၂၀၁၄ ခုနှစ် နိုဝင်ဘာ ၄ ရက် midterm election ဆီးနိတ်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီမှ ခုနစ်ဦး ထပ်မံအနိုင်ရရှိသဖြင့် အမတ်ဦးရေ ၁၀၀ ရှိသော ဆီးနိတ်တွင် ရီပတ်ဘလစ်ကန်အမတ် ငါးဦးဖြစ်ကာ အများစု ဖြစ်သွားလေသည်။
ရီပတ်ဘလစ်ကန်များသည် ၂၀၁၂ ခုနှစ် ကတည်းက အောက်လွှတ်တော်ခေါ် ကွန်ဂရက်လွှတ်တော်တွင် အများစု ဖြစ်လာသဖြင့် ယခုအခါ လွှတ်တော်နှစ်ရပ်စလုံး၌ ရီပတ်ဘလစ်ကန်များက အသာစီး ရရှိသွားပြီ ဖြစ်သည်။ ယခင် ကွန်ဂရက်လွှတ်တော် တစ်ခုထဲ အများစု ဖြစ်နေစဉ် ၂၀၁၃ ခုနှစ်က ရီပတ်ဘလစ်ကန် များက အိုဘားမားအစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်ကို shutdown လုပ်သဖြင့် အစိုးရလုပ်ငန်း အများအပြား အကြောဆိုင်းသွားကာ ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ ၂၄ ဘီလီယံ ဆုံးရှုံးခဲ့ဖူးလျှင် ယခုကဲ့သို့ လွှတ်တော်နှစ်ခု တွင် အများစု ဖြစ်လာပါကမည်မျှ ပိတ်ဆို့တားဆီးကြမည်ကို မတွေးရဲစရာ ဖြစ်နေပြီဟု အချို့က ဆိုပါသည်။
စစ်တမ်းများကလည်း သမ္မတ အိုဘားမားအစိုးရနှင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်တို့အကြားတွင် ရှေ့ လျှောက် ပိုမိုအငြင်းပွား ပိုမိုအားပြိုင်ကာ ဘာတစ်ခုမှ အလုပ်မဖြစ်သော Gridlock အခြေအနေသို့ ဆိုက်ရောက်တော့မည်ဟု အများစုက ယူဆနေလေသည်။ အမေရိကန် အခြေခံဥပဒေအရ အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင် သုံးခုအကြား အပြန်အလှန် ထိန်းကျောင်းကြပ်မတ်မှု စနစ်များ ထားရှိလေသည်။ လွှတ်တော်များက သမ္မတအပေါ် ထိန်းကျောင်း နိုင်သလို သမ္မတကလည်း လွှတ်တော်ဆုံးဖြတ်ချက်များအပေါ် ဗီတိုအာဏာသုံး၍ ကြပ်မတ်ခွင့် ရှိလေသည်။ ယခု ရွေးကောက်ပွဲ အပြီးတွင် ရီပတ်ဘလစ်ကန်များက အိုဘားမားအစိုးရ၏ မူဝါဒများနှင့် ရာထူးခန့်ထားရေး ကိစ္စများကို မည်သို့ စွက်ဖက်မည်ကို အလွန်စိတ်ဝင်စားနေကြသည်။ လောလောဆယ်တွင် သံတမန် ၅၅ ဦးနှင့် ခွဲစိတ်သမားတော်ချုပ် အပါအဝင် ထိပ်တန်းရာထူး ၂၄၁ နေရာ ခန့်အပ်စရာလည်း ရှိနေလေသည်။
