Thursday, 21 May 2015
မြန်မာပြည်မှာ လျှပ်စစ်ဘယ်လိုပေးနေလဲ
အမှောင်ကမ္ဘာတွင် ကာလရှည်နေထိုင်ခဲ့ရသော မြန်မာနိုင်ငံ၌ လက်ရှိအစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာနေသည်။
လက်ရှိနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၀ ရာခိုင်နှုန်းသာရှိပြီး နှစ်စဉ်သုံးစွဲမှုက ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟု လျှပ်စစ်ဝန်ကြီးဦးခင်မောင်စိုးက ပြောကြားထားသည်။
အာဆီယံတွင် မြန်မာသည် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုမှာ ကမ္ဘောဒီးယားပြီးလျှင် ဒုတိယအနည်းဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းလျှပ်စစ်သုံးစွဲနိုင်မှု ၄၉ ရာခိုင်နှုန်းသာရှိသည်ဟု မကြာမီကထုတ်ပြန်ခဲ့သည့် အာဆီယံဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုညီမျှရေး စောင့်ကြည့်မှုအစီရင်ခံစာကဆိုသည်။ မြန်မာနိုင်ငံအောက်တွင် ကမ္ဘောဒီးယားနိုင်ငံက ၃၄ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်သည်။ အထက်ပါ အစီရင်ခံစာအရ မြန်မာတွင်လျှပ်စစ်သုံးစွဲမှု ၄၉ ရာခိုင်နှုန်းအနက် ကျေးလက်ပြည်သူလူထုက ၁၉ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးနိုင်သည်ဟုဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဓာတ်အားသုံးစွဲမှု တိုးတက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက်တွင်သာရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ၌ တိုးတက်မှုနှုန်းမှာ ၅ ရာခိုင်နှုန်းထက်မပိုကြပေ။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြင့်သာမက အသွင်ကူးပြောင်းရေးကာလတစ်ခုဖြစ်နေသည့်အတွက် ဓာတ်အားသုံးစွဲမှု တိုးတက်သည့် ပမာဏ မြင့်မားနေခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယခုနှစ်ဧပြီလတွင် ပျမ်းမျှတစ်ရက် မဂ္ဂါဝပ် ၂,၃၀၀ ကျော်ရှိသည်။ ယင်းအနက် ထက်ဝက်ခန့်ကို စီးပွားရေးမြို့တော် ရန်ကုန်တိုင်းတွင် အဓိကသုံးစွဲနေခြင်းဖြစ်သည်။ ယခင်နှစ်က တစ်နိုင်ငံလုံးသုံးစွဲမှုမှာ မဂ္ဂါဝပ် ၂,၁၀၀ ဖြစ်သောကြောင့် သုံးစွဲမှုမဂ္ဂါဝပ်နှစ်ရာကျော် ပိုများလာခဲ့ခြင်းဖြစ်သည်။
ဓာတ်အားများမည်သို့ရ
တစ်နိုင်ငံလုံးအတွက် ဓာတ်အားများ မည်သို့ထုတ်လုပ်သုံးစွဲနေသည်ကို သင်သိပါသလား။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ဆိုလာစွမ်းအင်များမှ ထုတ်ယူသုံးစွဲနေခြင်းဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်မှ အဓိကထုတ်ယူအသုံးပြုပြီး တစ်နိုင်ငံလုံးသုံးစွဲသည့်ပမာဏ ၈၄ ရာခိုင်နှုန်းကျော်ကို ရေအားလျှပ်စစ်က ဖြည့်တင်းပေးနေပါသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှုတွင်ပင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့် ရွှေလီ(၁)စီမံကိန်းတို့မှ အများဆုံးထုတ်ယူနေခြင်းဖြစ်သည်။ တစ်ချိန်က ရေအားလျှပ်စစ်တွင် နာမည်ကြီးခဲ့သော လောပိတရေအားလျှပ်စစ်စီမံကိန်းသည်လည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ပြန်လည်လည်ပတ်နိုင်ခဲ့ပြီး နိုင်ငံအတွက် ဓာတ်အားလိုအပ်ချက်ကို တစ်ပိုင်းတစ်စ ဖြည့်တင်းပေးနေသည်။
