Tuesday, 18 September 2012

သူရဲကောင်း အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာ.....တဲ့ .....



တာဝန်က ပြန်လာတဲ့ အခါ ဖေဖေ့ ဂုတ်ပေါ်ခွစီးခိုင်းပြီး လမ်းလျှောက်ထွက်ကြမယ်ဆို ။
သား ပြေးလွှားဆော့ကစားရင်း ချော်လဲကျတဲ့ အခါ
ဖေဖေရဲ့ ဆွဲထူတတ်တဲ့ လက်တစ်စုံရဲ့ နွေးထွေးမှု သား ..မမေ့သေးပါဘူး ။
ည အမှောင်တွေမှာ စိုးရွံ့ထိတ်လန့်တဲ့ အခါ ဖေဖေ့ ရင်ခွင်ထဲ တိုးဝင် အိပ်စက်ခဲ့ရတဲ့ လုံခြုံမှု သား... သတိရနေဆဲပါ ။


ဖေဖေ့ လက်မောင်းကို တွဲခို ဆော့ကစား ဖေဖေ နဲ့ သား ရီမောခဲ့ရတာတွေ
သား ...ကြားယောင်နေတုန်းပါ ။
သား ရဲ့ ပြောသမျှ စကားတွေကို ပြုံးပြီး နားထောင်ပေးကာ မေတ္တာမျက်ဝန်းတွေ နဲ့ ကြည့်နေတတ်တဲ့ ဖေဖေ့ ရဲ့ မျက်နှာ သား အတွက် တကမ္ဘာ ဖြစ်ခဲ့ပါတယ် ။
ဖေဖေ ပြောခဲ့တဲ့ စကားသံတွေ သား ရဲ့ နားထဲမှာ ပဲ့တင်ရိုက်နေ ဆဲပါ။
ခုတော့ ........
ဖေဖေ ရဲ့ နွေးထွေးတဲ့ လက် ၊ ထိတ်လန့်မှုတွေရဲ့ ဝေးရာ ဖေဖေ့ ရင်ခွင်၊
မေတ္တာလွှမ်းတဲ့ စကားသံတွေ ၊ ဂရုဏာ မျက်ဝန်းတွေ.... သား..... လွမ်းနေရတော့မယ် ။ သား အတွက် မဟာတံတိုင်းကြီး ပြိုလဲခဲ့ရပြီလေ ....
သား မငိုရဲ ပါဘူး ။
ယောကျာင်္း ဆိုတာ မငိုရဘူးလို့ ဖေဖေ ပြောခဲ့တဲ့ စကား သား....မှတ်သားဖူးခဲ့တယ် ။
မျက်ဝန်းအိမ်ထဲမှာ တွဲခိုလာတဲ့ မျက်ရည်စတွေကို အတတ်နိုင်ဆုံး မကျအောင်ထိမ်းပါ့မယ် ။
ဖေဖေ နဲ့ သား ဘဝခြားအောင် လုပ်ခဲ့သူတွေ ကို နာကျည်းတာထက်
ကမ္ဘာပေါ်မှာ စစ်ပွဲတွေကြောင့် ဖခင်မဲ့သွားခဲ့ရတဲ့ သားနှင့် ဘဝတူ သားသမီးတွေ နောက်ထပ် ရှိမလာအောင် စစ်ပွဲတွေ
ပျောက်ကွယ်သွားပါစေလို့ပဲ ဆုတောင်းမိတဲ့ ငြီးတွားသံ ဖေဖေ
ကြားနိုင်ပါစေသား ............

ဦးယဉ်ကျေး ။ ။

No comments:

Post a Comment