၂ဝ၁၅ မေလ ၂ ရက်ဆိုလျှင် မြန်မာပြည်အောက်ပိုင်း ရန်ကုန်အပါ အဝင် မြစ်ဝ ကျွန်းပေါ်ဒေသအချို့တွင် ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်ကတိုက် ခတ်ခဲ့သော နာဂစ်မုန်တိုင်း ဒဏ်ခံစားရမှု ခုနစ်နှစ်ပြည့်မြောက်လာပြီ ဖြစ်သည်။ နာဂစ် ခုနစ်နှစ်မြောက်ပြည့်ရန် ရက်ပိုင်းအလို ပတ်ဝန်းကျင်နိုင်ငံ တစ်နိုင်ငံဖြစ်သော နီပေါနိုင်ငံ၏ လူဦးရေ ၅ဝဝဝ ကျော် သေဆုံးမှုရှိခဲ့သော ပြင်းအား ၇ ဒသမ ၉ မဂ္ဂနီကျူဒ်ရှိ မြေငလျင်သတင်းဆိုး ကြားသိရသည်။
အဆိုပါနိုင်ငံတွင် ၁၉၃၄ ခုနှစ်တွင် ပြင်းအား ၈ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူဦးရေ တစ်သောင်း ကျော် သေဆုံးခဲ့သည်။ နှစ်ပေါင်း ၈ဝ ကျော်တွင် မြေ ငလျင်ဒဏ်ထပ်မံကြုံတွေ့လာရခြင်းဖြစ်သည်။
ထို့အတူ နာဂစ်ဒဏ်ခံစား ခဲ့ရသော ဒေသများတွင်လည်း ထပ်မံ ကြုံတွေ့ရခြင်း မရှိစေရေး သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုများလိုအပ်နေသည်ဟု သတိပေးသကဲ့သို့ ရှိနေသည်။
၂ဝဝ၈ ခုနှစ်မေလဆန်းတွင် ကြုံတွေ့ခဲ့ရသော နာဂစ်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု အတွေ့အကြုံ နည်းပါးသော ဒေသခံများအကြား လူအသက်ပေါင်း သိန်းဂဏန်းနှင့်အတူ ပျက်စီးမှု ပမာဏများပြားခဲ့ သည်။ မြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများကြုံတွေ့ခဲ့ခြင်းမရှိသေး သော ဆိုးရွားသည့် သဘာဝဘေးအန္တရာယ်ဖြစ်သည်။
ပျက်စီးဆုံးရှုံးမှုများကို နိုင်ငံတော်အဆင့်အပါအဝင် ပြည်တွင်း ပြည်ပမှ စေတနာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် ပြန်လည်ထူထောင်ရေးများ လုပ်ကိုင်ခဲ့ရသည်။
သောက်သုံးရေအလျင်အမြန်ရရှိရေး၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် လိုအပ်သော ပစ္စည်း၊ ငွေကြေး အကူအညီများ၊ စားနပ်ရိက္ခာများ၊ အဝတ် အထည်အသုံး အဆောင်များ ကူညီထောက်ပံ့ခြင်း၊ စံပြကျေးရွာများ တည်ဆောက်ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်း မွန်ရန် မြစ်ဝကျွန်းပေါ်သားတို့ မျှော်လင့်မထားရဲသည့် မြစ်ကူးတံတားများအပါအဝင် လမ်းကွန်ရက် ၁၁ လမ်း ဖောက်လုပ်ပေးခြင်းများ ရှိလာသည်။ နိုင်ငံတော် အဆင့်မှ တာဝန်ရှိသူများ နာဂစ်ဒဏ်ခံမြို့များတွင် လအတန်ကြာ အနီးကပ်လမ်းညွှန်ကူညီမှုပြုခဲ့သည်ဟု ဒေသခံများက ဆိုသည်။
လူအသေအပျောက်၊ ပစ္စည်းနှင့်လုပ်ငန်းခွင်အဆုံးအရှုံးများပြားသော မြို့များတွင် စာရေးသူ၏ဇာတိ မော်လမြိုင်ကျွန်းသည် မြို့နီးချင်း လပွတ္တာ၊ ဘိုကလေး မြို့များနည်းတူပါဝင်ခဲ့ပါသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့် နှစ်အနည်းငယ်အတွင်း နာဂစ်ဒဏ်ခံ ပုံရိပ်ဆိုးများပျောက် ကွယ်ခဲ့ပါသည်။ ကျန်းမာရေးကဏ္ဍတွင် ယခင် ခုတင်(၅ဝ)ဆံ့အစား ခုတင်(၁ဝဝ) အဆင့်သို့ တိုးမြှင့်ပေးခဲ့ပြီး ယခင်ကျန်းမာရေးကဏ္ဍတွင် မရှိခဲ့သော အထူးကုဆရာဝန်ကြီးများလည်း မော်လမြိုင်ကျွန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြပါသည်။
