Thursday, 21 May 2015

သူတို့နှစ်ဦးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ


နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းဖို့အရေးသည် ထိုနိုင်ငံခေါင်းဆောင်၏ တိုင်းသူပြည်သားအပေါ် မေတ္တာအရင်းခံသည့် ချစ်ကြင်နာစိတ်နှင့် ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပေါ်တွင် ဦးစွာအခြေတည်ပြီးနောက် ထိုခေါင်းဆောင်နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းရှိကြသော ဥပဒေပညာရှင်များ၏ ကြိုးပမ်းစွမ်းဆောင်မှုပေါ်တွင် မူတည်လျက်ရှိကြောင်း သမိုင်းအထောက်အထားအရ လေ့လာတွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများအနက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အထက်ပါလေ့လာတွေ့ရှိချက်နှင့် ကိုက်ညီလျက်ရှိပါသည်။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံကို အကျဉ်းမျှဖော်ပြပါမည်။ ၁၉၄၇ ဖေဖော်ဝါရီ ပင်လုံညီလာခံပြီးသည်နှင့် ဧပြီတွင် တိုင်းပြုပြည်ပြု လွှတ်တော်အတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက အမတ်နေရာ ၉၅ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည်။ ထို့နောက် ဇွန်လထဲတွင် လွှတ်တော်ခေါ်ယူကျင်းပပြီး ထိုလွှတ်တော်က အမတ် ၆၀ ခန့်ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။ ဇူလိုင်လအာဇာနည်ကြီးများ လုပ်ကြံခံရပြီးနောက် စက်တင်ဘာတွင် လွှတ်တော်အစည်းအဝေး ကျင်းပသည်။ ထိုလွှတ်တော်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ဆွေးနွေးကြပြီး အတည်ပြုပေးခဲ့သည်။ အောက်တိုဘာတွင် ‘‘နု-အက်တလီစာချုပ်’’ပေါ်ပေါက်ခဲ့ပြီး ၁၉၄၈ ဇန်န၀ါရီတွင် အချုပ်အခြာအာဏာပိုင် ‘‘ပြည်ထောင်စုမြန်မာနိုင်ငံတော်’’ ပေါ်ထွန်းခဲ့သည်။ ပြည်နယ်များတွင်လည်း အာဏာပိုင်အစိုးရအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ဤသမိုင်းဖြစ်စဉ်အရ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးလအတွင်း ပြည့်ပြည့်စုံစုံ ချောချောမွေ့မွေ့ ရေးဆွဲနိုင်ခဲ့သည်မှာ ထိုစဉ်က အင်္ဂလန်ပြန် ဥပဒေပညာရှင်နှစ်ဦးဖြစ်သည့် ဆရာကြီးဦးဘဦး(၁၈၈၇-၁၉၆၃) နှင့် ဆရာကြီးဦးချန်ထွန်း (၁၉၀၆-၁၉၈၈)တို့၏ ကျေးဇူးတရားများဖြစ်သည်ဟု ကျွန်တော်ခံယူပါသည်။
အဆိုပါ ဥပဒေပညာရှင်နှစ်ဦး၏ ကိုယ်ရေးဖြစ်စဉ်အကျဉ်းကိုလည်း လူငယ်များသို့ မိတ်ဆက်ပေးလိုပါသည်။ ဆရာကြီးဦးဘဦးသည် ၁၉၀၇ တွင် မိဘအစီအစဉ်ဖြင့် အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျကောလိပ်သို့ ရောက်ရှိပြီး ၁၉၁၂ တွင် ဥပဒေဘွဲ့ ရခဲ့ပါသည်။ မြန်မာပြည်သို့ ပြန်ရောက်သည့်အခါ ရှေ့နေလိုက်ရင်း အမျိုးသားရေးကို အားပေးခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်လည်းကောင်း၊ ကရင်၊ မွန်၊ ရခိုင် စသည့် ပြည်နယ်တောင်းဆိုမှု စုံစမ်းရေးကော်မရှင် ကွင်းဆင်းလေ့လာရာတွင်လည်းကောင်း၊ တရားသူကြီးများ အခန်းကဏ္ဍ ရှေ့တန်းရောက်ရှိပြီး ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒရေးဆွဲရာတွင်လည်းကောင်း မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၄၈ မှ ၁၉၅၂ ထိ တရားသူကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ မှ ၁၉၅၇ အထိ နိုင်ငံတော်သမ္မတအဖြစ် ပါလီမန်လွှတ်တော်က ရွေးချယ်တင်မြှောက် တာဝန်ပေးခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တရားရေးကိစ္စများ အကြံဉာဏ်ရယူရာတွင် ရိုသေလေးစားစွာ ဆက်ဆံခံခဲ့ရသူလည်းဖြစ်သည်။
ဆရာကြီးဦးချန်ထွန်းမှာ ၁၉၂၈ တွင် သီရိလင်္ကာနိုင်ငံ အာနန္ဒာကောလိပ်မှ လန်ဒန်မက်ထရစ် စာမေးပွဲအောင်ပြီးနောက် လန်ဒန်ကောလိပ်တွင် ဥပဒေပညာများ ဆက်လက်ဆည်းပူးခဲ့ရာ ၁၉၃၁ တွင် ၀တ်လုံစာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၄၆ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မေတ္တာရပ်ခံချက်အရ စက်ရှင်တရားသူကြီးအလုပ်ကို ငြင်းပယ်ခဲ့ပြီး ဖဆပလအဖွဲ့ချုပ်၏ ဥပဒေအကြံပေးပုဂ္ဂိုလ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီစာချုပ် ချုပ်ဆိုရာတွင် လန်ဒန်သို့ လိုက်ပါဆောင်ရွက်ခဲ့ သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ခံယူချက်ဆန္ဒသဘောထားများနှင့် ဖဆပလမူဝါဒများကိုရယူပြီး ဥပဒေမူကြမ်းအသေးစိတ်ကို တစ်နေ့လျှင် ၁၈ နာရီမျှ အလုပ်လုပ်ရင်း ရေးဆွဲခဲ့ပါသည်။ ထိုကျေးဇူးဖြင့် စက်တင်ဘာလ လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးကို ချောချောမောမော ပြီးမြောက်စေခဲ့ပါသည်။ ဆရာကြီးဦးချန်ထွန်းသည် ၁၉၄၈ တွင် နိုင်ငံတော်ရှေ့နေချုပ်တာဝန်၊ ၁၉၅၄ တွင် တရားလွှတ်တော်ချုပ်တရားဝန်ကြီးတာဝန်၊ ၁၉၅၉ မှ ၁၉၆၁ အထိ ပြည်ထောင်စုတရားသူကြီးချုပ်တာဝန်၊ ဒီမိုကရေစီအတွေးအခေါ် ပြန့်ပွားရေးအဖွဲ့ဥက္ကဋ္ဌတာဝန်နှင့် သာသနာရေးအဖွဲ့အစည်းဆိုင်ရာတာဝန် စသည့် တာဝန်ကြီးများကို ထမ်းရွက်ခဲ့ရသူ ဖြစ်ပါသည်။ ဆရာကြီးဦးဘဦးနှင့် ဆရာကြီးဦးချန်ထွန်းတို့ နှစ်ဦးသည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြုပြည်ပြုခေတ်နှင့် ၀န်ကြီးချုပ်ဦးနု၏ ဒီမိုကရေစီခေတ်တွင် တိုင်းပြည်က ယုံကြည်လေးစား အားထားခဲ့ရသူများဖြစ်သည်မှာ ထင်ရှားလှပါသည်။
ဤနေရာတွင် သမ္မတကြီးဦးဘဦး အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော My Burma စာအုပ်ကို စာရေးဆရာစိန်ဝင်းစိန်က ကျွန်ုပ်၏ မြန်မာနိုင်ငံ(သမ္မတတစ်ဦး၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ) အမည်ဖြင့် လုံးချင်းဘာသာပြန်ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်နိဂုံးပိုင်းမှ ဆရာကြီးဦးဘဦး၏ နိုင်ငံရေးအမြင်အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။ ဆရာကြီးက ‘‘ဗြိတိသျှတို့၏ ရည်မှန်းချက်မှာ ကိုယ်တိုင်အုပ်ချုပ်တတ်အောင် လေ့ကျင့်ပေးရန် ဖြစ်သည်။ ဤရည်ရွယ်ချက် ပေါက်မြောက်အောင် တစ်ဆင့်ချင်းသွားနေခဲ့သည်ဖြစ်ရာ တစ်ခါတစ်ရံ (ကျွန်ုပ်တို့အကြိုက် အတိုင်းဆိုရလျှင်) လွန်စွာနှေးကွေးနေပေသည်။ အချို့ကိစ္စများတွင် အားနည်းချက်၊ ချွတ်ယွင်းချက်များရှိနေသည့်တိုင် ကမ္ဘာ့အရှေ့ပိုင်းရှိ ပြည်သူတို့အတွက် ဒီမိုကရေစီမျိုးစေ့ချပေးခဲ့ခြင်းနှင့် တရားဥပဒေကျင့်သုံးစေခြင်းတို့အတွက်မူ သူတို့သည် လေးစားခံထိုက်သူများ ဖြစ်ကြသည်။ ထိုမျိုးစေ့သည် အမြစ်တွယ်ရုံသာမက အညွန့်အတက်ထွက်လာခဲ့သည်ဖြစ်သဖြင့် ယခုအခါ ကောင်းစွာဖွံ့ဖြိုးစည်ပင်နေပြီဖြစ်ကြောင်း ဖွဲ့စည်းပုံဥပဒေက သက်သေပြနေ၏။ တရားဥပဒေကိစ္စတွင် တရားဥပဒေကို မချိုးဖောက်သည့် မည်သူကိုမျှစွဲချက်မတင်နိုင်။ တရားဥပဒေ၏ ရှေ့မှောက်တွင် လူတိုင်းသာတူညီမျှ ဖြစ်သည်ဟု ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံဥပဒေက ပြဋ္ဌာန်းပေးထား၏။ ကျွန်ုပ်တို့၏ တရားသူကြီးများသည် လုပ်ပိုင်ခွင့်လုံခြုံမှုရှိစေရမည်ဟုလည်းကောင်း၊ သူတို့၏ ရာထူးများသည် ပင်စင်ခံစားနိုင်ခွင့်ရှိစေရမည်ဟုလည်းကောင်း၊ တာဝန်ကို လွတ်လပ်စွာ ထမ်းဆောင်နိုင်စေရမည်ဟုလည်းကောင်း ဖွဲ့စည်းပုံဥပဒေတွင် ပြဋ္ဌာန်းပေးထားသေး၏။ ဤသည်မှာ ဒီမိုကရေစီစနစ်အောက်တွင် ကျွန်ုပ်တို့ ခံစားကြရသော ကောင်းကျိုးတရားများ ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ ပြည်သူများသည် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ(လိုအပ်လျှင်) အသက်ပင် စွန့်လွှတ်ကြလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသတည်း’’ဟု ရေးသားခဲ့ပါသည်။
အထက်ပါ ဆရာကြီးဦးဘဦး၏ ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအမြင်နှင့် ခံယူချက်တို့သည် ယနေ့အထိ ခေတ်မီလျက်ရှိပြီး နောင်တွင်လည်း ခေတ်မီနေဦးမည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံကြီးများ၏ ခံယူချက်၊ ကျင့်စဉ်များနှင့် လိုက်လျောညီထွေရှိနေသောကြောင့် ဖြစ်ပါသည်။ ဤနေရာတွင် ခံယူချက်ကျင့်စဉ်နှစ်ခုကို တင်ပြလိုပါသည်။ ဗြိတိသျှပညာရှင် တောမတ်စ်မက်ကောလေး (Thomas Macaulay) (1800-1859) က ‘‘Constitutions must grow or the people will suffer. The Great Cause of Revolutions is that: While the Nations move Forward, Constitutions Stand Still'' ဟု မိန့်ဆိုပါသည်။ အဓိပ္ပာယ်မှာ ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်း တိုးတက်ဖြစ်ထွန်းနေရပါမည်။ မဟုတ်လျှင် ပြည်သူတို့ ဒုက္ခခံကြရပါမည်။ လူမှုတော်လှန်ရေးဖြစ်စဉ်များ၏ အဓိကအကြောင်းရင်းမှာ နိုင်ငံသားများက ရှေ့သို့ ပြောင်းလဲတက်လှမ်းနေချိန်မှာ အခြေခံဥပဒေက လိုက်မပြောင်းဘဲ နေမြဲအတိုင်း ကျန်ရစ်ခဲ့၍ ဖြစ်ပါသည်’’ဟု ဆိုလိုပါသည်။ နောက်ကျင့်စဉ်တစ်ခုက အမေရိကန်သမ္မတကြီး၊ ၀ုဒ်ရိုးဝီလ်ဆင် (Woo-drow Wilson) (၁၈၅၆-၁၉၂၄)၏ ''Living Political Constitutions must be Darwinian in Structure and in Practice'' သီအိုရီဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ‘‘နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှင်သန်နေဖို့ဆိုလျှင် ကြံ့ခိုင်မှ ရှင်သန်နိုင်မည့် ဒါဝင်သီအိုရီကဲ့သို့ ဥပဒေ၏ ဖွဲ့စည်းတည်ဆောက်ကျင့်သုံးပုံမှာ ခေတ်နှင့်ယှဉ်၍ ကြီးထွားကြံ့ခိုင်နေမှဖြစ်မည်’’ဟု ဆိုလိုပါသည်။ ယခုတင်ပြခဲ့သည့် ခံယူချက်ကျင့်စဉ်များသည် ဒီမိုကရေစီပင်စည်ကြီး ထာဝစဉ်ဖွံ့ဖြိုးစည်ပင်နေအောင် လူသားမျိုးဆက်အလိုက် ပြုစုစောင့်ရှောက်သွားရမည့် တာဝန်များပဲ ဖြစ်ပါသည်။