လက်ရှိတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၅ ရုံရှိပြီး ယင်းစက်ရုံများမှ တပ်ဆင်ဓာတ်အား မဂ္ဂါဝပ် ၃,၀၀၀ ကျော် ထုတ်လုပ်နိုင်သည်ဟုဆိုသည်။ သို့သော်လည်း အမှန်တကယ်ထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၂,၈၅၀သာရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်ထုတ်လုပ်ရေးမှ ဒုတိယအင်ဂျင်နီယာချုပ်ဦးမြသိန်းက ပြောသည်။ မဂ္ဂါဝပ် ၂,၈၅၀ ဆိုသည်မှာလည်း အများဆုံးထုတ်လုပ်နိုင်သော ပမာဏဖြစ်ပြီး ရေအနည်းအများပေါ်မူတည်၍ ဓာတ်အားလျော့ကျလေ့ရှိသည်ဟု ရေအားလျှပ်စစ်မှ ၎င်းကဆက်လက်ပြောသည်။
သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှု ဒုတိယအများဆုံးဖြစ်သည်။ လက်ရှိနိုင်ငံအတွင်း သဘာဝဓာတ်အားပေးစက်ရုံ ၁ဝ ရုံရှိပြီး စက်တပ်ဆင်ဓာတ်အား ၉၉၉ ဒသမ ၀၅ မဂ္ဂါဝပ်ရှိသည်။ ‘‘တကယ်တမ်းက ဒီလောက်မထုတ်နိုင်ဘူး။ ဒီပမာဏက စက်တပ်ဆင်ဓာတ်အားပါ။ အမှန်တကယ်ထုတ်တာ ဒီထက်နည်းတယ်’’ဟု သဘာဝဓာတ်ငွေ့ဓာတ်အားပေးရေး ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးလွင်ကပြောသည်။
ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှာ တစ်ရုံသာရှိသည်။ တီကျစ်ဓာတ်အားပေးစက်ရုံဖြစ်ပြီး ဓာတ်အားမဂ္ဂါဝပ် ၁၂၀ ထုတ်လုပ်လျက်ရှိသည်ဟုဆိုသည်။ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်ယူမှုသည် စုစုပေါင်းဓာတ်အားထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်သည်။
နိုင်ငံ၏ ဓာတ်အားပေးရေးအတွက် ဒုတိယအားထားရသည့် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများကို လက်ရှိအစိုးရလက်ထက်တွင် ဆောက်လုပ်ထားပြီး ၂၀၁၃ တွင် စတင်လည်ပတ်နိုင်လာခဲ့သည်။ ယခင်အစိုးရက ပြည်တွင်းဓာတ်ငွေ့များကို ပြည်ပနိုင်ငံများကိုသာ ရောင်းချနေခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံအတွင်း သဘာဝဓာတ်ငွေ့သုံးစွဲမှုအတွက် ကုန်းတွင်းလုပ်ကွက်များမှာ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀ နှင့် ကမ်းလွန်ရေနံသဘာဝဓာတ်ငွေ့လုပ်ကွက်များအနက် ဇောတိကလုပ်ကွက်မှ ကုဗပေသန်း ၈၀ ၊ ရတနာလုပ်ကွက်မှ ၁၈၀ နှင့် ရွှေလုပ်ကွက်မှ ၆၀ ဖြန့်ဖြူးနေကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသန်းထွန်းကပြောသည်။
ယင်းဓာတ်ငွေ့ပမာဏ၏ ၆၂ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများသို့ ပေးနေရကြောင်း ဓာတ်အားဖြန့်ဖြူးရေးဌာန အောက်မြန်မာပြည်တာဝန်ခံ ဦးလှဝင်းဌေးကပြောသည်။
သဘာဝဓာတ်ငွေ့ တူးဖော်ရေး ကမ်းလွန်လုပ်ငန်းများဖြစ်သည့် ရတနာလုပ်ကွက်၊ ဇောတိကလုပ်ကွက်၊ ရဲတံခွန်လုပ်ကွက်နှင့် ရွှေဂက်စ်လုပ်ကွက်များလည်း နိုင်ငံဓာတ်အားပေးလုပ်ငန်းအတွက် သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးနေသည်။
အထက်ပါစာရင်းများအတိုင်း ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှ စုစုပေါင်းဓာတ်အား မဂ္ဂါဝပ် ၃,၉၀၀ ကျော် ထုတ်နိုင်သည်ဆိုသော်လည်း ပြည်တွင်း၌ လျှပ်စစ်ဓာတ်အားအမြင့်ဆုံးပေးခဲ့သည့်လဖြစ်သော ဧပြီတွင် မဂ္ဂါဝပ် ၂,၃၀၀ ကျော်သာရှိခဲ့သည်။
