ရွှေတိဂုံစေတီတော် အပါအဝင် မြန်မာနိုင်ငံအတွင်းမှ မြို့ပြယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက် နိုင်ရေးအတွက် မြို့ပြယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေ ( Urban Heritage Trust Law) ကို ရေးဆွဲလျက်ရှိပြီး ယင်းဥပဒေ အတည်ပြုနိုင်ရေးအတွက် ယခုလွှတ်တော် သက်တမ်း မကုန်မီ တင်သွင်းသွားမည်ဟု အိုးအိမ်ဦးစီးဌာနမှ အကြီးတန်းအကြံပေး ဦးသံမိုးက ဆိုသည်။
မေ ၁၇ ရက်က ရန်ကုန်ုမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ် ဦးစီးဌာနတွင် Save The Shwe Dagon Forum ပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။
ဦးသံမိုးက “ဖွံ့ဖြိုးမှုအရ စီမံကိန်းအဆောက်အအုံတွေ တိုးချဲ့လာတာ ကောင်းပါတယ်။ တစ်ဘက်မှာလည်း သားစဉ်မြေးဆက်အတွက် မြို့ပြရဲ့ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ဥပဒေ လိုတယ်။ ဒီအတွက် မြို့ပြယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေ အတည်ပြုဖြစ်သွားရင်တော့ ဟိုလူက ပေးလို့၊ ဒီလူက ပေးလို့ ဆောက်တာမျိုး မဟုတ်တော့ဘဲ ဥပဒေအရပဲ စနစ်တကျ ဖြစ်လာရတော့မယ်” ဟု ဆိုသည်။
အဆိုပါ ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ်အတွင်းက စတင်ရေးဆွဲခဲ့ကာ ပြင်ဆင်မှု နှစ်ကြိမ် ပြုလုပ် ခဲ့ပြီး အိုးအိမ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ဗိသုကာ အသင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့အပြင် အခြားအရပ်ဘက် အဖွဲ့အစည်းများလည်း ပါဝင် ရေးဆွဲခဲ့သည်။
ယင်းဥပဒေတွင် စီမံကိန်းအဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ မြေနေရာသတ်မှတ်မှု၊ ရေမိလ္လာဆိုင်ရာ စံချိန်စံညွှန်း၊ ယဉ်ကျေးမှု အဆောက်အအုံ၏ အမြင်တင့်တယ်မှုအတွက် ယင်းအဆောက်အအုံနှင့် အကွာ အဝေးဆိုင်ရာ သတ်မှတ်ချက်၊ ဆောက်မည့်အဆောက်အုံ၏ ထုထည်၊ အထပ်အမြင့်၊ မြေနေရာချန်ထားမှု၊ တည်ဆောက်မည့် အမျိုးအစား၊ ဒီဇိုင်းအရောင်၊ ဆောက်မည့်စနစ်၊ မြေအောက်ရေ ထုတ်ယူအသုံးချမှု စနစ်၊ အမှိုက်စွန့်စနစ် စသည်တို့အတွက် စံချိန်စံညွှန်းများ ပါဝင်ရေးဆွဲသွားမည် ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းတွင် ယဉ်ကျေးမှုအမွေနှစ် အဆောက်အအုံအပေါ် သက်ရောက်မှု ဖြစ်စေသည့် မြေပေါ်မြေအောက် ဂေဟစနစ်၊ ရေဝေရေလဲနယ်မြေ၊ ယာဉ်ကြောကျပ်တည်းနိုင်မှုနှင့် ပြည်သူများ၏ အပန်းဖြေစရာ မြေကွက်လပ်များကို ကာကွယ်ရန်ပြဋ္ဌာန်းချက်များကိုပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ရန် ရေးဆွဲထားသည်ဟုလည်း ဦးသံမိုးက ဆိုသည်။
