မုံရွာမြို့မှ ကလေး-တမူးသို့ပြေးဆွဲနေသော ရွှေမြန်မာလူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယကုန်ပစ္စည်းများ အကောက်ခွန်မဲ့သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး မိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက်
ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့
အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက်
အကောက်ခွန် အရာရှိတွေ ကို ခေါ်ပြီးစစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့်
ပစ္စည်းများစစ်ဆေးသည့် မုံရွာမှ အမြင့်သို့သွားသည့် လမ်းဘီးခွန်ဂိတ်တွင်
ရောက်ရှိနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသားတစ်တန်ကျော်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်းလာတာမဟုတ်ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု အကောက်ခွန်အရာရှိက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့် ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများစတင်နေပြီဖြစ် ပြီး ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများဖြစ်သော မုံရွာ၊ ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်း မြို့များတွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး အဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ် သွား မည် ဖြစ်ကြောင်း စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်း တွင် ပြောကြားခဲ့ ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

The Voice Weekly
No comments:
Post a Comment