ပြီးခဲ့သော ၂၀၀၇ မှ ၂၀၁၂ ခုနှစ်အတွင်း ridlock ဖြစ်ခဲ့သည့် အကြိမ်ပေါင်း ၃၄၅ ကြိမ် ရှိခဲ့ပြီး ဤအရေ အတွက်သည် ယခင်ကထက် နှစ်ဆပိုများလာကြောင်း၊ ယင်းမှာ အမေရိကန် နိုင်ငံရေးစနစ်ကြီးအတွင်း ဆုတ်ယုတ်မှု ဖြစ်ကြောင်း ဝေဖန်သူများက ဆိုကြပါသည်။ အမေရိကန် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အဆောက်ဦများသည် ကြာလေလေ အငြင်းပွား စကားနိုင်လုရာ နေရာဖြစ်လာလေလေ ဖြစ်နေကာ မည်သည့် ဆုံးဖြတ်ချက်မှလည်း မချနိုင်ဖြစ်နေကြောင်း ထောက်ပြနေကြလေသည်။ အချို့ကတော့ ရီပတ်ဘလစ်ကန်များသည် အိုဘားမား ဘာလုပ်လုပ် ပိတ်ဆို့ရန် အသင့်ရှိနေကြပြီး ရီပတ်ဘလစ်ကန်၏ ပေါ်လစီအချို့ကို အိုဘားမား ကူးယူလုပ်ကိုင်လျှင်တောင် ကန့်ကွက်ကြလိမ့်မည်ဟု ဆိုကြလေသည်။
ဤရွေးကောက်ပွဲသည် ရိုးရိုးရွေးကောက်ပွဲ မဟုတ်။ သမ္မတအိုဘားမားအပေါ် အယုံအကြည် ရှိမရှိ သဘောထား ကောက်ခံသော ဆန္ဒခံယူပွဲ ဖြစ်သည်ဟု အချို့က ပြောကြသည်။ အချို့ကလည်း ဤရွေးကောက်ပွဲသည် အဆိုးနှစ်ခုထဲမှ သူတို့ မကြုံရသေးသော အဆိုးကို ရွေးကြခြင်း ဖြစ်သည်ဟု ဆိုကြ သည်။ အချို့ကမူ ရီပတ်ဘလစ်ကန်များကို ရွေးခဲ့ကြခြင်းမှာ ရီပတ်ဘလစ်ကန်များကို ကြိုကကြ၍ မဟုတ် ဘဲ အရင်က ရီပတ်ဘလစ်ကန် မဟုတ်သူများကို အရွေးမှားခဲ့သဖြင့် နှာခေါင်းကျည်ပွေ့ တွေ့ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
အမေရိကန်နိုင်ငံ၏ နှစ်ပါတီနိုင်ငံရေး စနစ်သည် အခြား ဥရောပနိုင်ငံများကဲ့သို့ ပါလီမန် နှစ်ပါတီစနစ် မဟုတ်ချေ။ (၁) အုပ်ချုပ်ရေးမဏ္ဍိုင်မှ သမ္မတတာဝန်ကို အနိုင်ရပါတီတစ်ခုက ရယူလေ့ရှိသည်။ ပါလီမန်စနစ်မှာကဲ့သို့ အတိုက်အခံဟူ၍လည်း သတ်သတ်မှတ်မှတ် မရှိချေ။ (၂) ဥပဒေပြုလွှတ်တော် နှစ်ရပ်တွင်မူ တစ်ပါတီတည်း မဟုတ်တော့၊ နှစ်ပါတီစလုံးမှ နိုင်သည့် အမတ်အရေအတွက်အလိုက် ပါဝင်ကြလေသည်။ လွှတ်တော်တွင်းတွင်လည်း အာဏာရနှင့် အတိုက်အခံဟူ၍ သတ်သတ်မှတ်မှတ် မရှိ၊ အကြောင်းအရာ တစ်ခုချင်းလိုက်၍ နှစ်ပါတီစလုံးမှ သန်ရာသန်ရာ ပါဝင်လေ့ရှိသည်။ (၃) ပါလီမန်စနစ် ကဲ့သို့ မိမိအမတ်နည်းလျှင် အစိုးရနုတ်ထွက်ရခြင်းမျိုး မရှိဘဲ လွှတ်တော် နှစ်ရပ်စလုံးတွင် အခြားပါတီမှ အများစု အုပ်စီးထားသည့်တိုင် သမ္မတသည် သူ့အလုပ် သူဆက်လုပ်၍ ရလေသည်။
