Monday 2 June 2014

ကျောင်းအပ်ချိန် ပခုက္ကူ အထက်တန်းကျောင်းများ အပိုကြေး ကောက်ခံဟု ကျောင်းသားမိဘဆို

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံး ကျောင်းအပ် လက်ခံလျက်ရှိရာ မကွေးတိုင်းဒေ သကြီး၊ ပခုက္ကူမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၄)၊ အ.ထ.က (၅) အပါအဝင် မြစ်ခြေတိုက်နယ်ရှိ အထက်တန်း ကျောင်းများအနေနှင့် ကျောင်းအပ် လက်ခံရာတွင် အပိုကြေးများ ကောက်ခံလျက် ရှိကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်းသိရှိရသည်။

မေလ ၂၉ ရက်က မြစ်ခြေတိုက်နယ်၊ စဘေကျေးရွာ အလယ်တန်း ကျောင်းများမှနေ၍ မြစ်ခြေ အ.ထ.က သို့ လာရောက် ကျောင်းအပ်နှံသည့် မိဘများထံမှ ကျောင်းအုပ် ဆရာမကြီးက ကျောင်းပြောင်း TC လက်မှတ် အဝင်အထွက်များအတွက် ကျပ် ၅၀၀၀ ကောက်ခံသည် ဆိုသဖြင့် ဖြေရှင်းပေးခဲ့ရကြောင်း မြစ်ခြေတိုက်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“တူမလေး ခုနစ်တန်းအောင်လို့ မြစ်ခြေအထကမှာ အဋ္ဌမတန်းတက်ဖို့ သွားအပ်တယ်။ မူလတန်းနဲ့ အလယ် တန်း ကို အခမဲ့ ပညာရေးစနစ် ဆိုပေမယ့် ကျောင်းအုပ်ကြီးက ကျောင်းအပ်ခ တစ်ထောင်ကျပ်နဲ့ ကျောင်း ပြောင်း TC ဝင်ကြေး ငါးထောင်ကျပ်ပေးဆိုလို့ ပေးခဲ့ရတယ်” ဟု ဆွဲကြီးကျေးရွာနေသူ ကိုစိုင်းဇော်ဌေးက ဆိုသည်။

ပခုက္ကူ အ.ထ.က (၁) မှ ပြင်ပကျောင်းသို့ ဒသမတန်းတက်ရန် ကျောင်းပြောင်း လက်မှတ် ထုတ်ယူရာတွင် ကျောင်းအုပ် ဆရာမကြီးထံ တစ်သောင်းကျပ် ပေးဆောင်ခဲ့ရကြောင်း ကျောင်းသားမိဘ ဦးဝင်းထွန်းက ဆိုသည်။

ယင်းသို့ ငွေကောက်ခံရာတွင် ကျောင်းပြောင်းလက်မှတ် အဝင်အထွက် TC ကြေးများကို ပခုက္ကူ အ.ထ.က (၂) က လေးထောင်ကျပ်၊ အ.ထ.က (၄) က ငါးထောင်ကျပ်၊ အ.ထ.က (၅) က ငါးထောင်းကျပ်နှင့် အဋ္ဌမ တန်း ကျောင်း အပ်ရာတွင် တစ်ထောင်ကျပ် ကောက်ခံကြောင်း ကျောင်းသား မိဘများထံမှ စုံစမ်းသိရှိရ သည်။ 

ယင်းငွေကောက်မှုကို အစည်းအဝေးတိုင်းတွင် အလှူမခံရ၊ TC ကျောင်းပြောင်း လက်မှတ်များအတွက် အဝင် အထွက်ကို ငွေလုံးဝ မကောက်ခံရ၊ ဖလားချထားခြင်း၊ ပုံးချထားခြင်း မပြုလုပ်ရန် ညွှန်ကြားပြီး ဖြစ်ကြောင်း ပခုက္ကူ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုမြင့်က ပြောကြားသည်။ 

အခမဲ့ ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် အပါအဝင် ထောက်ပံ့ငွေ ကျပ် ၁၀၀၀ စီကို ပေးအပ်လျက် ရှိကြောင်း၊ သူငယ် တန်း မှ အဋ္ဌမတန်းအထိ အခမဲ့ ပညာရေးစနစ် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အခြေခံပညာ မူလတန်းကျောင်းမှ အထက်တန်း ကျောင်းများအထိ အသေးသုံးငွေကို ယခုနှစ်တွင် ပြည်နယ် တိုင်း အသီးသီးရှိ ကျောင်းများသို့ ပညာရေး ဝန်ကြီးဌာနက ခွဲဝေပေးထားပြီး စာရွက်စာတမ်းကြေး၊ ကျောင်း သုံး ရုံသုံးစရိတ်၊ စက်ပြင် ထိန်းသိမ်းစရိတ်၊ မီတာခ စသည်တို့ကိုလည်း ခေါင်းစဉ်များတပ်ကာ သုံးစွဲစေရန် ထုတ်ပေးထားကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ပခုက္ကူမြို့နယ်ရှိ အထက်တန်း ကျောင်းများ၏ အပိုငွေကြေး ကောက်ခံမှုသည် အုပ်ထိန်းသူ မိဘများ၏ စီးပွား ရေး အခြေအနေပေါ် ကြည့်၍ ကောက်ခံမှုများ ရှိကြောင်း ကျောင်းသားမိဘများထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment