Wednesday 26 November 2014

ရန်ကုန်၊ မန္တလေးက ပြည်သူတိုင်း ဖုန်းကိုင်နိုင်ပြီ

ရန်ကုန်မြို့လယ်က အလွန်စည်ကားလှတဲ့ ပန်းဆိုးတန်း စာတိုက်ကြီး ပတ်ဝန်းကျင်ကို သွားကြည့်လိုက်ပါ။ လမ်းဘေးတွေမှာ ခုံပုလေးတွေ ချပြီး ခင်းကျင်းထားတဲ့ မိုဘိုင်းဖုန်း ဆင်းကတ် အရောင်းဆိုင်လေးတွေကို တွေ့ကြရပါလိမ့်မယ်။ အဲဒီဆိုင်တွေမှာ ဝယ်ရခက်တယ်၊ ဈေးကြီးတယ်လို့ ပြောနေကြတဲ့ မြန်မာ့ ဆက်သွယ်ရေး MPT 3G ဆင်းကတ်တွေ၊ ရောင်းလို့ကုန်ပြီဆိုပြီး သတင်းမွှေးနေတဲ့ တယ်လီနော ဆင်းကတ် တွေ၊ နိုင်ငံခြားခေါ်ဆိုခဈေးအလွန် သက်သာတဲ့ အူရီးဒူးဆင်းကတ်အားလုံး ဘာမဆို ၀ယ်လို့ရနိုင်၊ ချက် ချင်း ဟန်းဆက်ထဲထည့်၊ ချက်ချင်း လိုရာခေါ်လို့ရနိုင်ပါတယ်။ လူ တစ်ယောက်မှာ ကျပ်ငွေ ၁၁,၀၀၀၊ အမေရိကန်ဒေါ်လာနဲ့ဆို ၁၁ ဒေါ်လာလောက်ရှိရင် မိုဘိုင်းဖုန်းတစ်လုံးကိုင်နိုင်၊ ပိုင်နိုင် ပါပြီ။ မြန်မာ့ဆက် သွယ်ရေးလောက ဘယ်လောက် တိုးတက်ပြောင်းလဲ လာပြီလဲ၊ ဆွေးနွေးကြည့်ကြ ရအောင်။

အဲဒီ လမ်းဘေးတွေမှာ ရောင်းချတဲ့ ဆင်းကတ်ဈေးနှုန်းတွေကတော့ MPT 3G  ဆင်းကတ် ကျပ် ၅,၀၀၀၊ တယ်လီနော ကျပ် ၃,၅၀၀၊ အူရီးဒူး ကျပ် ၁,၅၀၀ ဖြစ်ပါတယ်။ ဈေးအသက်သာဆုံး ဂျီအက်စ်အမ် ဟန်း ဆက်တစ်လုံးရဲ့ ပေါက်ဈေးဟာ ကျပ် ၈,၀၀၀ ၀န်းကျင်ရှိပါတယ်။ ဒါကြောင့် အဲဒီဟန်းဆက်ထဲ တယ်လီ နောဆင်းကတ်ထည့်ပြီး သုံးမယ်ဆိုရင် ကျပ် ၁၁,၀၀၀၊ MPT 3G  ဆင်းကတ်ထည့်ပြီး မြန်မာတစ်နိုင်ငံ လုံးက မြန်မာ့ဆက်သွယ်ရေး လိုင်းမိတဲ့ မြို့ရွာတွေမှာ သုံးမယ်ဆိုရင် ကျပ် ၁၃,၀၀၀ ကုန်ကျပါမယ်။ နည်း ပညာ အဆင့်မြင့်တဲ့ အူရီးဒူးဆင်းကတ်အတွက် ကတော့ ဟန်းဆက်တစ်လုံး အနည်းဆုံး ကျပ် ၃၅,၀၀၀ ၀န်းကျင်ရှိတာမို့၊ သူ့ကိုသုံးဖို့ တော့ အနည်းဆုံး ကျပ် ၃၆,၅၀၀ လိုပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးအသက် သာဆုံး ကျပ်ငွေ ၁၁,၀၀၀ ရှိရင်၊ သုံးနိုင်ရင် ရန်ကုန် နဲ့ မန္တလေးမှာ မိုဘိုင်းဖုန်းတစ်လုံး ၀ယ်ယူ ပိုင်ဆိုင် အသုံးပြုနိုင်နေတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒီငွေဟာ ရန်ကုန်က သာမန်အလုပ်ကြမ်း သမား တစ်ယောက်ရဲ့ နှစ်ရက်တာ ဝင်ငွေလောက်ပဲရှိပါတယ်။

လက်ရှိ ရန်ကုန်က လူလတ်တန်းစားတွေရဲ့ တယ်လီဖုန်းကိုင်တဲ့ ဓလေ့ကလည်း ပြောင်းလာပါတယ်။ အများစုဟာ ဆင်းကတ် နှစ်ကတ် အသုံးပြုလို့ရတဲ့ ဟန်းဆက်တွေ သုံးလာကြပါတယ်။ အကြောင်းက တော့ အရင်ဝယ်ထားတဲ့၊ ကိုယ့်ကိုလူအများက သိနေပြီးဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး ဖုန်းနံပါတ်နဲ့ ဆင်း ကတ်ကိုတော့ ဖုန်းလက်ခံဖို့ အသုံးပြုကြပြီး၊ အူရီးဒူး သို့ မဟုတ် တယ်လီနော ဆင်းကတ်ကိုတော့ ကိုယ် က အခြားသူကို ခေါ်ဆိုတဲ့အခါမှာ သုံးလာကြလို့ ဖြစ်ပါတယ်။ အကြောင်းကတော့ မြန်မာ့ဆက်သွယ်ရေး MPT ရဲ့ ဖုန်း ခေါ်ဆိုခဟာ တစ်မိနစ် ကျပ် ၅၀ ကမချ သေးပေမယ့် ကျန်တဲ့ အူရီဒူးနဲ့ တယ်လီ နောတို့က တော့ တစ်မိနစ် ၂၅ ကျပ်အထိ ဈေးနှုန်း သတ်မှတ်ထားပြီး ဒါဟာ မြန်မာ့ ဆက်သွယ်ရေးခေါ်ဆိုခရဲ့ တစ်ဝက် လောက် ပဲရှိလို့ ဖြစ်ပါတယ်။

မသိလိုက် မသိဘာသာနဲ့ ရန်ကုန်၊ မန္တလေးမှာ ဖြန့်ဖြူးတဲ့ မြန်မာ့ဆက်သွယ်ရေး ဆင်းကတ်တွေဟာ တယ်လီနောနဲ့ အော်ရီးဒူးတို့ တာဝါတိုင် မထောင်နိုင်သေးတဲ့ နယ်မြို့တွေဆီလည်း စီးဆင်းနေပါတယ်။ နယ်မှာမိသားစုရှိတဲ့ အသိုင်းအ၀ိုင်းတွေဟာ ရန်ကုန်မှာ ကိုယ်ကိုင်နေတဲ့ မြန်မာ့ဆက်သွယ်ရေး ဆင်းကတ် တွေနယ်ပို့ပြီး၊ ရန်ကုန် နဲ့ မန္တလေးမှာ သုံးလို့ရတဲ့ အော်ရီဒူး၊ တယ်လီနော ဆင်းကတ်တွေကို ၀ယ်ယူ၊ ပြောင်းလဲ ကိုင်လာကြတာမျိုးလည်း ရှိနေကြလို့ပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကာတာအခြေစိုက် အူရီးဒူးကုမ္ပဏီဟာ ပြည်ပတယ်လီဖုန်းခေါ်ဆိုခ နှုန်းထား တွေကို လျှော့ချလိုက်ပါသေးတယ်။ နဂိုက ဘယ်နိုင်ငံကို ဆက်ဆက် တစ်မိနစ် ကျပ် ၇၅၀ သတ်မှတ်ထား ရာကနေ နိုဝင်ဘာ ၁၅ ရက် ကစ နိုင်ငံ ၄၆ နိုင်ငံအတွက် တစ်မိနစ် ကျပ် ၁၀၀ ကနေ ကျပ် ၆၀၀ အတွင်း လျှော့ချလိုက်ပြီလို့ ကြေညာပါတယ်။ ကြေညာချက်အရ အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံကို ခေါ်ရင် တစ်မိနစ် ကျပ် ၁၀၀ ပဲ ကျသင့်မှာဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ခေါ်ရင် တစ်မိနစ် ကျပ် ၂၀၀ ပဲ ကျသင့် တော့မှာ ဖြစ်ပါတယ်။ ဒါဟာ တစ်မိနစ် ကျပ် ၉၀၀ သတ်မှတ် ထားတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ ပြည်ပခေါ်ဆိုခ နှုန်းထားထက် အတော် လေးသက်သာနေပြီး ဖုန်းသုံးစွဲသူ ပြည်သူတွေအတွက် အများကြီး အဆင်ပြေလာစေပါတယ်။

