Thursday 30 April 2015

ပရီးမီးယားလိဂ်ကို အသင်းတစ်သင်းတည်းက လွှမ်းမိုးထားရန် မဖြစ်နိုင်ဟု မော်ရင်ဟို မှတ်ချက်ပြု

လာမည့်နှစ်ပိုင်းများအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကလပ်အသင်းတစ်ခုတည်းက ကြီးစိုး လွှမ်းမိုးထားမည့် အခြေအနေမျိုး ရှိနိုင်တော့မည် မထင်ကြောင်း ဟိုဆေးမော်ရင်ဟိုက မှတ်ချက်ပြု ပြောကြားလိုက်သည်။

မန်နေဂျာအဖြစ် ၎င်းတာဝန်ယူထားသည့် ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပွဲစဉ်မကုန်မီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာရန် ရာနှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်သော်လည်း မော်ရင်ဟိုကမူ နောက်ရာသီများတွင် ချယ်လ်ဆီးကချည်း ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်မည် မထင်ကြောင်း ဆိုသည်။ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို အဓိက လွှမ်းမိုးပြီး အောင်မြင်မှုများ ရရှိနေသော်လည်း ယင်းအခြေအနေသည် အနာဂတ်တွင် ဖြစ်နိုင်ခြေ မရှိတော့ဟု မော်ရင်ဟိုက သုံးသပ်ခဲ့သည်။

“လက်ရှိ အချိန်မှာတော့ အသင်းတစ်သင်းတည်းက ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားဖို့ ဆိုတာက အရမ်း ခက်ခဲ သွားပါပြီ။ ဒီမှာက ဂျာမနီမှာ ဘိုင်ယန်မြူးနစ် ကြီးစိုးထားသလို မဖြစ်နိုင်ပါဘူး။ ဆွစ်ဇာလန်မှာ ဘေဆယ်လ်၊ စကော့တလန်မှာ ဂလက်စဂို ဆဲလ်တစ်က ချုပ်ကိုင်ထားတာမျိုး အင်္ဂလန်မှာတော့ မရဘူး။ တကယ်တော့ အင်္ဂလန်မှာ ဘယ်အသင်းမှ ရေရှည် လွှမ်းမိုးမှုမျိုး မလုပ်နိုင်ခဲ့တာပါ။ စဉ်းစားကြည့်လေ။ ဘယ်တုန်းကများ နောက်ရာသီ ချန်ပီယံဖြစ်မယ့် အသင်းကို ကြိုပြီး ဟောကိန်း ထုတ်လို့ ရခဲ့ဖူးလို့လဲ”ဟု မော်ရင်ဟိုက ဆိုသည်။

၎င်းက “အာဆင်နယ်မှာ သိပ်ကို ကျစ်လစ်ပြည့်စုံတဲ့ လူစာရင်း ရှိတယ်။ သီအာရီ အွန်နရီက သူတို့အနေနဲ့ ထိပ်တန်းအဆင့် ကစားသမား လေးယောက်လောက် ဖြည့်သင့် တယ်လို့ ပြောထားတယ်။ လက်ရှိ အာဆင်နယ်ကို အဲဒီလို ကစားသမားကောင်း လေးယောက်သာ ပေါင်းထည့်လိုက်ရင် တစ်ချိန်ကလို ရှုံးပွဲမရှိတဲ့ အသင်းမျိုး ဖြစ်လာနိုင်တယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ စုဖွဲ့မှုလည်း အရမ်းကောင်း တာပါပဲ။ 

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ ဈေးအမြင့်ဆုံးဆိုတဲ့ ကစားသမား (အိန်ဂျယ်လ်ဒီမာရီယာ)တောင် သူတို့အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရဘူး။ နောက်ပြီး ဘဏ္ဍာရေး ထိန်းချုပ်မှု စည်းမျဉ်းက သူတို့အတွက် ဘာမှ အဟန့်အတား ကြီးကြီးမားမား မရှိဘူး။ နွေရာသီမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဦးမှာပဲ။ မန်ချက်စတာ စီးတီးရဲ့ စုဖွဲ့မှုလည်း ကောင်းပါတယ်။ သူတို့ဟာ သုံးရာသီအတွင်း ချန်ပီယံဆု နှစ်ကြိမ် ရယူထားတာပါ။ လီဗာပူးလ် ဆိုတာကလည်း ချန်ပီယံဆုအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတာပါ။ ဒါကြောင့် နောက်နှစ်ဟာ အားလုံးအတွက် ပိုပြီးတော့တောင် ခက်ခဲလာဦးမှာ အမှန်ပါပဲ”ဟု ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment