ့ကျဲတာသာ အပြစ်တင်နေတယ်။ မြေဆီမြေနှစ်ကကော ကောင်းလို့လား’’လို့ ပြန်ပြောသတဲ့။ ဒီစကားကို မြေကြီးက ကြားပြန်တော့ မခံနိုင်ဘူးလေ။ ဒီတော့ ‘‘အောင်မာ ကျုပ်ကိုပဲမြေဆီမြေနှစ် မကောင်းဘူးလေးဘာလေးနဲ့ ပြောနေကြတယ်။ မိုးကကော ကောင်းလို့လား’’ လို့ မိုးကို အပြစ်တင်ပြန်ပါသတဲ့။ ဒီတော့ မိုးနတ်မင်းကြီးကလည်း ဘယ်ခံမလဲ။ ဆတ်ဆတ်ထိမခံဘူး ပြန်ပြီးပြောသတဲ့ ‘‘ဟေ့.. ကျုပ်ကိုပဲ အပြစ်တင်မနေနဲ့၊ မင်းကောင်းမှ မိုးကောင်းတာကွ၊ မင်းတို့မင်းကကော မင်းကျင့်တရားနဲ့အညီ ကျင့်လို့လား’’လို့ ပြန်ပြီးဟိန်းဟောက်လိုက်သတဲ့။ တစ်ခါ ဒီစကားကို မင်းလုပ်တဲ့သူက ကြားသွားတော့ ‘‘အောင်မာ ကျုပ်လိုမင်းကိုများ ပြောရသေးတယ်။ ဒီမယ် မင်းကောင်းမှ မိုးကောင်းမယ်ဆိုပေမယ့် ကျုပ်အုပ်ချုပ်နေရတဲ့ ပြည်သူ၊ ပြည်သားတွေကကော ကောင်းလို့လား။ အခုပဲကြည့်လေ အကျင့်သီလနဲ့ ပြည့်စုံရမယ့် သာသနာ့နွယ်ဝင် ဖိုးသူတော်ကတောင် သူတစ်ပါးပြောင်းခင်းထဲက ပြောင်းဖူးကို အခင်းရှင်မသိဘဲ ခိုးစားနေပြီး ကျုပ်ကို လာအပြစ်တင်နေသေးတယ်’’လို့ ပြန်အော်လိုက်ပါသတဲ့။ အဲဒီတော့မှ ဖိုးသူတော်လည်း ‘‘အင်း.. ဟုတ်တော့လည်းဟုတ်ပါရဲ့။ ငါကိုယ်တိုင်က အကျင့်သီလနဲ့ မပြည့်စုံဘဲနဲ့ သူတကာကိုလိုက်ပြီး တရားခံလုပ်နေလို့ မတော်ပါဘူးလေ’’ဆိုပြီး သူ့အပြစ်ကို ဝန်ခံသွားရှာသတဲ့။
ဒီပုံပြင်လေးထဲကလိုပါပဲ။ ကျွန်တော်တို့ကိုယ်တိုင် ကိုယ်ကျင့်တရားတွေ မကောင်းမှတော့ ‘‘မိုးကောင်းဘုရား’’ပင့်ပြီး ပူဇော်နေပေမယ့်လည်း ဘုရားရှင်အပေါ်သာ အကြည်ညိုပျက်ရော့မယ်။ မိုးကတော့ ရွာလာမှာမဟုတ်တော့ကြောင်းပါ ခင်ဗျာ။
သိန်းမြင့်ညို (ချောက်)
7 day

No comments:

Post a Comment