လက်ရှိတွင် အဆောက်အအုံ ဆောက်လုပ်ရာ၌ အခြားသော မြို့ပြဆိုင်ရာ အချက်များကို ထည့်သွင်း စဉ်းစားခြင်းမရှိ၍ မြို့ပြ၏ ရေရှည်တည်တံ့မည့် ယဉ်ကျေးမှုပုံရိပ်များကို ထိခိုက်စေခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိကာ မြို့ပြ၏ အရည်အသွေး ကျဆင်းစေခဲ့သည်ဟုလည်း ပညာရှင်များက သုံးသပ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဥပဒေများအရ ကာကွယ်မှုပေးရန် ပုဂံကဲ့သို့သော ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ များ ကာကွယ်ရေးအတွက် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဆိုင်ရာ ဥပဒေသာ ရှိနေပြီး မြို့ပြများအတွက် မရှိသေးကြောင်း၊ ယင်းဥပဒေ အတည်ပြုပြီးပါက ဥပဒေပါ အချက်များ ကို်က်ညီမှသာ ခွင့်ပြုမည်ဖြစ်သည့် အတွက် မြို့ပြများ၏ ယဉ်ကျေးမှုပုံရိပ်နှင့် သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရန် ကောင်းစွာ အထောက်အကူပြုစေမည်ဟုလည်း ဦးသံမိုးက ဆိုသည်။
ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ ဒေါ်မိုးမိုးလွင်က “ရှေးဟောင်းမြို့တွေကို ဇွတ်ထိန်းသိမ်းတာ မဟုတ်ဘဲ တိုးရင် ဘယ်လိုတိုးမလဲ၊ ဖျက်ရင် ဘယ်လိုဖျက်မလဲ၊ လိုအပ်ချက်အရ ပြောင်းသင့်ရင် ပြောင်းရ မယ်၊ ဒါပေမဲ့ ဓလေ့ထုံးစံဆိုင်ရာ၊ အများပြည်သူဆိုင်ရာ နေရာတွေကို ကာကွယ်ဖို့ကိုလည်း တစ်ဆက်တည်း အသေးစိတ် လေ့လာချက်တွေ ပါရမယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ဖွံ့ဖြိုးမှုနှင့် ပတ်သက်သော ဥပဒေများ အရေးတကြီး လိုအပ်နေပြီး ရန်ကုန်မြို့နေပြည်သူများသည် အပန်းဖြေနေရာများ ရှားပါးလာကာ ရန်ကုန်မြို့သည် ဥပဒေမဲ့ အဆောက် အအုံများ လွန်စွာများပြားနေသည်ဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်ဝင်းလတ်က ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သည့် ရွှေတိဂုံ စေတီတော်အနီးတွင် အိမ်ရာ စီမံကိန်း ဆောက် လုပ်မှုကို ကန့်ကွက်မှုများ ပြုလုပ်နေပြီး အဆိုပါ စီမံကိန်းကို ရပ်တန့်ထားရသည်။
အမျိုးသား ရေအရင်းအမြစ် အသုံးချရေး ကော်မတီမှ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ခင်နီနီသိန်းက မြို့ပြ များတွင် လူနေထူထပ်လာသည်နှင့်အမျှ မြေအောက်ရေ တူးဖော်ကာ အလွန်အကျွံ အသုံးချမှုလည်း များပြား လာပြီး ယင်းတူးဖော်မှုများကြောင့် မြေကျွံကျခြင်းများ ဖြစ်ပေါ်လာစေသည်။
ရွှေတိဂုံစေတီ တည်ရှိရာကုန်းမြေသည် အားပျော့သော သဲကျောက်အမျိုးအစားဖြစ်ပြီးစေတီအနီး ၀န်းကျင် တွင် မြေအောက်ရေ တူးဖော်မှုများလာပါက ကုန်းတော် နိမ့်ဆင်း ကျွံကျခြင်းများ ဖြစ်လာနိုင်သည်ဟု ထောက်ပြပြောဆိုခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment