"အဖွားတို့ တစ်သက်လုံး ဒီရွာမှာနေလာတာ ဒီမြေတွေ တရုတ်ပိုင်ဆိုတာ တစ်ခါမှ မကြားခဲ့ဘူး" ကုန်းဆာကျေးရွာတွင် နေထိုင်သည့် အသက် (၉၀) အရွယ် ဒေါ်ငင်းဆိုင်အားတွေ့ဆုံမေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါသည်။ တွေ့ဆုံမေးမြန်းရာတွင် အဖွားအနေဖြင့် ရှမ်းဘာသာစကားကိုသာ ပြောဆိုတတ်သဖြင့် မြေးဖြစ်သူကိုစိုင်းနော်ခမ်းမှ ဘာသာပြန်ဆို ပေးထားပါသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာမှုအား ၁၉၆၀ ခုနှစ်တွင် တိုင်းတာခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ထပ်မံတိုင်းတာမှု ပြုလုပ်ခဲ့သည်။ ရွှေလီမြစ်ကြောင်းပြောင်းလဲမှုအရ တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာမှုအား ၂၀၁၄ ခုနှစ်၊ မေလအတွင်းက နှစ်နိုင်ငံတာဝန်ရှိသူများက ပြန်လည်တိုင်းတာခဲ့ရာမြန်မာဘက်အခြမ်းရှိကျေးခွန်၊ ကုန်းဆာ၊ မန့်နောင်ကျေးရွာများမှ လယ်မြေအချို့မှာယေဘုယျအားဖြင့် တရုတ်နိုင်ငံအတွင်း ပါဝင်နေသည်ဟုဆိုကာ နယ်နိမိတ်မှတ်တိုင်များ စိုက်ထူခံခဲ့ရသည်။ တိုင်းတာမှုပြုလုပ်ရာတွင် မြန်မာဘက်အခြမ်းမှ လယ်မြေများတရုတ်ဘက်အခြမ်းအတွင်း ပါဝင်သွားသည်ဟူသည့် အချက်အပေါ် အသက် (၉၀) အရွယ် ဒေါ်ငင်းဆိုင်အား တွ့ဆုံမေးမြန်းထားမှုကို ဖော်ပြပေးလိုက်ပါသည်။
မြန်မာ့ခေတ် ။ အဖွားဒီရွာမှာနေတာဘယ်လောက်ကြာပြီလဲ၊ မွေးတဲ့ခုနှစ်လေးကို ပြောပေးပါ။
ဒေါ်ငင်းဆိုင် ။ အဖွားဒီရွာမှာ မွေးကတည်းကနေလာတာပါ၊ အိမ်ထောင်ကျပြီး တစ်နှစ်ပဲ တစ်ဖက်ကမ်းက ကျေးခွန်ရွာမှာ အမျိုးသားနဲ့ လိုက်နေခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုမှာမွေးတာပါ။ အသက်က (၉၄) နှစ် ရှိပါပြီ။
မြန်မာ့ခေတ် ။ အရင်တုန်းကရွှေလီမြစ်အခြေအနေနဲ့ အခုအခြေအနေ ကွာခြားတာကိုပြောပေးပါ။
ဒေါ်ငင်းဆိုင် ။ အရင်တုန်းကရွှေလီမြစ်ကဒီလောက် မကျယ်ဘူး၊ တရုတ်ဘက်က မန့်ကွန်ရွာနဲ့ ဒီဘက်ကုန်းဆာရွာဆိုရင် အ၀တ်လျှော်ရင်း လှမ်းစကားပြောလို့ရတယ်။ ရွှေလီမြစ်ကိုရောက်ဖို့ဆိုလယ်ကွင်းတွေကို ဖြတ်ပြီး သွားရတာ အဝေးကြီးပဲ။ တရုတ်ဘက်က တာရိုးကာပြီးနောက်ပိုင်း ဒီဘက်က လယ်မြေတွေ ရေတိုက်စားတဲ့အထဲပါသွားတယ်။ အဘွားရဲ့ လယ်ကွက်လည်းပါသွားတယ်။ ဒီရွာကလယ်ကွင်း (၇) ကွင်းလောက် မြစ်ထဲပါသွားပြီ။ အခုဆိုကုန်းဆာနဲ့ ရွှေလီမြစ်နီးနီးလေးဖြစ်သွားပြီ။
မြန်မာ့ခေတ် ။ တရုတ်ကတာရိုးကိုဘယ်တုန်းလောက်ကကာတာလဲ။ သိသလောက် ပြောပေးပါ။
ဒေါ်ငင်းဆိုင် ။ အဖွားအသက် (၁၈) နှစ်မှာအိမ်ထောင်ကျတော့ ကုန်းဆာ ဘက်က လယ်အချို့ကိုရေစပြီးတိုက်စားနေပြီ။ ဂျပန်ခေတ်တုန်းက တိုက်ပွဲဖြစ်လို့ စစ်ရှောင်ခဲ့ရတဲ့ လယ်ကွက်တွေလည်းရေထဲပါသွားပြီ။ အဲ့ဒီအချိန်ကတည်းက တရုတ်ဘက်အခြမ်းမန့်ကွန်ရွာဘက်မှ တာရိုးတွေ လုပ်ပြီးနေပြီ။ တရုတ်ဘက်ကမန့်ကွန်ရွာနဲ့ မြန်မာဘက် ကျေးခွန်ရွာထိပ်မှာ မှတ်တိုင်ရှိတယ်။ မှတ်တိုင်ဘေးမှာညောင်ပင်ကြီးရှိတယ်။ ရှမ်းလိုဒေသအခေါ် ဟိုခါးလို့ ခေါ်တယ်။ ညောင်ပင်ဘေးမှာမှ ရွှေလီမြစ်ကစီးဆင်းတာ။ အခုမြစ်က မြန်မာဘက်ရောက်လာတယ်။
မြန်မာ့ခေတ် ။ အရင်ကအဖွားတို့လယ်ကွင်း မြစ်ထဲပါသွားပြီဆိုတော့ ဘာသီးနှံကို စိုက်ခဲ့ကြသလဲ။ မြေခွန်၊ သီးနှံခွန် ဆောင်ထားတဲ့ အထောက် အထားတွေ ကောရှိသလား။
ဒေါ်ငင်းဆိုင် ။ အရင်တုန်းကစပါးပဲစိုက်တယ်။ သီးနှံခွန်ဆောင်ခဲ့ရတာမရှိဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ မြေခွန်ဆောင်ရတာ။ ဒီမှာ စိုက်ပျိုးခဲ့ကြသူ တွေက သီးနှံခွန်ပေးရတယ်ဆိုတာမရှိခဲ့ဘူး။ အခုတော့ မသိဘူး။
မြန်မာ့ခေတ် ။ အခုကုန်းဆာကူးတို့ဆိပ်နဲ့ ကျေးရွာပိုင်မြေအချို့ကို တရုတ်နိုင်ငံက သူတို့အပိုင်လို့ ပြောနေပါတယ်။ အဖွားအနေနဲ့ ဘာပြောချင်ပါသလဲ။
ဒေါ်ငင်းဆိုင် ။ သူတို့ပြောနေတာမဖြစ်နိုင်ဘူး၊ အဖွားတို့ တစ်သက်လုံး နေလာတာ။ ရွှေလီမြစ်ဒီဘက်က ကုန်းဆာမြေက တရုတ်အပိုင်ဆိုတာတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ အရောင်းအ၀ယ်လောက်ပဲ သွားလာကြတာ။ ကူးတို့ဆိပ်ဆိုတာလည်း အခုနောက်ပိုင်း မြစ်ကျယ်လာမှ ဖြစ်လာတာ။ ဒီမြေက အဖွားတို့ ဘိုးဘွားပိုင်မြေတွေ တရုတ်မြေဆိုတာကို လုံးဝလက်မခံဘူး။
မြန်မာ့ခေတ် ။ တရုတ်ဘက်က ဒီမြေဟာ သူတို့မြေဆိုပြီး မကြာခဏတိုင်းတာမှု တွေ လုပ်နေပါတယ်။ အဖွားအနေနဲ့ကော ဒီမြေဟာ ကုန်းဆာကျေးရွာ ပိုင်မြေဆိုတာ ဘယ်လိုသက်သေပြနိုင်မလဲ။
ဒေါ်ငင်းဆိုင် ။ ဒီမှာရှိတဲ့ အသက်ကြီးတဲ့သူတွေကိုမေးလို့ရတယ်။ နေရာတွေ လိုက်ပြလို့ရတယ်။ ဒီမြေတွေ တရုတ်ပိုင်မြေဆိုတာမဟုတ်ပါဘူး။ အစိုးရကတော့ အရင်တုန်းကတည်းက ဘယ်လို သတ်မှတ်ထားသလဲ။ နှစ်နိုင်ငံသတ်မှတ်ချက်က ဘယ်လိုလဲမသိဘူး။ အဘွားပြောနိုင်တာကတော့ ဒီမြေတွေက တရုတ်ဘက်ပါတယ်ဆိုတာ လုံးဝလက်မခံပါဘူး။
စိုင်းကံသာ (လားရှိုး)
The Myanma Age
No comments:
Post a Comment