ရီပတ်ဘလစ်ကန်ပါတီမှ အများစု ဖြစ်သွားသောအခါ အိုဘားမားကို ပြန်လမ်းမရှိတော့သည့် ဘဲခြေကျိုး ဘဝကို ရောက်သွားပြီဟု အချို့က ပြောကြလေသည်။ အိုဘားမားသည် သူ့ကို ဝေဖန်ရှုတ်ချမည့် ကျယ်ပြန့် သည့် တပ်ပေါင်းစုကြီး တစ်ခုကို သူ့ဘာသာ မွေးထုတ်မိလေပြီဟု အချို့က ဆိုကြသည်။ ယင်းတပ်ပေါင်းစု ထဲတွင် ဆီးရီးယားစစ်ပွဲကို မတားဆီးနိုင်၍ မကျေနပ်သော လူသားချင်းစာနာရေး ဝါဒီများပါသည်။ အီဂျစ်စစ်အာဏာသိမ်း ဗိုလ်ချုပ်များကို ပြတ်ပြတ်သားသား အရေးမယူ၍ မကျေနပ်သော လူ့အခွင့်အရေး ဝါဒီများပါသည်။ ကမ္ဘာ့အရေးများတွင် ရှေ့ဆုံးထွက်၍ ခေါင်းဆောင်မှုမပေးသဖြင့် အားမရသော ဥရောပ မဟာမိတ်များ ပါသည်။ နိုင်ငံခြားရေးမူဝါဒ ရဲရင့်ပြတ်သားခြင်း မရှိသဖြင့် အထင်သေးနေသော ပြည်တွင်းမှ အင်အားသုံးလိုသူ သိမ်းငှက်များလည်း ပါဝင်ကြလေသည်။ အချို့ကတော့ အိုဘားမားသည် ပြည်ပရေးရာ တွင် အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးရမိခြင်းနှင့် မြန်မာပြည်ကို သိမ်းသွင်းနိုင်ခြင်းတို့ကိုသာ လက်ညှိုး ထိုးပြနေပြီး အလွန်ဆိုးရွားလာနေသော ဆီးရီးယားအရေး၊ အစ္စလာမ္မစ် စစ်သွေးကြွများအရေး၊ ယူကရိန်း အရေး၊ အရှေ့အလယ်ပိုင်းအရေး များကို လက်ဦမှုရှိရှိ မဖြေရှင်းနိုင်ခဲ့ဟု ဝေဖန်ကြသည်။
အိုဘားမားအပေါ် ယုံကြည်မှုနည်း ပါးလာခြင်းမှာ သူပြောဆိုခဲ့သော စကားများနှင့် သူ၏ လက်တွေ့ အကောင် အထည်ဖော်မှုအကြားများစွာ ကွာဟနေသောကြောင့် ဖြစ်သည်ဟုလည်း ဆိုကြသည်။ ဆီးရီးယား ဓာတုအဆိပ်ဗုံး ကိစ္စဆိုလျှင် ဆီးရီးယားအစိုးရကို အနီရောင်မျဉ်းကို မကျော်ဖို့နှင့် အနီရောင်မျဉ်းကို ကျော်လျှင် ပြင်းထန်သော အကျိုးဆက်ကို ရင်ဆိုင်ရမည်ဟု ပြင်းထန်စွာ သတိပေးခဲ့သော်လည်း တကယ်တမ်း ဓာတုဗုံးကို သုံးလာသောအခါ ထိရောက်စွာ မကိုင်တွယ်တော့ချေ။ ယခင်သမ္မတ ဆင်နွှဲခဲ့သော အာဖဂန်နှင့် အီရတ်စစ်ပွဲကို မိုက်မဲထိုင်းအသောစစ်ဟု စွပ်စွဲပြီး သူသမ္မတဖြစ်၍ ဘာမျှ မကြာမီ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု လက်ခံပြီးသည်နှင့် အာဖဂန်သို့ စစ်အင်အား အလုံးအရင်းပို့ကာ စစ်ရှိန်မြှင့်ခဲ့လေသည်။ အီရန် နျူကလီးယားအရေး တွင်လည်း “ဆုပ်ထားတဲ့ လက်သီးကို ဖြေချင်စိတ် ရှိနေသရွေ့ ခင်ဗျားတို့နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အသင့်ပါပဲ” ဟု ပြောဆိုလာရင်း အီရန်လက်ထဲတွင် နျူကလီးယားလက်နက် ရရှိရန် နီးကပ်လာခဲ့လေသည်။
အိုဘားမားအတွက် ယုံကြည်မှု ရှိမရှိ အကျပ်အတည်း ကြုံရသည်မှာ ပထမအကြိမ် မဟုတ်ချေ။ ၂၀၁၂ ခုနှစ် ဒုတိယအကြိမ် သမ္မတအဖြစ် ပြန်လည်ယှဉ်ပြိုင်စဉ်ကလည်း ထိုအကျပ်အတည်းမျိုး ရင်ဆိုင်ရဖူး လေသည်။ ထိုအကျပ်အတည်းက လွတ်မြောက်ရုံမက သမ္မတအဖြစ်ပင် ပြန်လည် အရွေးခံခဲ့ရလေသည်။ ဤသညှ်ာလည်း အမေရိကန်နိုင်ငံရေးစနစ်၏ ထူးခြားချက်ကြောင့် ဖြစ်လေသည်။ နိုင်ငံရေး သိပ္ပံပညာရှင် များသည် အခြေခံဥပဒေတွင် အစိုးရတစ်ခု ဆက်လက်တည်ရှိနိုင်မည့် အခွင့်အရေး မည်မျှပါရှိသနည်းဟူသည့် အချက်ပေါ်မှနေ၍ ပျော့ပျောင်းသလား၊ တောင့်တင်းသလားဆိုပြီး နှစ်မျိုးခွဲလေ့ ရှိလေသည်။ ဤခွဲခြားနည်းအရ အမေရိကန်စနစ်သည် ပျော့ပျောင်းမှု ရှိလေသည်။ ထိုစနစ်အောက်တွင် ရှိသော နိုင်ငံရေးပါတီများ အတွက်လည်း ပျော့ပျောင်းမှုများစွာ ရရှိလေတော့သည်။ စည်းကမ်းလည်း ရရှိစရာ မလိုသလို အဆင့်ဆင့် ခေါင်းဆောင်ဖြင့် ဖွဲ့စည်းစရာလည်း မလိုတော့ချေ။
အမေရိကန်တွင် ဆိုရိုးစကားတစ်ခု ရှိလေသည်။ ယင်းမှာ အမေရိကန်တွင် ရှိနေသည်မှာ ပါတီကြီး နှစ်ခုမဟုတ်။ ပြည်နယ် ၅၀ တွင် ပြည်နယ်အလိုက် ကိုယ့်ဘာသာကိုယ် မင်းမူနေသော ပါတီ ၁၀၀ ရှိသည် ဟူသော စကားဖြစ်သည်။ အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ ကာလမှလွဲ၍ ကျန်အချိန်များတွင် နိုင်ငံရေးလှုပ်ရှားမှု သိပ်မတွေ့ရချေ။ ပါတီကြီးနှစ်ခုစလုံး၌ တိကျသော ကိုယ်ပိုင်လမ်းစဉ်ဟူ၍လည်း မရှိကြချေ။ သမ္မတရွေးကောက်ပွဲနီးမှ မိမိတို့၏ မူဝါဒများ ထုတ်ဖော်ကြလေသည်။ ပါတီအဖွဲ့အစည်း ဆိုသည်မှာလည်း အောက်ခြေဒေသ အဖွဲ့အစည်းများသာ ရှိပြီး ပြည်လုံးဆိုင်ရာ အဖွဲ့အစည်းမရှိချေ။ ပြည်နယ်အဆင့်များတွင်လည်း လျော့ရဲရဲ အဖွဲ့အစည်းသာ ရှိလေသည်။
ထို့ကြောင့် လွှတ်တော်ထဲ ရောက်သွားကြသူများသည် ဒီမိုကရက်၊ ရီပတ်ဘလစ်ကန်ဟု မခွဲတော့ဘဲ တူရာစုတတ်ကြသည်။ နှစ်ပါတီစလုံးရှိ ကွန်ဆာဗေးတစ်များကို ဆန့်ကျင်ရန် နှစ်ပါတီစလုံးမှ လစ်ဘရယ်များ ပူးပေါင်းချင် ပူးပေါင်းမည်။ နှစ်ပါတီထဲရှိ အလယ်ဗဟို ဝါဒီများစုကာ အစွန်းနှစ်ဖက် ဆန့်ကျင်မှု မပေါ်အောင်လည်း ဟန့်တားနိုင်လေသည်။ သို့သော် တစ်ခုသတိပြုရမည်မှာ ထိုသို့မဟာမိတ် ဖွဲ့ခြင်းသည် ယာယီသာ ဖြစ်သည်။ သူတို့အတွက် ခိုင်မြဲသော မဟာမိတ်၊ တည်ငြိမ်သော မဟာမိတ်ဟူ၍မရှိ။ တစ်ခါတစ်ရံ သမ္မတများပင် မဟာမိတ်အမျိုးမျိုး ပြောင်းလဲနေ၍ မျက်စိလည်ရလေသည်။ အင်အားကြီး နှစ်ပါတီစလုံး အရောရောအထွေးထွေး ရှိနေသဖြင့် အမေရိကန်နှစ်ပါတီ စနစ်ကို အတုအယောင် နှစ်ပါတီစနစ်ဟုပင် ခေါ်ကြလေသည်။
ယခု ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်မှ အများစု ရရှိသွားသဖြင့် ရီပတ်ဘလစ်ကန်များ ပိုမိုစည်းလုံးသွားမည်ဟု ယူဆ၍ မရချေ။ မတူသော အကျိုးစီးပွားဖြင့် ပေါင်းစည်းနေသော အုပ်စုမျိုးစုံလည်း ဆက်လက်တည်ရှိနေလိမ့်မည်။ ဒီမိုကရက်များအကြားတွင်လည်း အလားတူပင် ဖြစ်လိမ့်မည်။ ယခုရွေးကောက်ပွဲတွင် အနည်းငယ် ထူးသည်မှာ ဒီမိုကရက်အချို့သည် နောက်ရွေးကောက်ပွဲ၌ သူတို့ပြန်လည် အင်အားကောင်းလာစေလိုလျှင် သမ္မတအိုဘားမားနှင့် ဝေးနိုင်သမျှ ဝေးဝေးနေရမည်ဟု စဉ်းစားလာကြခြင်း ဖြစ်သည်။ ရီပတ်ဘလစ်ကန် မဟာဗျူဟာမှူး အဲလက်စ် ကာစ်တယ်လေနို့စ်က “ယခုအခါ ရောဂါကာကွယ်ရေးဝတ်စုံ ခြေဆုံးခေါင်းဆုံး ဝတ်သူ နှစ်မျိုးရှိနေသည်။ တစ်မျိုးမှာ အီဘိုလာရောဂါ ကုသပေးနေသူများ ဖြစ်ပြီး နောက်တစ်မျိုးမှာ သမ္မတအိုဘားမားကို မိမိမဲဆန္ဒနယ် မလာအောင် တားဆီးကာကွယ်လိုသူများ ဖြစ်သည်” ရေးသားခဲ့လေသည်။ ယခု ရွေးကောက်ပွဲသည် အဆိုးနှစ်ခုထဲမှ အဆိုးတစ်ခုကို ရွေးရသောကြောင့် ပေလောမသိ။ မဲဆန္ဒလာပေးသူ အရေအတွက်ကလည်း ၄၀ ရာခိုင်နှုန်းပင် ကောင်းကောင်းမပြည့်ဟု ဆိုကြသည်။
နေဦးဝေ
The Voice
No comments:
Post a Comment