Wednesday, 12 August 2015

အစာကွင်းဆက် ပျက်ယွင်းသွားလေသောအခါ

ဖိုခုံလောက်ဆိုင် မီးဖိုပေါ်ရှိ ဒယ်အိုးအတွင်းမှ ဆီပူလာရန် ဇွန်း တစ်ချောင်းကိုင်၍ အမျိုးသမီးတစ်ဦးစောင့်ဆိုင်းနေသည်။ အဆိုပါ အမျိုးသမီးအနီး ဝါကြန့်ကြန့်အင်ဖက်တစ်ခုပေါ်တွင် မည်သည့်မြွေ အမျိုးအစားဖြစ်သည်ကိုပင် ခွဲခြားရန်ခက်နေသည့် အရေခွံဆုတ်ခံထားရသောမြွေအချို့ကို ဖြန့်လှန့် ထားသည်။


‘‘အဲဒီမြွေတွေကို သူတို့ချက် ပြုတ်စားသောက်ဖို့လုပ်နေတာ။ မြွေတွေကတော့ ဘာမြွေတွေလဲမသိဘူး’’ဟု ယင်းမြင်ကွင်းကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည့် ကိုစိုင်းဇော်သိုက်က ပြောသည်။

တစ်နိုင်ငံလုံးအနှံ့ ရေလွှမ်းမိုးခံခဲ့ရသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် လူဦးရေသိန်းနှင့်ချီရှိသည်။

မြေပြင်မှသည် ရေပြင်အဖြစ် ပြောင်းသွားခဲ့သည့်အတွက် ရေ ဘေးသင့်သူများတွင် အခြား ကုန်းနေ၊ ရေနေတွင်းအောင်းသတ္တဝါ များလည်းပါဝင်ခဲ့သည်။ ယင်းတို့ အနက် လူတို့ကြောက်ရွံ့ရသည့် အရေခွံ ချွဲကျိကျိ၊ ရှည်မျောမျောခန္ဓာကိုယ် ပိုင်ဆိုင်ထားသော မြွေများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ရေဘေးတွင် လွတ်အောင်မပြေးနိုင် သည့် မြွေမျိုးစိတ်များ အသက်သေ ခဲ့ရသလို ပြေးနိုင်သော်လည်း လူတို့မနှစ်မြို့ခြင်း၊ ကြောက်ရွံ့ခြင်းတို့ကြောင့် အသက်ပေးလိုက်ရသည့် မြွေများလည်းရှိသည်။

‘‘သေချာတယ်။ မြွေတွေနဲ့ မြွေတွေစားတဲ့အကောင်တွေရဲ့ မျိုးပွားနှုန်းကို လုံးဝထိခိုက်သွားပြီ။ နောက်ပိုင်း ဘာဖြစ်မလဲဆိုတာ တော့ စောင့်ကြည့်ရမယ်’’ ဟု တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေး မိတ်ဆွေအသင်း ဒါရိုက်တာ ဦးမြင့်အောင်က ပြောသည်။

၂၀၀၈ တွင် လူဦးရေသိန်းချီ သေဆုံးခဲ့သော နာဂစ်မုန်တိုင်း အပြီး နောက်တစ်နှစ်၌ ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ကွင်းများတွင် ကြွက်များအလွန်အကျွံ ပေါများလာခဲ့သည်။ ကြွက်များ ပေါများလာခြင်းသည် မြွေများမရှိတော့ခြင်းကြောင့်ဟု သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးသမားများက ယုံကြည်နေသဖြင့် အလားတူ ဖြစ်ရပ်မျိုးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် သတိပေး ပြောကြားသည်။

ရေကြီးနစ်မြုပ်ခဲ့သော အရပ်ဒေသများတွင် မြွေမျိုးစုံ ကျက်စားသော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဒေသများလည်း ပါဝင်ခဲ့သည်။ ထိုဒေသများသည် ရေမကြီးမီကပင် တရုတ်နိုင်ငံသို့ မြွေမျိုးစုံတင်ပို့သည့် လုပ်ငန်းရှိနေ သည်။ ထို့ကြောင့် ယခုရေလွှမ်းမိုးမှုသည် မြွေမျိုးစိတ်များ၏ တိုးပွားနှုန်းကို ထိခိုက်နိုင်သည်ဟု ကုန်း နေရေနေသတ္တဝါတို့၏ ဇီဝစက်ဝန်းကို လေ့လာထားသူများက ဆိုသည်။

‘‘နဂိုကတည်းက အဲဒီနေရာ တွေက နိုင်ငံခြားကိုတင်ပို့နေတဲ့ မြွေဈေးကွက်ကြီးဖြစ်နေတာ အခုလို ရေကြီးလိုက်တော့ ရေစီးနဲ့ မျောပါလို့သေတဲ့အကောင်ရှိသလို လူတွေလက်ချက်ကြောင့် သေတာလည်းရှိနိုင်တော့ အဲဒီနေ ရာတွေမှာ အကောင်ရေနည်းသွားနိုင်တယ်’’ ဟု မြွေနှင့် ဖားအ ကြောင်း ၁၅ နှစ်ကျော် သုတေ သနပြုလုပ်ဖူးသူ ဦးဖိုးချိုက ပြော သည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်တွင် ရွာသွန်းခဲ့သော မုတ်သုံမိုးအရှိန် ကြောင့် ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် အဆိုးရွားဆုံး ခံစားခဲ့ရသည်။ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုလည်းဖြစ်သည်။

တောကြီးမြွေဟောက်၊ ငန်းတော်ကျားနှင့် ထန်းမြွေမှလွဲ၍ မြွေမျိုးစိတ်အများစု၏ အစာမှာ ကြွက်ဖြစ်သောကြောင့် မြွေများ အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ပါက လာမည့်နှစ်စိုက်ပျိုးရာသီတွင် လယ်ယာမြေများတွင် ကြွက်များ များပြားလာနိုင်သည့်အန္တ ရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက သတိပေးစကားဆိုသည်။

‘‘အိန္ဒိယမှာ တစ်ခါဖြစ်ဖူးတယ်။ မြွေတွေအစား ကြွက်တွေကို ပြည်ပပို့တော့ ကြွက်တွေရှားကုန်တယ်။ မြွေတွေက ငတ်ပြတ်ပြီး လမ်းပေါ်ရောက်လာတယ်။ တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတော့ အဲဒီအတွက် စဉ်းစားအဖြေရှာထားသင့်တယ်’’ ဟု ဦးမြင့်အောင်က ပြောသည်။

သဘာဝဂေဟစနစ်ကို ထိန်းညှိပေးနိုင်သည့် မြွေသတ္တဝါများ အသက်ရှင်ကျန်ရစ်ရန်မှာ အရေးကြီးသောကြောင့် ယခုရေဘေးကြုံ တွေ့နေရသော ဒေသများတွင် အဆိပ်မရှိသည့်မြွေများကို မသတ်ဖြတ်ကြရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက သတိပေးသည်။

ယခုရေလွှမ်းမိုးမှုတွင် အပင်မြင့်သို့ တက်ရောက်ခိုအောင်းနိုင်သည့်မြွေမှာ အရေခွံတွင် စုပ်ခွက်ပါသည့် ထန်းမြွေနှင့် လင်းမြွေမျိုးစိတ်နှစ်မျိုးသာရှိကာ သူတို့သာ ကျန်ရှိနိုင်ကြောင်း ဦးဖိုးချိုက ခန့် မှန်းထားသည်။

ထန်းမြွေ၏အစာသည် အိမ်မြှောင်၊ တောက်တဲ့ စသည့် အကောင်များဖြစ်သည်။ လင်းမြွေ၏အစာမှာ ကြွက်ဖြစ်သော်လည်း အစာအများအပြား စားသောက် နိုင်သော မျိုးစိတ်မဟုတ်ကြောင်း အခြားမျိုးစိတ်များလည်း အသက်ရှင်ကျန်ရန်လိုအပ်သည်ဟု ဦးဖိုးချိုက ပြောသည်။

ယခုကြုံတွေ့ရသော ရေလွှမ်းမိုးမှုကြောင့် ကြွက်များသေ ဆုံးနိုင်သည်ဆိုသော်လည်း ကြွက် တို့သည် မျိုးပွားနှုန်းလျင်မြန်သည့် မျိုးစိတ်ဖြစ်သောကြောင့် မြွေများ အစုလိုက်အပြုံလိုက်သေဆုံးပါက လယ်ယာစိုက်ပျိုးရေးကိုအန္တရာယ် ကျရောက်နိုင်သည်ဟု ဇီဝဗေဒ ကျွမ်းကျင်သူ ဦးညိုမောင်က ပြော သည်။

မြွေမျိုးစိတ်များတွင် မြွေဟောက်သည် လူကိုမြင်ပါက အမြဲတမ်းရန်လိုပြီး အန္တရာယ်ပြုနိုင်သည့်အဆိပ်ရှိသောအကောင် ဖြစ်ပြီး မြွေပွေးသည် တစ်ပေပတ်လည်တွင်ရှိသော ယင်ကိုအလွတ်မပေးဘဲ ထိမိသည်နှင့် အန္တရာယ်ပေးတတ်သော အကောင်ဖြစ်သောကြောင့် သတိထားကြရန် ဦးဖိုးချိုက ပြောသည်။