မြစ်ချောင်းဝန်းရံသဖြင့် ရေလမ်းတစ်မျိုးတည်းသာ အသုံးပြုနေရသော ကျွန်းမြို့တွင် နာဂစ်အလွန် ပေါ်ပေါက် လာသော မိုင် ၅ဝ ဝန်းကျင်ရှိ မော်ကျွန်း-ကျိုက်ပိ-မအူပင် လမ်းမကြောင့် ရန်ကုန်အပါအဝင် ပြည်တွင်းဒေသအသီးသီး သို့ အချိန်တိုအတွင်း ကားလမ်းအသုံးပြုသွား လာနိုင်သည်။ မြစ်ကူး တံတားနှစ်စင်းနှင့် ကတ္တရာခင်းလမ်းအဆင့်မြှင့် ပေးခြင်းကြောင့် ကားလမ်းခရီးတွင် အချိန်ကုန်သက်သာ လာပါသည်။ တည်ဆောက်နေဆဲ ကျွဲခြံချောင်းကူးတံတား ပြီးစီးအသုံးပြုနိုင်ချိန်တွင် မော်ကျွန်းမှ ရန်ကုန်သို့ မအူပင် လမ်းအပြင် ဘိုကလေး-ဖျာပုံ-ကွမ်းခြံကုန်း-ဒလလမ်းတို့ကို ရွေးချယ် သွားလာနိုင်မည်ဖြစ်သည်။ ထို့အတူ တည်ဆောက် ရန် လိုအပ်နေသေးသော အဝချောင်းတံတားပြီးစီးပါက မော်ကျွန်းမှလှိုင်းဘုန်းဒေသအပါအဝင် သစ်ပုတ်၊ ပြင်စလူ ပင်လယ်ပိုင်းဒေသများသို့ ကားလမ်းခရီးဖြင့် သွားလာနိုင်ပါမည်။
တယ်လီဖုန်းအပါအဝင် အင်တာနက်များဖွံ့ဖြိုး တိုးတက်လာမှုနှင့် အတူ မော်ကျွန်းဒေသသည် မြန်မာပြည် သာမက ကမ္ဘာ အရပ်ရပ် အနှံ့အပြားနှင့် ဆက်သွယ်ရေးကောင်းမွန်လာပါသည်။ နာဂစ်ဒဏ် ခံစားရချိန် မော်ကျွန်း မြို့ပေါ် ပြည်တွင်းရေကြောင်း ဆိပ်ခံဗောတံတားနစ်မြုပ် သကဲ့သို့ ရန်ကုန်သို့ရောက်ရှိနေသော ပုဂ္ဂလိက နှစ်ထပ် ရေယာဉ်အချို့ နစ်မြုပ်မှုများရှိခဲ့သည်။ နာဂစ်မတိုင်မီ ရှပ်ပြေးနှစ်ထပ်ရေယာဉ်ကြီး နှစ်စင်း သာရှိရာမှ ယခုအခါ ငါးစင်းတိုးမြှင့်ပြီးပြေးဆွဲနေပါသည်။ နိုင်ငံပိုင်သတင်းစာ တိုက်များမှ နေ့စဉ်ထုတ်သတင်းစာများ ရန်ကုန်မှ နံနက် ၆ နာရီတွင် ရှပ်ပြေးရွှေပြည်တန်လူစီးသီးသန့်ဖြင့် ရန်ကုန် ဆိပ်ကမ်းသို့ နေ့စဉ်အမီ ပေးပို့ခဲ့ သဖြင့် နေ့လယ်ပိုင်း ရှပ်ပြေးဆိုက်ကပ်ချိန်တွင် သတင်းစာဖတ်ရှု၍ ရလာသည်။
နာဂစ်အလွန် တိုးတက်ခံစားရမှုနှင့်အတူ ပြုပြင်ရန် လိုအပ်နေမှုများ၊ ပံ့ပိုးကူညီရန် လိုအပ်နေသည်များလည်း ပူးတွဲရှိနေသည်ဟု စာရေးသူ၏ မိတ်ဆွေငယ်သူငယ်ချင်း တစ်ဦးက ပြောသည်။
သူငယ်ချင်းမိသားစုမှာ မော်ကျွန်းမြို့ အောက်ပိုင်း ကျေးရွာတစ်ရွာတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်ဆဲဖြစ်ရာ လိုအပ်ချက်များကို ပြောပြသည်။
စပါးကိုနိုင်ငံတော်မှသာဝယ်ယူခွင့်ရှိချိန် လယ် သမားများအနေဖြင့် စပါးအဝယ်ဒိုင်ဝန်ထမ်းအများစု၏ ကတ္တားဖြင့် ပေါင်ပိုတိုက်ယူခြင်း၊ လယ်သမားများ နားလည်ခြင်းမရှိသော အစိုဓာတ်၊ ဖုံ၊ သဲ၊ ခဲ ဖြတ်တောက် ခြင်းဖြင့် စပါးဖိုးငွေအပြည့်အဝ မရရှိခဲ့ပါ။ ယနေ့ကာလ ပုဂ္ဂလိက လုပ်ကိုင်ချိန်တွင်လည်း လယ်သမားများ စပါး ရောင်းချရာတွင် ယင်းကဲ့သို့ ပေါင်ပိုတိုက်ယူခြင်း အပါ အဝင် အစိုဓာတ် အကြောင်းပြ ဖြတ်တောက်ခြင်းရှိနေဆဲ ပင်ဖြစ်သည်။
