အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာချိန်တွင် ဆန္ဒပြပွဲများမှတစ်ဆင့် အထွေထွေလူထုအုံကြွမှု ဖြစ်ပေါ်လာရန် တိုက်တွန်းသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုက်တွန်းချက်သည် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံရေးအင်အားစု အချို့က ဝေဖန်ပြောကြားသည်။
အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား ကျပ် ၃၆၀၀ သတ်မှတ်ချက် ကြောင့် အလုပ်သမားသပိတ်များမှ တစ်ဆင့် အထွေထွေလူထုအုံကြွမှုများ ဖြစ်ပေါ်လာရန် တိုက်တွန်းကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီက ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်အတွင်း ပေါ်ပေါက်ဖြစ်ပွားလာနိုင်သော အလုပ်သမား သပိတ် ဆန္ဒပြမှုများကို လယ်သမား၊ အစိုးရဝန်ထမ်း၊ ကျောင်းသား၊ မြို့နေဆင်းရဲသားများ၏ အထွေထွေမကျေနပ်မှုများနှင့် ပေါင်းစပ်ပြီး အထွေထွေလူထုအုံကြွမှု ဖြစ်ပေါ်လာရေး တိုက်တွန်းကြောင်း ပါရှိသည်။
အထွေထွေရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ယင်းသို့ လူထုအုံကြွမှု ဖြစ်ပေါ်လာစေရေး တိုက်တွန်းချက်သည် ကွန်မြူနစ်ပါတီ၏ ခေတ်အဆက်ဆက် မူဝါဒဖြစ်ပြီး နိုင်ငံရေး ရေချိန်မြင့်တက်လာသော ပြည်သူလူထုက ယင်းသို့ လှုံ့ဆော်ခြင်းကို လက်ခံမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီ ဦးသိန်းညွှန့်က ပြောကြားသည်။
“နိဂုံးချုပ်သွားပြီ ဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူအစစ်အမှန်တွေက လက်မခံတော့တာ ကြာပါပြီ” ဟု ၎င်းကဆိုသည်။
ထို့အပြင် လူထုအုံကြွမှုများတွင် အခြေခံမကျေနပ်မှုများ ရှိပြီး အဆုံးသတ် တွင် သေချာသော နိုင်ငံရေး ရည်မှန်းချက် ထားရှိရမည်ဖြစ်ပြီး လက်ရှိအချိန် တွင် ပြည်သူလူထု စိတ်ဝင်စားမှုသည် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပေါ်တွင်သာ တည်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးက ဆိုသည်။
“အခုဟာက လုပ်ခလစာဆိုတာ ချက်ခြင်းကြီး ပြေလည်မှာ မဟုတ်သေးဘူး။ အလုပ်ရှင်ရော အလုပ်သမားရော နှစ်ဘက်မျှကြည့်ဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း လူတိုင်း ထမင်းဝဖို့ အရေးသည် ရွေးကောက်ပွဲထက် ပိုမိုအရေးကြီးကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်ဖိုးသံချောင်းက DVB မြန်မာပိုင်း သတင်းဌာနသို့ ပြောကြားထားသည်။
“ရွေးကောက်ပွဲမတိုင်ခင် ထမင်းဝအောင် ကျွေးပါ။ အဲဒါ ပိုအရေးကြီးတယ် ထင်ပါတယ်။ ဝမ်းရေးကို မဖြေရှင်းဘဲနဲ့ ကျန်တဲ့ဟာတွေကို လျှောက်ပြီးတော့ ပါးလှည့်နားလှည့် လုပ်နေတာ မသင့်တော်ဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဗမာပြည်ကွန်မြူနစ်ပါတီကို ၁၉၃၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဖက်ဆစ် တော်လှန်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ စတင်ကာ တောခိုကာ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သည်။
ယင်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီသည် ရှမ်ပြည်နယ် အရှေ့မြောက်ပိုင်း နှင့် ကချင်ပြည်နယ်ရှိ မြန်မာ-တရုတ် နယ်စပ်မျဉ်းတစ်လျှောက် စတုရန်းကီလိုမီတာ နှစ်သောင်းကျော်ကို ထိန်းချုပ်ထားနိုင်သော အင်အားကြီး လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။
သိုသော်လည်း တိုင်းရင်းသား ဒေသတွင် အခြေစိုက်သော ပါတီတွင်း ဗမာလူမျိုးကြီးဝါဒကို မကျေနပ်သောကြောင့် တပ်တွင်းပုန်ကန်မှုများ ဖြစ်ပေါ်လာခဲ့ကာ ၁၉၈၉ ခုနှစ်တွင် ပါတီပြိုကွဲခဲ့ပြီး ပါတီခေါင်းဆောင်အချို့ တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံသွားခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment