ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက် ရကြောင်း သတင်းရရှိသည်။
အိမ်ရှေ့မင်းသား မဟာဗာဂျာရာလွန်ကွန်၏ ကြင်ရာတော် ဆရီရက်စ်မီ မင်းသမီးသည် သူမ၏ တော်ဝင် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၏ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ ကျန်းမာရေး အခြေအနေ ဆုတ် ယုတ် ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် တော်ဝင်မိသားစု၌ ယခုကဲ့သို့ အပြောင်း အလဲတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဘုရင်မင်းမြတ် ဘူမိဘောက မင်းသမီး ဆရီရက်စ်မီ အနေဖြင့် သူမ၏ တော်ဝင် အဆောင်အယောင်များကို စွန့်လွှတ်ရန် ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြောင်း နန်းတော်က တိုတိုတောင်းတောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အခြေအနေက အိမ်ရှေ့မင်းသား အနေဖြင့် ကြင်ရာတော်ကို ကွာရှင်းရန် စီစဉ်နေကြောင်း ကောလာဟလများကို ပိုမိုခိုင်မာလာစေသည်။ မင်းသမီး ဆရီရက်စ်မီ၏ ဆွေမျိုးတော်စပ်သူ (၇)ဦးတို့သည် ရဲတပ်ဖွဲ့အတွင်း ခြစားနေမှုများနှင့် ပတ်သက်သည့် အမှုတစ်ခုတွင် ပါဝင်ဆက်နွှယ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် တော်ဝင် မိသားစုအတွက် သိက္ခာကျစရာ ဖြစ်ခဲ့သည်။
အိမ်ရှေ့မင်းသားက မိမိကြင်ရာတော်၏ တော်ဝင်ဂုဏ်ပုဒ်များကို ရုပ်သိမ်းပေးပါရန် အစိုးရထံ တောင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ (၁၃)နှစ်ကြာ အိမ်ထောင်ရေးမှာ ဆုံးခန်းတိုင်ရန် အကြောင်းဖန်လာ ခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံတို့သည် ၂၀၀၁ ခုနှစ်က လက်ထပ် ထိမ်းမြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ တွင် သားတစ်ဦး ဖွားမြင်ထားသည်။
_Ref: Channelnewsasia
7Day DAILY
No comments:
Post a Comment