Wednesday 20 May 2015

ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်

မိုးသက်လေပြင်းကျရောက်သဖြင့် ငါးဖမ်းစက်လှေတစ်စီးကို ကမ်းပေါ်သို့ ဆွဲတင်နေကြစဉ် (ဓာတ်ပုံ − ကျော်ဌေးဝင်း)
ရခိုင်ပြည်နယ်မြို့နယ် အချို့တွင် မေလ ၁၉ ရက် ညနေက မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သံတွဲ မြို့နယ် ကမ်းရိုးတန်း၌ငါးဖမ်းလှေတစ်စီး နစ်မြုပ်သွားကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ် ဂျိတ်တောရပ်ကွက်ရှိ ပင်လယ်ဝနှင့် ဆက်စပ်နေသောနေရာတွင် ရေလုပ်သားသုံး ဦးလိုက်ပါလာသည့် ငါးဖမ်းလှေ တစ်စီးနစ်မြုပ်သွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သံတွဲမြို့နယ် ရခိုင်လူမှုကွန်ရက်မှ ဦးကျော်ဌေးဝင်းက မေလ ၁၉ ရက် ညနေတွင် 7Day Daily အား ပြောသည်။

‘‘လောလောဆယ်တော့ လူ တွေ လိုက်ဆယ်နေကြတယ်။ နောက်ဆက်တွဲတော့ မသိရသေး ဘူး။

ရေလုပ်သားတွေချည်းပဲဆိုတော့ ပြဿနာတော့ မရှိလောက်ဘူး။ ဒီမှာက  ရုတ်တရက်ကြီး ဖြစ် သွားတော့ ပြင်ဆင်ချိန်မရလိုက် ဘူး’’ဟု ဦးကျော်ဌေးဝင်းက ပြော ကြားသည်။

ပင်လယ်တွင် ငါးဖမ်းနေသည့် စက်လှေနှစ်စီး လေပြင်း ဒဏ်ကာကွယ်ရန် ကမ်းသို့ ပြန်ကပ်စဉ် တစ်စီး မှောက်သွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ အင်္ဂါနေ့ ညနေ ၄ နာရီခန့်မှစတင်ကာ လေပြင်းတိုက်ခတ် ခြင်းဖြစ်ပြီး လေပြင်းကြောင့် သံတွဲမြို့တွင်းရှိ အိမ်အချို့ သွပ်မိုးလန်ခဲ့ကာ လျှပ်စစ်ဓာတ်တိုင်အချို့ လဲကျ ခဲ့ကြောင်း သံတွဲမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။ လှေမှောက်သည့် သတင်းကိုမူ အတည်ပြုရန် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စုံစမ်းနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

 သံတွဲမြို့နယ်အပြင် စစ်တွေ၊ မင်းပြား၊ ကျောက်တော်မြို့ များတွင်ပါ မိုးသက်လေပြင်းတိုက် ခတ်နှုန်း ပြင်းထန်ပြီး မိုး/ဇလဌာနကလည်း ပင်လယ်ပြင်သတိပေးချက်အပြင် ရခိုင်ပြည်နယ်၌ နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာမိုးလေ၀သဌာနများ၏ သတင်းထုတ်ပြန်မှုများကို ကိုးကား၍ ဒေသတွင်းရာသီဥတု သတိပေး ချက်များ ထုတ်ပြန်ပေး နေသည့် Mm Weather Page ကလည်း မေလ ၁၉ ရက် ညနေ တွင် ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းမှ လေဖိ အားနည်းရပ်ဝန်းတစ်ခု ရခိုင်ကမ်း ရိုးတန်းမြောက်ဘက် ကမ်းခြေအနီးသို့  ရောက်ရှိလာနိုင်ပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုး သက်လေပြင်း ကျရောက်နိုင်ပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ မှ ၅၀ အထိ တိုက်ခတ်နိုင်သည်ဟု သတိပေးထားသည်။

7Day DAILY 

No comments:

Post a Comment