နောက်တစ်ချက်အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကျင့်စဉ်တစ်ခုလည်း ရှိပါသေးသည်။ နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် ''Any Constitution, Particularly a Detailed Constitution, must be Periodically Reconsidered and Revised, Preferably by each Generation. It Should not be too Inelastic and too Difficult to Modify as Conditions Change'' ဟု ပါရှိသည်။ အဓိပ္ပာယ်မှာ ‘‘အသေးစိတ်ရေးသားထားသော မည်သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေမဆို မျိုးဆက်အလိုက် အခါအားလျော်စွာပိုကောင်းအောင် ပြန်လည်စဉ်းစားပြင်ဆင်နိုင်ရပါမည်။ ပြောင်းလဲလာသော အခြေအနေအချိန်အခါအလိုက် ပြုပြင်မွမ်းမံနိုင်ရပါမည်။ တရားသေ လှေနံဓားထစ်ပုဒ်မများဖြင့် ပြုပြင်ရခက်ခဲအောင် လုပ်ခြင်းသည် မလျော်ကန်ပါ’’ဟူ၍ ဖြစ်ပါသည်။
ဆက်လက်တင်ပြလိုသည်မှာ နိုင်ငံတိုးတက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက မည်မျှအရေးပါခဲ့သည်ကို ပြန်ကြည့်ရန် ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ၁၈၇၈ ဖီလာဒဲလ်ဖီးယားညီလာခံတွင် လေးလကြာဆွေးနွေးပြီးနောက် အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့သည်။ ထိုဥပဒေအရ တိုးတက်လာသော မူလ ၁၃ ပြည်နယ်အစိုးရများကို အားကျသဖြင့် ကျန်ပြည်နယ်များက ဖက်ဒရယ်ပြည်ထောင်စုအတွင်း တဖြည်းဖြည်း ၀င်ရောက်ခဲ့ရာမှ ပြည်နယ် ၅၀ အထိ ရှိခဲ့ပြီး ယနေ့ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဦးဆောင်နိုင်ငံ ဖြစ်လျက်ရှိသည်။ ဂျပန်နှင့် ဂျာမနီကို ကြည့်လျှင်လည်း ဂျပန်သည် ၁၉၄၇ တွင် အမေရိကန်၊ ဗြိတိန်နှင့် ဒီမိုကရေစီနိုင်ငံအချို့တို့၏ အခြေခံဥပဒေစာအုပ်များမှ ထုတ်နုတ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခြောက်ရက်ကြာ ရေးဆွဲခဲ့ပြီး တိုင်းပြည်ပြန်လည်တည်ဆောက်ခဲ့ရာ နှစ်ပေါင်း ၂၀ အကြာတွင် ဗြိတိန်နှင့် ဂျာမနီတို့၏ စီးပွားရေးကို ကျော်ဖြတ်၍ ကမ္ဘာ့ထိပ်တန်းသို့ တက်လှမ်းနိုင်ခဲ့ကြောင်း တွေ့ရပြီး ဂျာမနီသည်လည်း ၁၉၄၈ တွင် အမေရိကန်ကွန်ဂရက်နှင့် ဗြိတိသျှပါလီမန်တို့၏ အားသာချက်များကို မှီငြမ်း၍ အခြေခံဥပဒေကို ခုနစ်လကြာ ရေးဆွဲအတည်ပြုခဲ့ပြီး တိုင်းပြည်ပြန်လည်ထူထောင်ခဲ့ရာ နှစ် ၂၀ အကြာတွင် ကမ္ဘာ့တတိယစီးပွားရေးဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရပါသည်။
အချုပ်အားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးချုပ်ဦးနုတို့နှင့် တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အချိန်မီပြီးစီးအောင် တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုး ရှေးရှုလျက် မနားမနေကြိုးပမ်း အားထုတ်ခဲ့ကြသူများထဲတွင် ဆရာကြီးဦးဘဦးနှင့် ဆရာကြီးဦးချန်ထွန်းတို့သည် ဂုဏ်ပြုထိုက်ရုံသာမက သားစဉ်မြေးဆက် မမေ့သင့်သော ပုဂ္ဂိုလ်ကြီးများ စာရင်းဝင်ဖြစ်ခဲ့ပါပြီ။ ယနေ့မြန်မာနိုင်ငံ၏ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ရေသောက်မြစ်နှင့်တကွ မည်သည့်ပုဂ္ဂိုလ်များက မည်သို့သော စိတ်စေတနာဖြင့် မည်သို့ရေးဆွဲအတည်ပြုခဲ့ကြသည်ကို လွတ်လပ်သော ဥပဒေပညာရှင်များနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များက မြန်မာ့သမိုင်းတွင် ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့လျှင် နောင်မျိုးဆက်သစ်များအတွက် သင်ခန်းစာများ ရရှိနိုင်မည်ဟု ယုံကြည်မိပါသည်။ ။
အောင်စည်ဟိန်း
7 day

No comments:

Post a Comment