‘‘အန္တရာယ်ရှိတဲ့ အဲဒီကောင်တွေကို မသတ်ရဘူးလားဆိုတော့ အတော်ဖြေရခက်တဲ့ဟာပဲ။ သူများ နိုင်ငံတွေမှာတော့ ဘယ်အကောင်တွေ့တွေ့ သူတို့ကို ထိန်းသိမ်းပေးတဲ့ဌာနရှိတယ်။ ပြီးတော့ အဲဒီ ထိန်းသိမ်းပေးတဲ့ ဌာနက သက်ဆိုင်ရာ ဂေဟစနစ်မှာ ပြန်လွှတ်ကြတယ်။ ဒီမှာက မရှိဘူးဆို တော့ မြင်တာနဲ့ သတ်ကုန်ကြတာ ပဲ’’ဟု ဦးဖိုးချိုက ပြောသည်။

မြွေဟောက်ကို လူအများ မှတ်မိလွယ်သော်လည်း မြွေပွေးကိုသိရှိသူနည်းပါးသည်။ မြွေပွေး ၏ အရေခွံသည် အကြေးခွံသေးပြီး ခေါင်းလုံးလုံး၊ အမြီးတိုနံ့နံ့ ပုံသဏ္ဌာန်ရှိသည်။

အချင်းချင်း သတ်ဖြတ်စားသောက်ပြီး သဘာဝအရမျိုးပွားမှုကို တိရစ္ဆာန်အချင်းချင်းထိန်းညှိ ပေးသည့်စနစ်ပျက်စီးသွားသောကြောင့် လူနှင့် တိရစ္ဆာန်ပဋိပက္ခ ဖြစ်နိုင်ကြောင်း၊ သဘာဝချိန်ခွင် လျှာညှိမရပါက တိုးပွားလာသည့် တိရစ္ဆာန်နှင့်ဆက်စပ်သည့်ရောဂါ များလည်း ဖြစ်ပွားနိုင်ကြောင်း ဝန်းကျင်သားငှက်ဌာနညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။

ယင်းဒေသများတွင် မြွေများ အပြင် ကုန်းနေရေနေသတ္တဝါတို့၏ ဂေဟစနစ်တစ်ခုလုံးပျက်စီးသွားခြင်းကြောင့် သဘာဝအရ လည်ပတ်နေသော အစာကွင်းဆက်တွင် ထိခိုက်မှုများရှိလာနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူများက ပြောသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ကုန်းနေရေနေ သတ္တဝါများဖြစ် သည့် ဖား၊ ပုစွန်လုံး၊ မြွေနှင့် အခြား ပိုးမွှားကောင်များလည်း ထိခိုက်ပျက်စီးနိုင်သည်။

ဖားမရှိပါက စပါးကိုစားသုံးသည့် ကျိုင်းကောင်များ တိုးပွားနိုင်သလို မြွေမရှိပါက ကြွက်များ တိုးပွားနိုင်သည်။ ထို့အတူ ကြွက် မရှိပါက ကြွက်တို့ စားသောက်သည့် အခြားအင်းဆက်ပိုးမွှားများ ၏ အန္တရာယ်ရှိနိုင်သည်။

‘‘မြွေတွေကို သုတ်သင်တာ မှားတယ်၊ မှန်တယ်ပြောနေတာ တော့မဟုတ်ပါဘူး။ စပါးစိုက်ခင်း တွေ ရေအောက်ရောက်သွားတော့ ဒုက္ခရောက်နေတဲ့ လယ်သမားကြီးတွေအတွက် စဉ်းစားပေးဖို့ပါပဲ။ ပြန်လည်ထူထောင်ရေးကာလမှာ လယ်သမားတွေအတွက် ကြွက်နဲ့ ပတ်သက်ပြီး တစ်ခုခုကြိုတင်ပြင် ဆင်ထားဖို့လိုပါတယ်’’ဟု ရေလွှမ်း မိုးမှုဒဏ်ခံရသည့်ဒေသများတွင် သွားရောက်ကာ ဓာတ်ပုံမှတ်တမ်းတင်နေသည့် ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်က ပြောသည်။

နာဂစ်မုန်တိုင်းအပြီး တစ်နှစ်ကျော် အကြာတွင် ဧရာဝတီ တိုင်းဒေသကြီးရှိ လယ်မြေများ၌ ကြွက်များ ဒုက္ခပေးခဲ့ခြင်းကြောင့် အကြံပေး ပြောကြားခြင်းဖြစ်သည် ဟုဆိုသည်။

No comments:

Post a Comment