Wednesday 15 October 2014

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများအရေး အစိုးရနှင့် SSPP တို့ တွေ့ဆုံဆွေးနွေးမည်

အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းမြောက်ပိုင်းတပ်မတော် (SSPP/SSA)တို့ ယခုလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် SSPP/SSAတို့ လာမည့် အောက်တိုဘာလ ၁၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။“လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်နိုင်ပါရန် အကြောင်းကြားတာပေါ့။ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆိုတော့ အခုဖြစ်ပျက်နေတဲ့ တာဖာဆောင်ကိစ္စတွေ ပါတာပေါ့ဗျာ။ တပ်မတော်က မဆုတ်သေးဘူး။ အခုဆွေးနွေးမှုမှာလည်း တိုင်းနှစ်တိုင်းလုံးပါတယ်”ဟု SSPP/SSA ၏ အထွေထွေ အတွင်းရေးမှူးချုပ် စဝ်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။
"ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် SSPP နှင့် ဦးသိန်းဇော် အပါအဝင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးခင်မောင်စိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနမှ ဦးချစ်ကိုကို၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

SSPP ဘက်မှ တက်ရောက်ဆွေးနွေးမည့် သူကိုမူ မဆုံးဖြတ်ရသေးဟု ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် SSPPက အပစ်အခတ်ရပ်စဲရေး ခိုင်မာရန်၊ ပြည်တွင်းစစ် ရပ်ဆိုင်းရန်နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး လုပ်ဆောင်ရန် အဆိုပြုမည်ဟု စဝ်ခွန်ဆိုင်းက ပြောသည်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် တာဖာဆောင်ဒေသအတွင်း အောက်တိုဘာလ ၂ ရက်မှ ၄ ရက်ထိ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ဒေသခံ ရွာသားများသည် အစိုးရ စစ်တပ်က ဆုတ်ခွာပေးခြင်း မရှိသေးသဖြင့် ယနေ့အချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ ဖြစ်နေကြောင်း စပ်ခွန်ဆိုင်းက ပြောသည်။

SSPP/SSA သည် အစိုးရနှင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သော် လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ၎င်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွင် လည်း ပါဝင် ဆွေးနွေးနေသော အဖွဲ့လည်း ဖြစ်သည်။

Mizzima

No comments:

Post a Comment