‘‘စက်ရုံတစ်ခုတည်ပြီးရင် စက်တပ်ဆင်ဓာတ်အားပေးပမာဏရှိတယ်။ ဒါကိုပြောတာ။ ဘယ်စက်ရုံမှ ဒီအတိုင်း အတိအကျမထွက်ဘူး။ ထုတ်လို့လည်းမရဘူး။ ရေအားဆိုရင်လည်း ရေပမာဏအပေါ်မှာ မူတည်ပြီးထွက်တာ’’ဟု ရန်ကုန်ဓာတ်အားပေးကော်ပိုရေးရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်ကပြောသည်။
ထို့ကြောင့် မဂ္ဂါဝပ် ၃,၉၀၀ ကျော်ဆိုသည်မှာ မဟာဓာတ်အားလိုင်းသို့ အများဆုံးပို့နိုင်သော ပမာဏဖြစ်ပြီး ရေနည်းလျှင် (သို့မဟုတ်) ပြဿနာတစ်ခုခုရှိလျှင် ထို့ထက်လျော့နည်းသည်။ မဟာဓာတ်အားလိုင်းမှ ဒေသအနှံ့ ဓာတ်အားဖြန့်ဖြူးရာတွင် မဂ္ဂါဝပ်၂,၃၀၀ ကျော်မှာ အများဆုံးဖြစ်သည်။ ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၂,၇၂၅ မဂ္ဂါဝပ်တိုးလာရန် စက်ရုံများမှ စွမ်းအားပြည့်လည်ပတ်ရန် ၆၈၂၃ ဒသမ ၀၅ မဂ္ဂါဝပ်ထားရှိမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဒုဝန်ကြီးက ဆိုထားသည်။
မဟာဓာတ်အားလိုင်း မရောက်သည့်နေရာများနှင့် ကျေးလက်ဒေသအချို့တွင် ကိုယ်ပိုင်ဆိုလာလျှပ်စစ်နှင့် ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြင့် ပေးနေသည်များလည်းရှိသည်။ ဒေသအချို့တွင် ကိုယ်ပိုင်ရေအားလျှပ်စစ်ထုတ်စက်များဖြင့် ထုတ်လုပ်အသုံးပြုနေသည်။
မဟာဓာတ်အားလိုင်း မရောက်သည့် ချင်းပြည်နယ်တွင် ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၉ ရုံမှ ဓာတ်အား ၂ ဒသမ ၉၇၅ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိပြီး ကျေးရွာများတွင် ကိုယ်ပိုင်ဆိုလာမီးကို အသုံးပြုကြောင်း ချင်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လျန်ပေါင်ကပြောသည်။
ချင်းပြည်နယ်ကဲ့သို့ပင် နိုင်ငံတော် မဟာဓာတ်အားလိုင်းမှ မဟုတ်ဘဲ အခြားနည်းလမ်းဖြင့် မီးလင်းနေသော နေရာများရှိသည်။ ဥပမာ ကချင်ပြည်နယ်တွင် ၂၉ မြို့ရှိပြီး ယင်းအနက် ၁၉ မြို့သည် အခြားအရင်းအမြစ်မှ ကိုယ်တိုင်မီးလင်းရေး ဆောင်ရွက်နေရသည်။ ချင်းပြည်နယ်တွင် ၁၃ မြို့အနက် ၁၂ မြို့၊ ရခိုင်တွင် မြို့ ၂၀ အနက် ၁၂ မြို့၊ ရှမ်းပြည်နယ်တွင် ၈၄ မြို့အနက် ၄၃ မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့အားလုံးတို့သည် နိုင်ငံတော်မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရဘဲ ကိုယ်ပိုင်နည်းလမ်းများဖြင့် မီးလင်းနေရသည်။
ဓာတ်အားဖြန့်ဖြူးမှုနှင့် အဓိကပြဿနာများ
အထက်ပါစာရင်းများအရ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနိုင်သော်လည်း နိုင်ငံတစ်ဝန်း ဓာတ်အားပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်မှုများရှိသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရာသီဥတုကူးပြောင်းသည့်ကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများလည်းရှိသည်။ ပိတ်ရက်များတွင်လည်း ဓာတ်အားလိုင်းများ ပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းနှင့် မလွတ်သည့် သစ်ပင်များ ခုတ်ထွင်ခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုများလည်းရှိသည်ဟု ရန်ကုန်ဓာတ်အားပေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ခိုင်ကပြောသည်။ အဆိုပါပြဿနာကို အစိုးရကဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း မဖြေရှင်းနိုင်သေးပါ။
လျှပ်စစ်ထုတ်ယူရေးအတွက် ပြဿနာမရှိသော်လည်း ဓာတ်အားသယ်ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းအပိုင်းတွင် လိုအပ်ချက်များကြောင့် မီးအားမပြည့်ခြင်း၊ မီးပြတ်ခြင်းဖြစ်နေရခြင်းဖြစ်ကြောင်း ဦးစောဝင်းမောင်က ပြောသည်။
တစ်နိုင်ငံလုံး ဓာတ်အားထုတ်လွှတ်မှုပမာဏ၏ ထက်ဝက်ခန့် သုံးစွဲနေသည့် ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်း၌ပင် ဓာတ်အားပေးလွှတ်မှု၏ ၂၀ ရာခိုင်နှုန်းခန့် လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်နေပြီး မဟာဓာတ်အားလိုင်းများမှ ၄ ရာခိုင်နှုန်းခန့် လေလွင့်မှုရှိနေသည်။
ဓာတ်အားသွယ်တန်းကြိုးများ အရည်အသွေးကျဆင်းခြင်း၊ အမှန်တကယ်ခံနိုင်ဝန်ထက်နည်းသော ဓာတ်ကြိုးများ သွယ်တန်းထားရှိခြင်း၊ သစ်ပင်သစ်ကိုင်းများနှင့် ထိစပ်နေခြင်း၊ ထရန်စဖော်မာများနှင့် မီတာဘောက်စ်များ အရည်အသွေးမကောင်းမွန်ခြင်းများကြောင့် ဓာတ်အားလေလွင့်မှုရှိနေခြင်းဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်ကပြောသည်။
‘‘ရာခိုင်နှုန်းပြည့် ဓာတ်အားလေလွင့်မှုနည်းတဲ့ နိုင်ငံရယ်လို့တော့ မရှိဘူး။ ဒါပေမဲ့ ဒီမှာတော့ အခက်အခဲတွေကြောင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်များနေသေးတာပေါ့။ ဒါကို လျှော့ချဖို့ဆိုရင်တော့ ကုန်ကျမှုတွေကလည်းများတယ်’’ဟု ၎င်းကဆိုသည်။
နိုင်ငံတွင်း ဓာတ်အားသွယ်တန်းခြင်းနှင့် ဖြန့်ဖြူးခြင်းကို ကောင်းကင်ကေဘယ်စနစ် ကျင့်သုံးပြီး ဓာတ်အားပို့လွှတ်သွယ်တန်းရာတွင် ဓာတ်အားဗို့ ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီအဆင့် ဓာတ်အားများကိုအသုံးပြုပြီး ဖြန့်ဖြူးရာ၌ ၆၆ ကေဗီ၊ ၃၃ ကေဗီ ဓာတ်အားများကို အသုံးပြုလျက်ရှိသည်။
လက်ရှိပြည်တွင်း၌ ဓာတ်အားလိုင်းအရှည် မိုင်တစ်သောင်းခန့်ရှိပြီး ၎င်းသည် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှုသာဖြစ်ပြီး အိမ်များသို့သွယ်တန်းသည့် ပမာဏများ ပါဝင်ခြင်းမရှိပေ။ ထို့အပြင် ဓာတ်အားလေလွင့်ပြုန်းတီးမှု လျော့နည်းစေရန်နှင့် ဖြန့်ဖြူးမှုနည်းပညာများ ပိုမိုအဆင့်မြင့်လာစေရန် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီနေပြီဖြစ်သည်။
ဓာတ်အားလိုင်းသွယ်တန်းမှုကို ယခုဘဏ္ဏာနှစ်အတွင်း ၃၃ (ကေဗီ) မှ ၅၀၀ (ကေဗီ)အထိ စုစုပေါင်း မိုင် ၂၈၀၀ ကျော် သွယ်တန်းရန် ရည်မှန်းထားသည်။ သို့သော် လက်ရှိအချိန်ထိ ၅၀၀ (ကေဗီ) ဓာတ်အားလိုင်းများ တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း ဓာတ်အားလိုင်းအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အနာဂတ်စီမံကိန်းများနှင့် စိန်ခေါ်မှုများ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် မဟာလျှပ်စစ်စီမံကိန်း၏ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၂၃,၅၉၄ မဂ္ဂါဝပ်ထုတ်လုပ်ရန် လျာထားပြီး ရေအားလျှပ်စစ်မှ ၈၈၉၆ မဂ္ဂါဝပ်ထုတ်ယူကာ ၃၇ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဖြစ်၍ ပြန်လည်ပြည့်ဖြိုးစွမ်းအင် ၉ ရာ ခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေးမှ ၃၃ ဒသမ ၅ ရာခိုင်နှုန်း ထုတ်လုပ်ရန် စီမံကိန်းရေးဆွဲထားခြင်းဖြစ်သည်။
အထက်ပါမဟာစီမံကိန်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် အစိုးရကိုယ်တိုင်တည်ဆောက်နေသည့် စီမံကိန်းလေးခုရှိပြီး ဓာတ်အား ၁၄၄၂ မဂ္ဂါဝပ်ရရှိဖွယ်ရှိသည်။ ယင်းစီမံကိန်းများမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉ -၂၀ ဘဏ္ဍာနှစ်များအတွင်း ပြီးစီးမည်ဖြစ်သည်။
ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့်စီမံကိန်းသုံးခုမှ ၁၉၆ ဒသမ ၄ မဂ္ဂါဝပ် ရရှိရန်လည်းရှိသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကျိုးတူပူးပေါင်းလုပ်ဆောင်မှုစနစ်ဖြင့် စီမံကိန်း ၃၂ ခုအတွက် လျှပ်စစ်ဓာတ်အား ၃၈,၇၈၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် လျာထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။ ယင်းတို့အနက် ၆,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် စီစဉ်ခဲ့ပြီး ပြည်သူလူထုသဘောမတူ၍ ရပ်နားထားသော ကချင်ပြည်နယ်မှ မြစ်ဆုံစီမံကိန်းလည်းပါဝင်သည်။ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းများသည် စစ်အစိုးရလက်ထက်က ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှုများဖြင့်ပြုလုပ်ထားကာ စီမံကိန်းအချို့ကို ကန့်ကွက်မှုများရှိနေသည်။
‘‘ရေအားလျှပ်စစ်ဆိုတာ အမှန်တကယ်တော့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘူးဆိုတာ မှားပါတယ်။ ရေအားလျှပ်စစ်က သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်တယ်။ ရေအားလျှပ်စစ်စက်ရုံအတွက် လိုအပ်တဲ့ဆည်တွေ တည်ဆောက်မယ့်တာက အဲဒီဒေသတစ်ခုလုံးရဲ့ လူနေမှုရော၊ မှီတင်းနေထိုင်တဲ့ သက်ရှိတွေရဲ့ အသက်ရှင်နေထိုင်မှုကိုပါ အများကြီးထိခိုက်နိုင်တယ်’’ဟု အငြိမ်းစား ရေအားလျှပ်စစ်အင်ဂျင်နီယာတစ်ဦးကပြောသည်။
ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများကို တည်ဆောက်ပြီး ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူခြင်းကို လက်ရှိထုတ်ယူနေသည့် ၃ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာရန် မျှော်မှန်းထားသည်။ ပြီးခဲ့သည့်လအတွင်း ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တွင် ကျောက်မီးသွေးစက်ရုံများ ဆက်လက်လုပ်ကိုင်ရန် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်။ ထို့ပြင် ဧရာဝတီတိုင်းတွင်လည်း ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ရှိနေသော်လည်း ကန့်ကွက်မှုများရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းခြံကုန်း၊ ချောင်းဝနှင့် ထန်းတပင်တို့တွင် ကျောက်မီးသွေးဓာတ်အားပေးစက် သုံးရုံတည်ဆောက်ရန် နားလည်မှုစာချွန်လွှာရေးထိုးထားပြီး ဖြစ်သည်။
‘‘ကျောက်မီးသွေးဆိုတာ ကိုယ့်ဆီက ထွက်တာမဟုတ်ဘူး။ အခြားက တင်သွင်းရမယ်။ ကိုယ့်ဆီကထွက်နေတဲ့ ဓာတ်ငွေ့ကိုတော့ ဒီအတိုင်းရောင်းနေတယ်။ ဒါတွေကို စီးပွားရေးအကွက် ကြိုမြင်ရတယ်။ ကျောက်မီးသွေးက စွမ်းအင်ထုတ်နေတာ အဆင်မပြေဘူး။ ဒါကို သေချာစဉ်းစားသင့်တယ်’’ဟု ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းကပြောသည်။
‘‘သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ကျောက်မီးသွေးစက်ရုံဆိုတာမရှိပါဘူး။ အစိုးရတိုင်းက ဆင်းခါနီးရင် လူထုလက်မခံပေမယ့် သူတို့လုပ်ချင်တာကို ဇွတ်အတင်းလုပ်လေ့ရှိတယ်။ အခုလည်း ဒီပုံစံဖြစ်နေတယ်’’ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူကပြောသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားလုပ်ငန်းတွင် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး မန္တလေးတွင် အမေရိကန် ACO ကုမ္ပဏီက မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော်ရန် အခက်အခဲအချို့ရှိနေသည်။ စင်ကာပူနိုင်ငံမှ ကုမ္ပဏီများကလည်း ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့သုံးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေသည်။
မေလအတွင်း လျှပ်စစ်ဝန်ကြီးနှင့် အိန္ဒိယမှ လျှပ်စစ်ထုတ်လုပ်ရေးဆက်စပ်ကုမ္ပဏီဆယ်ခုက မြန်မာလျှပ်စစ်လုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စများ ဆွေးနွေးခဲ့သည်။ လာရောက်လုပ်ကိုင်လိုသည့် ကုမ္ပဏီများတွင် TATA Power လျှပ်စစ်ကုမ္ပဏီကြီးအပါအ၀င် အိန္ဒိယအစိုးရပိုင် လျှပ်စစ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း ကမ်းလှမ်းခဲ့သည်။
ဓာတ်အားထုတ်လွှတ်မှုတွင် ၁ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မှုအတွက် ကန်ဒေါ်လာတစ်သန်းခန့် ကုန်ကျသည်ဟု လျှပ်စစ်ဝန်ကြီးဌာနက ခန့်မှန်းထားသည်။ သို့သော် ၀င်ငွေပြန်လည်ရရှိမှုတွင်မူ ကုန်ကျစရိတ်နှင့် ပြန်ကာမိခြင်းမရှိဟု လျှပ်စစ်ဌာန ဘဏ္ဍာရေးဆိုင်ရာအရာရှိတစ်ဦးကပြောသည်။ သို့သော် ၀င်ငွေအတိအကျကို ၎င်းအနေဖြင့် ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိဟုဆိုသည်။
တစ်နိုင်ငံလုံး လျှပ်စစ်ရရှိစေရေးမူဝါဒမှာ လက်ရှိတွင် အလှမ်းဝေးနေသည့် အနေအထားရှိသော်လည်း စီမံကိန်းများတစ်ဆင့်ချင်း အောင်မြင်စွာ တည်ဆောက်အကောင်အထည်ဖော်နိုင်ပါက ခက်ခဲမှုမရှိနိုင်ကြောင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ကျွမ်းကျင်မှုအဆင့် အငြိမ်းစားအရာရှိတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့် ကျေးလက်များပါမကျန် တစ်နိုင်ငံလုံး မီးလင်းရေးနှင့် ဖွံ့ဖြိုးလာမည့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ရရှိရေးမှာ တက်လာမည့် အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်ရှိနေဦးမည်ဖြစ်သည်။
ထွန်းထွန်းမင်း
7 day
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment