Monday 4 May 2015

ပန်ဆန်းညီလာခံ ပြည်ထောင်စုအကျိုး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ဟု ဦးရဲထွဋ်ဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA အပြီးသတ် ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ တက်ရောက်ဆွေးနွေးနေသော ပန်ဆန်းညီလာခံသည် ပြည်ထောင်စုအကျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။
မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့တော် Novtal ဟိုတယ်တွင် ပြုလုပ်သော ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းမှာ ကျွန်တော်တို့ဘက်က အကုန်လုံး သဘောတူပြီးပြီ၊ လိုက်လျောပြီးပြီ၊ ကျွန်တော်တို့ ဆွေးနွေးခဲ့တာက ၁၆ ဖွဲ့ပဲ။ ပထမဆုံးက ဒီ ၁၆ ဖွဲ့နဲ့ပဲ ကျွန်တော်တို့ အကောင်အထည်ဖော်ရမှာပေါ့၊ ကျန်တဲ့ သီးခြားအဖွဲ့တွေကတော့ နောက်မှ ကိစ္စတစ်ခုချင်း အပေါ်ကို စဉ်းစားရမှာပေါ့။ ကျွန်တော်တို့ ဘာမှကြိုတင်မှတ်ချက် မပေးနိုင်ပါဘူး။ သူတို့လည်း အားလုံး အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး လုပ်ငန်းအဖွဲ့ NCCT တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း အတွက် (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အခန်းခုနစ်ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ စာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းစာချုပ်ပါ အချက်အလက်များကို အတည်ပြုပြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ ပါဝင်သော တိုင်းရင်းသား ညီလာခံကို ခြောက်ရက်ကြာ ပြုလုပ်လျက်ရှိသည်။
အဆိုပါ ညီလာခံသို့ အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်- MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တက်ရောက်လျက်ရှိသည်။
ထို့အပြင် အဆိုပါ ညီလာခံ အဖွင့်မိန့်ခွန်းတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းက တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မူကြမ်းပါ အချက်များသည် စက္ကူပေါ်က စာသားသက်သက်သာ ဖြစ်သွားနိုင်ကြောင်း ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment