Thursday 16 July 2015

ဒီကေဘီအေ၏ အဓိကစခန်းတစ်ခုကို ဇူလိုင် ၁၅ ရက်တွင် သိမ်းပိုက်

အစိုးရတပ်မတော်နှင့် တိုက်ပွဲပွားဖြစ်နေသည့် ဒီကေဘီအေ၏ အဓိကစခန်းတစ်ခုကို ဇူလိုင် ၁၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရိက္ခာများနှင့်လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

အာရှလမ်းမကြီးနှင့် လမ်းဟောင်းဖြစ်သည့် ဒေါနတောင်ပတ်လမ်းကြားရှိ ဒီကေဘီအေ၏ အဓိက စခန်းတစ်ခုဖြစ်သည့် နားမကြားစခန်းကို အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ပူးပေါင်းတိုက်ခိုက်မှုဖြင့် ဇူလိုင် ၁၅ ရက်နေ့လယ်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ဟု ဒေသတွင်းလက်နက်ကိုင်တပ် ဖွဲ့သတင်းရင်းမြစ်များကပြောသည်။

ဇူလိုင် ၁၅ ရက်တိုက်ပွဲတွင် ဒီကေဘီအေပိုင်ယာဉ် ကိုးစီး၊ ဆိုင်ကယ်နှစ်ဦး၊ သစ်ဖြတ်စက်အချို့ကိုပါသိမ်းဆည်းနိုင်ခဲ့ပြီး ဆန်အိတ် ၂၃၇ အိတ်နှင့်အရေအတွက်အတိအကျသတင်းမထုတ်ပြန်နိုင်သေးသည့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

အစိုးရက လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲတွင် နယ်ခြားစောင့်တပ်(BGF)နှင့်အစိုးရတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်နေသည်ဟု ဇူလိုင် ၁၅ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ဒီကေဘီအေမှ ထပ်မံဖွဲ့စည်းထားသည့် KKO အဖွဲ့ဟု သတင်းထုတ်ပြန်သွားပြီး ဇူလိုင် ၂ ရက်မှ ၁၄ ရက်အထိ ခုနစ်ဦး အရှင်ဖမ်းမိကာ အလောင်းလေးလောင်း၊ လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်မျိုးစုံ ၄၀၃၃ တောင့်၊ ဗုံးသီးမျိုးစုံ ၁၉၅ လုံး၊ မိုင်းမျိုးစုံ ၁၀၈ လုံး၊ မော်တော်ယာဉ် ၁၀ စီးတို့ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

ထို့အပြင် နှစ်ဦးအစိုးရတပ်မတော်ထံ အလင်းဝင်လာသည်ဟု သတင်းထုတ်ပြန်သည်။

7Day DAILY 

No comments:

Post a Comment