ဒီဈေးနှုန်းပြင်ဆင် သတ်မှတ်မှုဟာ အမေရိကားမှာ မိသားစုဝင်၊ သူငယ်ချင်း မိတ်ဆွေရှိတဲ့ ပြည်သူတွေ၊ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူမှာ အလုပ်သွားလုပ်ကြတဲ့ အလုပ်သမားတွေရဲ့ မိသားစုဝင်တွေ အတွက် အလွန့်အလွန် အဆင်ပြေကြရုံမက သတင်းမီဒီယာ လောက အတွက်လည်း အလွန်ကြီးမားတဲ့ အလှည့် အပြောင်းကြီး ဖြစ်လာနိုင်ပါတယ်။ အရင်ကဆို ပြည်တွင်း သတင်းမီဒီယာသမားတွေဟာ ပြည်ပ သတင်း တွေနဲ့ ပတ်သက်ပြီး တယ်လီဖုန်း ခေါ်ဆို သတင်းမေးနိုင်ခြင်းမရှိကြပါဘူး။ အီးမေးလ်နဲ့ ဆက်သွယ်တာ၊ တချို့ စကိုက်သုံးပြီး အင်တာနက်ကနေတစ်ဆင့် ဖုန်းခေါ်တာလောက်ပဲ လုပ်နိုင်ပါတယ်။ အခု ဈေးနှုန်း သက်သာလာတဲ့အတွက် ဖုန်းလိုင်းကနေ တစ်ဆင့် ဖုန်းခေါ် သတင်းရယူနိုင်ကြပါပြီ။ ဒါတွေအားလုံးဟာ မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်းကို နိုင်ငံတကာ ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေး၊ လွတ်လပ်စွာ ပြိုင် ဆိုင်ခွင့်ပြုလိုက်လို့ ဖြစ်ပေါ်လာတာပါ။

ခုဆိုရင် မိုဘိုင်းဖုန်းဆိုတာ လူကုံထံတွေပဲ ကိုင်နိုင်တဲ့ အဆင်တန်ဆာ၊ မိုဘိုင်း ဖုန်းတွေဝယ် ရင်းနှီးမြှုပ်နှံ၊ ဖုန်းအငှားချစား လုပ်ငန်း လုပ်တာတွေ၊ ဖုန်းထောင်စားတာ တွေဟာ အရင်ခေတ်ဟောင်းထဲမှာ ကျန်ရစ် စပြုလာနေပါပြီ။ နယ်တွေမှာ ကျန်ရစ်နေသေးပေမယ့် မကြာမီ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်လာဖို့ အတွက် ခရိုနီတစ်စု အကျိုးမဖြစ်ထွန်းမှာကို ပူပင်ပြီး အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ သူရဦးရွှေမန်းနဲ့ လွှတ် တော်အမတ်မင်းတွေကို မှတ်တမ်းတင်ထားရမှာ ဖြစ်သလို အဲဒါကို အတိုက်အခံလုပ်ပြီး ခွင့်ပြုပေးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးစနစ် ကောင်းမွန်လာဖို့၊ ပြည်သူတွေ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အလွယ် တကူ အသုံးပြုနိုင် ဖို့ဆိုရင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးက ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ပဲ လိုပါတော့တယ်။ အကြောင်းကတော့ နိုင်ငံခြား အော်ပရေ တာတွေ တိုင်းပြည်အနှံ့ ကွန်ရက်မဖြန့် ကြက်နိုင်သေးခင်စပ် ကြား နယ်မြို့ အများစုမှာ MPT ကိုပဲ အားကိုးနေရသေးသလို၊ အင်တာနက် လုပ်ငန်း ကြီး ကိုလည်း မြန်မာ့ ဆက်သွယ်ရေးကပဲ ချုပ်ကိုင်လုပ်ကိုင်နေ သေးတာကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ် ဒု-၀န်ကြီးမဖြစ် ခင် ကေအမ်ဒီ ဦးသောင်းတင် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ပြည်သူတွေ အင်တာနက် အလွယ် တကူ အသုံးပြုနိုင်ရေး၊ ဆက်သွယ် ရေးကနေတစ်ဆင့် လူနေမှုဘ၀ မြင့်မားလာ စေရေးမှာ မိုဘိုင်းဖုန်း ပလက်ဖောင်း အလွန်အရေးကြီးတဲ့အကြောင်း၊ မိုဘိုင်းဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဈေးပေါပေါ သုံးနိုင်ရင် အင်တာနက်ကိုလည်း အလွယ်တကူ သုံးနိုင်လာကြမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို ပံ့ပိုးပေးသွားမယ်ဆိုတဲ့အကြောင်းပါ။ ပညာရှင်တစ်ယောက်ရဲ့ အမြော်အ မြင်ရှိတဲ့ စကားအဖြစ် မှတ်တမ်းတင်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese 

No comments:

Post a Comment