လယ်စိုက်ပျိုးရာတွင် ငွေကြေးအရင်းအနှီးလိုအပ်မှု၊ လယ်ဧကများ၊ မိသားစုအတွင်း တိုးပွားလာသော မိသားစု ဝင်များ ခွဲဝေလုပ်ကိုင်လာ၍ ဒီရေတောများလျင်မြန်စွာ ဆုံးရှုံးမှုဒဏ်ကို ၂ဝဝ၈ နာဂစ်မုန်တိုင်း တွင် မြစ်ဝကျွန်းပေါ် သားတို့ သိရှိနားလည်လာသည်။ ပြည်ပအကူအညီဖြင့် ဒီရေတောများပြန်လည်စိုက်ပျိုးလာသည်။ ပြည်သူများ၏အသိစိတ်ရှိစွာပူးပေါင်းကူညီမှုဖြင့် ဒီရေတောများ ယခင် ကာလပမာဏထိ မများစေကာမူ အထိုက်အလျောက် ရှင်သန်လာမည်ဖြစ်သည်။ ဒီရေတောအပါအဝင် သစ်ပင်များစိမ်းစိုရှင်သန်မှသာ မုန်တိုင်းဒဏ်၊ ခရမ်းလွန် ရောင်ခြည် ကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက် လာနိုင်မည်ဖြစ်သည်။
ကားလမ်းမရှိ၍ ယာဉ်ကြောင့်ထိခိုက်သေဆုံးမှုမရှိသော မော်ကျွန်းမြို့တွင် စည်းကမ်းမဲ့သွားလာမှုကြောင့် မြို့နှင့် ယာဉ်အနေအထားနှင့်မမျှအောင် ယာဉ်အန္တရာယ် ကြောင့် သေဆုံးမှုများရှိလာသည်ကို သတိပြုမိသည်။ နာဂစ်ကဲ့သို့ အစုလိုက်မဟုတ်သော်လည်း အမှည့်ခြွေ သကဲ့ သို့ သေဆုံးနေမှုများ ယာဉ်အန္တရာယ်ကြောင့်မဖြစ်ရန် ဝိုင်းဝန်း တားဆီးရန်လိုအပ်လာသည်။
ယခင်နှစ်သီးထပ်စိုက်ပျိုးမှုကြောင့် နိုင်ငံတော်အဆင့် ထူးချွန် ဆုရရှိ ခဲ့သော မော်ကျွန်းမြို့တွင် နှမ်းစိုက်ပျိုးမှု မရှိသလောက် ဖြစ်လာသည်။ ဂုန်လျှော်စိုက် ပျိုးမှုလည်းမရှိတော့ဘဲ။ နွေစပါး၊ ပဲ၊ သီးထပ်စိုက်ပျိုးမှု သာရှိရာ မြေဆီ လိုအပ်ချက်နှင့် ပိုးမွှားအန္တရာယ်များလည်းရှိရာ မျှော်မှန်း သကဲ့သို့ ဝင်ငွေရရှိမှုမရှိသေးဟု ဒေသခံများထံမှ သိရသည်။
ကျေးလက်နှင့်မြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများ နည်း၍ မြို့နယ် တွင်းရှိ နေထိုင်သူအချို့ ရန်ကုန်အပါအဝင် ဒေသ အသီးသီး သို့ ပြောင်းရွှေ့ လုပ်သားအဖြစ် လုပ်ကိုင် လာကြသည်။
မိသားစုအလိုက်ပင် ပြောင်းရွှေ့ကြသည်။ သို့ဖြစ်ရာ လယ်ယာလုပ်သား ရှားပါးမှုမှာ အခြားဒေသများ ကဲ့သို့ရှိလာရာ စက်ကိရိယာ များ ပြောင်းလဲ အသုံးပြုလာ ရသည်။
မြို့နယ်အတွင်းလုပ်သားရှားပါးမှု မဖြစ်ပေါ်စေရေး၊ မြို့နယ်အ တွင်း နေထိုင် သူများရွှေ့ပြောင်းလုပ်သားဘဝ မရောက်ရှိရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကျေးရွာနှင့်မြို့ပေါ်တွင် လိုအပ်နေပါသည်။ သို့ဖြစ်ရာ နာဂစ်ခုနစ်နှစ်မြောက်လာသော်လည်း နာဂစ်ဒဏ်ခံဒေသ များရှိ လိုအပ်နေမှုများကို ဝိုင်းဝန်းကူညီရန် လိုအပ်နေ ဆဲဖြစ်သည်။ ထို့အတူ ထပ်မံ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုးများကို ထိခိုက်မှုနည်း ပါးစွာဖြင့် ရင်ဆိုင်နိုင်ရန် သတိပြုပြင်ဆင်ထားကြရန် လိုအပ်ပါ ကြောင်း
ရေးသားလိုက်ရပါသည်။
(မောင်စေအောင်)
MOI Webportal Myanmar
No comments:
Post a Comment