ကရင်တော်လှန်ရေးနေ့အခမ်းအနားတွင် ဝတ်စုံပြည့်ချီတက်နေသော ကေအင်န်ယူ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာ၌ ကေအင်န် ယူမှာ အစိုးရနှင့် တပ်မတော်ပါ ဆက်ဆံရေးအကောင်းဆုံးရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ် သည်။ (ဓာတ်ပုံ − အေအက်ဖ်ပီ)
ကရင်နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၂၁ ရက်)တွင် အစိုးရ တပ်မတော်နှင့် ကရင်တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များ ပထမဆုံးအကြိမ် ချစ်ကြည်ရေးဘောလုံးပွဲကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကော့ကရိတ်မြို့ အခြေစိုက် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် မြ၀တီနှင့် ကော့ကရိတ်ခရိုင် အတွင်းရှိ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် ကော့ကရိတ်မြို့၌ ချစ်ကြည် ရေးဘောလုံးပွဲ ကစားရန် စီစဉ် ထားကြောင်း မြ၀တီမြို့ ကေ အင်န်ယူဆက်ဆံရေးရုံးတာဝန်ခံ တစ်ဦးက ပြောသည်။
‘‘နှစ်သစ်ကူးနေ့မှာကန်မှာပါ။ ဟိုတုန်းက အခုလိုသမိုင်းကြောင်းမရှိခဲ့ပါဘူး။ အခုပထမဆုံးအကြိမ်စီစဉ် တာပဲ။ KNU ရော၊ DKBA ရော၊ BGF ပါပါတယ်။ အသက်(၄၀) ကျော်တဲ့ တပ်ဖွဲ့ဝင်တွေနှစ်ဖွဲ့ခွဲကန်မှာပါ’’ ဟု ၎င်း က ပြောသည်။
ယခုကဲ့သို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားသည့်အပေါ် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များအ ပြင် ဒေသခံများကလည်း ကြိုဆို ကြောင်း အပြုသဘောဆောင် သည့် မှတ်ချက်များပေး သည်။
ကရင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသည့် တပ်မတော်အရာရှိတစ်ဦးက ‘‘စစ်သားဘ၀ က ထူး ဆန်း တဲ့ စိတ်ရှိတယ်။ တစ် ခါမှ မမြင်ဖူးသူချင်း တိုက်ကြ တယ်။ ဘာအငြိုးမှ မရှိဘဲ တစ် ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို စွဲကိုင်ပြီးတိုက်တာ။ နောက်ပြီး ချက်ချင်းလည်း ဘော်ဒါရင်းဖြစ် သွားပြန်ရော။ ပြောချင်တာက စစ်သားဆိုတဲ့ စစ်သားစစ်စစ်တွေ မှာ နိုင်ငံရေးအရောင် မရှိဘူး။ အထက်အမိန့်ပဲ။ တာဝန်ပဲ။ အခု လို အထက်လူကြီးတွေချည်း ယုံကြည်နားလည်မှုကနေ အောက်ခြေတပ်ဖွဲ့ဝင်တွေအထိ ယုံကြည် နားလည် အောင် ထိတွေ့ပေးတဲ့ ပွဲဆိုတော့ ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာအောင် လက်တွေ့ကျတဲ့ တည်ဆောက်မှု တစ်ခု လို့ ပြောလို့ ရတယ်’’ဟု သုံးသပ်သည်။
ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)မှ ဒုဗိုလ်အဆင့်ရှိ သူတစ်ဦးက ယခင် နှစ်သစ်ကူးပွဲ များတွင် အစိုးရဌာနဆိုင်ရာဝန် ထမ်းများနှင့် ဘောလုံးကန်ခဲ့ဖူး သော်လည်း ယခုနှစ် တွင် အစိုးရ တပ်နှင့် ကန်ရမည့်အပေါ် စိတ် လှုပ်ရှားပြီး မျှမျှတတ ကစားသွား မည်ဖြစ်ကြောင်း ပြောသည်။
ကော့ကရိတ်မြို့ ဒေသခံ ဦးစိုးအောင်နိုင်က ဒေသတွင်း၌အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရင်းရင်းနှီးနှီး နေထိုင်ကြခြင်းမှာ နယ်မြေ အခြေအနေအေးချမ်းသည့်သဘော သက်ရောက် သောကြောင့် ဒေသခံတစ်ဦးအနေဖြင့် ၀မ်းသာကြောင်း ပြောသည်။
သို့သော် ပြဿနာ အသေးအဖွဲ့လေးမှ စတင်ကာ လက်နက်ကိုင်ထားသူ ကာယကံရှင်များ စိတ်လိုက် မာန်ပါ လုပ်ပါက ဒေသခံများ နေ့ရောညပါ ကျီးလန့်စာစား ဘ၀ရောက်ရကြောင်း ပြောကြားသည်။
ကရင်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့သည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားပြီး အစိုးရတပ်နှင့် လည်း နီးစပ်သော ဆက်ဆံရေးရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာက ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် အစိုး ရတပ်တင်းမာမှုဖြစ်ပွားကာပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်းနည်းမျိုးစုံဖြင့် နှစ်ဖက်ပြန်လည်ညှိနှိုင်းနိုင်ခဲ့သည်။
7Day DAILY
No comments:
Post a Comment