အစ္စလာမ္မစ် နိုင်ငံတော် ထူထောင်ရေး အဖွဲ့ (IS) စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဆီးရီးယား မြောက်ပိုင်းရှိ ရတ်ကာမြို့ကို အစိုးရတပ်ဖွဲ့မှ လေကြောင်းဖြင့် တိုက်ခိုက်ရာ အရပ်သား ၃၆ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း BBC တွင် ဖော်ပြပါရှိသည်။
မြို့၏ စက်မှုဇုံများ တည်ရှိရာဒေသတွင် အများဆုံး သေကျေခဲ့ရခြင်း ဖြစ်ကြောင်း ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သည်။
အခြား ဆန့်ကျင် လှုပ်ရှားသူများ ကွန်ရက်တစ်ခုကမူ သေဆုံးသူ ဦးရေမှာ ၈၀ ကျော်သည်ဟု ဆိုခဲ့သည်။
ဆီးရီးယားအစိုးရနျင့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း လေကြောင်းတပ်ဖွဲ့သည် IS တို့ အခိုင်အမာ တပ်စွဲထားသည့် ရတ်ကာမြို့ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ထိခိုက်ဆုံးရှုံး သေကျေမှုများကို အရပ်သားတို့သာ အဓိက ခံစားနေရသည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ယင်းလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် လူဦးရေထူထပ်သော ရတ်ကာ ပြတိုက်အနီးမှ ဈေးနယ်နိမိတ်နှင့် စက်မှုဇုံများအနီးကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။
“ပထမတစ်ကြိမ်တိုက်ခိုက်ခံလိုက် ရတော့ ဒဏ်ရာရသူတွေကို တခြားလူတွေက ကယ်ဆယ်ဖို့ လုပ်ကတယ်၊ အဲဒီအချိန်မှာပဲ ဒုတိယအကြိမ်တိုက်ခိုက်ခံခဲ့ရတယ်” ဟု အဆိုပါအဖွဲ့မှ ညွှန်ကြားရေးမှူး ရာမီအက်ဘ် ဒယ်ရာမန် က AFP သတင်းအေဂျင်စီသို့ ပြောသည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီများက ရတ်ကာမြို့ကို ၉ ကြိမ်တိုင်တိုင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကာ ၈၇ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ပါဝင်သည်ဟု ဆိုသည်။ ဒဏ်ရာရသူလည်း တစ်ရာနီးပါး ရှိကြောင်း သိရသည်။
IS တို့ကို လိုလားသည့် အွန်လိုင်းမီဒီယာ Amaq မှ လွှင့်တင်ထားသော ဗီဒီယိုတွင်မူ မီးသတ်သမားများက မီးလောင်နေသည့် ကားများအား မီးငြိမ်းသတ်နေကြပြီး ကျန်းမာရေးဝန်ထမ်းများက လူသေလောင်းများကို လူနာတင်ယာဉ်များပေါ်သို့ တင်ဆောင်နေကြသည်။
စက်တင်ဘာ ၆ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၅၃ ဦးရှိခဲ့ရာ ၎င်းတို့အနက် ၃၁ ဦးမှာ အရပ်သားများဖြစ်သည်။
အနောက်အုပ်စု၏ အထောက်အပံ့များ ရထားသော သူပုန်များနှင့် အခြား အစ္စလာမ္မစ် စစ်သွေးကြွများသည် ရတ်ကာမြို့ကို ယမန်နှစ် မတ်လကစ၍ တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီတွင် IS ၎င်းတို့အား ဖယ်ရှား၍ တစ်ဖန် ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment