Friday 6 June 2014

စီးယက်တဲလ်တက္ကသိုလ်နယ်မြေ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

သေနတ်ဖြင့် ပစ်ခတ်ခံရသူတစ်ဦးအား လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် (Dailymail)
စီးယက်တဲလ်- အမေရိကန်နိုင်ငံ စီးယက်တဲလ်ပစိဖိတ်တက္ကသိုလ်နယ်မြေအတွင်း ဇွန်လ ၅ ရက် နေ့လယ် တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် (၂၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု စီးယက်တဲလ်ဆေးရုံပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းပစ်ခတ်မှုတွင် ကျန်လူနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းနှင့် သံသယရှိသူအား ဖမ်းဆီးထား ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Harborview ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူဆန်ဂရက်သည် သေဆုံးသွားခဲ့သော အမျိုးသားနှင့် ပတ်သက်သည့် သတင်းများကို ပြောကြား ခြင်းမရှိသော်လည်း အသက်(၂၀)နှစ်ရှိ အမျိုးသမီးသည် ဒဏ်ရာ ပြင်းထန် သောကြောင့် ခွဲစိတ်ကုသမှုခံယူနေရသည်ဟု ပြောသည်။ အသက် (၂၄)နှစ် အမျိုးသားနှင့် အသက် (၂၂)နှစ်အမျိုးသားတို့မှာ အခြေအနေမစိုးရိမ်ရဟု ပြောသည်။ နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူ ရှိလိမ့် မည် မဟုတ် ဟုလည်း ဆူဆန်ဂရက်က ခန့်မှန်းပြောကြားသည်။
သံသယရှိသူ သေနတ်သမား ဒဏ်ရာရရှိသည်၊ မရရှိသည်ကို မသိရှိရသေးပေ။ သေနတ်ဖြင့် ပစ်ခတ် မှုဖြစ်ပွား ခဲ့သောကြောင့် တက္ကသိုလ်နယ်မြေကို ပိတ်ထားရသည်ဟု စီးယက်တဲလ်တက္ကသိုလ် အွန်လိုင်း စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ အမေရိကန် SWAT အထူးတပ်ဖွဲ့အရာရှိများသည် တက္ကသိုလ်နယ်မြေ ရှိ အဆောက်အအုံများကို ဆက်လက်ရှင်းလင်းနေသည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သည့်လကလည်း ဟောလိဝုဒ်ဒါရိုက်တာတစ်ဦး၏ သားဖြစ်သူ အဲလီးယက်ရော်ဂျာသည် ကယ်လီ ဖိုးနီးယားပြည်နယ် တက္ကသိုလ်နယ်မြေအနီး၌ လူခြောက်ဦးကို သတ်ဖြတ်ခဲ့ပြီး လူခုနစ်ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့သည်။

Ref: AP
7Day DAILY 

No comments:

Post a Comment