Wednesday 20 January 2016

စီးပွားရေး အဆင်မပြေသဖြင့် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးကို ဓားဖြင့်ထိုးသတ်မှု ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွား

ဗိုလ်တထောင်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဗိုလ်တတောင် မြို့မရဲစခန်းက ဇန်န၀ါရီ ၁၉ ရက်တွင် စုံစမ်းသိရသည်။
ဇန်န၀ါရီ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်နေ ဒေါ်......(၆၀)နှစ် သည် နေအိမ်တွင်ရှိနေစဉ် ဗိုလ်တထောင်မြို့နယ်၊ ၅ ရပ်ကွက်တွင် နေထိုင်သော သမီးဖြစ်သူ မ.....(၃၃) နှစ်ကို ခင်ပွန်းဖြစ်သူ ဇာနည်အောင် (၃၄) နှစ်က ဓားဖြင့်ထိုး၍ သေဆုံးသွားကြောင်း သိရသဖြင့် လိုက်သွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရသည့် အကြောင်းရင်းမှာ သမီးဖြစ်သူနှင့် ဇာနည်အောင်တို့မှာ စီးပွားရေး အဆင်မပြေသည့် ကိစ္စဖြင့် လင် မယားချင်း စကားများ ရန်ဖြစ်ခဲ့ကြပြီး ဇာနည်အောင်မှ အရိုးအသွား ခြောက်လက်မရှိ စတီးရိုးတပ် ခေါက်ဓားဖြင့် ထိုးလိုက်ရာ သမီးဖြစ်သူ မ......မှာ ၀ဲနို့အုံပေါ် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသဖြင့် မိခင်ဖြစ်သူ ဒေါ်......က သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။

“ယောက်ျားဖြစ်သူကတော့ အလုပ်အကိုင် မည်မည်ရရ မရှိဘူးလို့ သိရတယ်။ အဲဒါကြောင့် အိမ်မှာဝင်ငွေ နည်းတာပေါ့လေ။ ငွေကြေးစီးပွားရေး အဆင်မပြေတော့ လင်မယားချင်း စကားများကြတာပေါ့။ အဲဒီလိုစကားများရင်းနဲ့ ခင်ပွန်းဖြစ်သူက ဒေါသနဲ့ အခုလို ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကိုတော့ အခင်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ အဲဒီနေအိမ်မှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ ဗိုလ်တထောင်မြို့မ ရဲစခန်းက (ပ) ၁၆/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။


Writer: မင်းသိန်းနိုင်
Eleven Media Group

No comments:

Post a Comment