NDF ပါတီမှ ဖားကန့်မြို့နယ်
ကိုယ်စားလှယ်လောင်း ရှေ့နေဒေါ်ဘောက်ဂျာ အား ဇူလိုင်လ ၁၈ ရက် ညနေ ၅ နာရီကျော်
အချိန်တွင် ၎င်း၏နေအိမ်ရှိရာ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် အိမ်အမှတ်
(၄၉၆)မှဖမ်းဆီးခေါ်ဆောင်သွားကြောင်း
သတင်းရရှိသည်။ ၎င်းကို အမှတ်(၂)ရဲစခန်းမှ ဖမ်းဆီးခြင်းဖြစ် ပြီး
သွားရောက်စုံစမ်းရာ ၎င်းအမှုမှာ အမှတ်(၂)စခန်းတွင် အမှုဖွင့်ထားခြင်း မရှိဘဲ
ခရိုင်ရဲတပ်ဖွဲ့၏ ညွှန်ကြားချက်ဖြင့်သာ ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်ကြောင်း
အဆိုပါရဲ စခန်းမှရဲအရာရှိ တစ်ဦးက ပြော ကြားသည်။
NDF ပါတီမှ ဒေါ်ဘောက်ဂျာအား ကူညီနေသူ ဦးမိုးကျော်က ''လာဖမ်းတော့ ညနေ ၅ နာရီ ၂၅ မိနစ်မှာ မြစ်ကြီးနားက သူ့အိမ်မှာပဲ လာဖမ်းတာပါ။ SB တွေ၊ ရဲတွေ၊ ရဲမေတွေနဲ့ အုပ်ချုပ်ရေးမှူးပါတယ်။ ည ၇ နာရီ ၁၀ မိနစ်က မြစ်ကြီးနားကနေ ထွက်လာတာ မိုးကောင်းရဲစခန်းကို ၉ နာရီမိနစ် ၅၀ မှာ ရောက်ပါတယ်။ ဖမ်းရတဲ့ အကြောင်းရင်းကိုတော့ ကျွန်တော်တို့ မေးလို့မရသေးဘူး။ ကာမိုင်း ရဲစခန်း ကို ပို့မယ်လို့ ပြောပါတယ်'' ဟု ပြောကြားခဲ့သည်။
ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ သမ၀ါယမ၀န်ကြီး ဦးအုန်းမြင့်နှင့် ဖားကန့်မြို့နယ် တွင် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ပြီး ညဘက်ပိုင်းတွင် မဲနိုင်သည်ဟု သိရပြီး နောက်နေ့မနက်တွင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဦးအုန်းမြင့်အား တရားစွဲရန် ပြင်ဆင်မှုများ ရှိခဲ့ကြောင်း၊ ၎င်းနောက် ကချင်ပြည်နယ် ကာမိုင်းမြို့နယ်တွင် သာမန်အရပ်သားဘ၀ဖြင့် နေခဲ့စဉ်အခါက နာမကျန်းဖြစ်နေသော ဒေသ ခံ ဆွေမျိုး သားချင်း တစ်ဦးအား ကူညီခဲ့ရာတွင် ဆေးဘက်ဆိုင်ရာ လွဲချော်မှုဖြစ်ခဲ့ပြီး ၎င်းအမှုကို နှစ်ဦးနှစ်ဘက် မှ ကျေအေးထားသော်လည်း ပါတီတစ်ခုမှ ၀င်ရောက်စွက်ဖက်လျက် ဒေါ်ဘောက်ဂျာအား တရား စွဲဆိုခဲ့ကြောင်း၊ ယင်းအမှုကို နှစ်ဦးနှစ်ဘက် ပြန်လည်ကျေအေး ခဲ့သော်လည်း ယခုအခါ ၎င်းအမှုအား ရဲစခန်းမှ တရားဝင် ပိတ်သိမ်းခြင်း မရှိဘဲ ပြန်လည်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း၊ NDF ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးမြတ်မိုးမြင့်က ပြောကြားခဲ့သည်။
''၂၀၁၁ ခုနှစ်မှာ ကျွန်တော်တို့ ပါတီဝင်တွေ ကြားဖြတ်ရွေးကောက်ပွဲ အတွက် တော်တော် ပြင်ဆင်ခဲ့ တယ်။ အခုလည်း ၂၀၁၄ ခုနှစ် ၀င်ခါနီးမှာ ၂၀၁၅ ခုနှစ်အတွက် ရည်မှန်းပြီး စတင်စည်းရုံးနေတာတွေ ရှိနေတော့ ဒါဟာနိုင်ငံရေး ဂိမ်းကစားကွက် တစ်ခုလို့ မြင်တယ်။ ဖားကန့်မှာတော့ သူ့ကိုထောက်ခံသူ အတော်များပါတယ်'' ဟု ၎င်းကဆက်ပြောသည်။
ဒေါ်ဘောက်ဂျာသည် ဟူးကောင်းချိုင့်ဝှမ်း ဒေသအတွင်းရှိ ယုဇနကုမ္ပဏီမှ စိုက်ပျိုးမြေသိမ်းယူ မှုကြောင့် ဒေသခံများ ဆုံးရှုံးနစ်နာရသည်ကို ရှေ့နေ အဖြစ် ဆောင်ရွက်ပေးခဲ့သည့်အပြင် ယုဇနကုမ္ပဏီအား ရန်ကုန်မြို့ တွင် ဒေသခံများနှင့်အတူ သွားရောက်ဆန္ဒပြရန်လည်း ကြိုးပမ်းခဲ့သည်။ ယခုအချိန်တွင် သူသည် ILO နှင့် ချိတ်ဆက်ကာ ကလေးစစ်သား ပြန်လည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း လူမှုအဖွဲအစည်းများ ၏ ပြောကြားချက်အရ သိရှိရသည်။
Eleven Media Group

No comments:
Post a Comment