Friday 6 June 2014

ကိုယ်ပိုင်ယာဉ်တစ်စီး ကွန်တိန်နာ နောက်တွဲကို ဝင်တိုက်

သာကေတမြို့နယ် ရှုခင်းသာလမ်းရှိ အေးရှားဘိုးလိန်း စင်တာရှေ့ လမ်းကွေ့တွင် ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ကိုယ်ပိုင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ့ ကွန်တိန်နာယာဉ် နောက်တွဲကို တိုက်မိ ရာမှ ယာဉ်မောင်း အပါအဝင် ဂျပန်နိုင်ငံသား နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ဒဂုံမြို့နယ်ရှိ ကုမ္ပဏီတစ်ခုမှ လျှပ်စစ်အင်ဂျင်နီယာများ ဖြစ်သော ဂျပန်နိုင်ငံသား အမျိုးသားနှစ်ဦး လိုက်ပါ စီးနင်းလာသည့် Mark 2 အမျိုးအစား ကိုယ်ပိုင်ယာဉ်သည် သာကေတဘက်မှ ဒေါပုံမြို့နယ်ဘက်သို့ ရှုခင်းသာလမ်းအတိုင်း မောင်းနှင်လာစဉ် အေးရှားဘိုးလင်း စင်တာရှေ့ရှိ လမ်းကွေ့တွင် ညာဘက် ယာဉ်ကြော လမ်းဘေး၌ ရပ်နားထားသည့် ၂၂ ဘီး ကွန်တိန်နာယာဉ် နောက်တွဲကို ဝင်တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း သာကေတမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။ 

“လမ်းကွေ့မှာ စလစ်ဖြစ်ပြီး လမ်းဘေး ရပ်ထားတဲ့ ကွန်တိန်နာ နောက်တွဲကို ဝင်တိုက်မိလို့ ကားခေါင်းပိုင်း ကြေ သွားတာ။ ယာဉ်မောင်းကို ကားထဲက မနည်း ဆွဲထုတ် ကယ်ခဲ့ရတယ်။ ဂျပန်လူမျိုး နှစ်ယောက်က ကားနောက်ခန်းမှာ ဖြစ်တာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရလိုက်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

အဆိုပါ ယာဉ်တိုက်မှုကြောင့် Mark 2 ယာဉ်မောင်း ဦးဇော်ဇော်ထွန်းတွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး လျှပ်စစ်အင်ဂျင်နီယာများ ဖြစ်သော အသက် ၄၉ နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသားနှင့် အသက် ၂၉ နှစ် အရွယ်ရှိ ဂျပန်နိုင်ငံသားတို့ နှစ်ဦးတွင် မျက်နှာ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီးသို့ တင်ပို့ထားရကြောင်း သာကေတမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

ယင်းယာဉ်တိုက်မှုကြောင့် မြစ်သားမြို့နယ်တွင် နေထိုင်သူ ယာဉ်မောင်း ဦးဇော်ဇော်ထွန်းကို သာကေတမြို့မ ရဲစခန်းက ယာဉ် (ပ) ၃၁/ ၁၄၊ ပုဒ်မ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။ 

အလားတူ ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းရှိ (၁) ဈေးကွေ့ မှတ်တိုင်တွင် ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ယာဉ်လိုင်း အမှတ် (၅၇) ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ကားမှတ်တိုင် အနီးတွင် တာဝန် ထမ်း ဆောင် နေသော ယာဉ်ထိန်းရဲကို ဝင်တိုက်မိခဲ့သောကြောင့် ယာဉ်တိုက်ခံရသူ ဒုတပ်ကြပ် ဝေလင်း မောင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားရကြောင်း ဒေါပုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment