သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်း အဖြစ် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။
တရားခံရှေ့နေဖြစ်သူ ဦးစိန်မြင့်၏ တင်ပြမေးမြန်းချက်များတွင် သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ မောင်အံ့ဖြိုးပိုင်တို့သည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက တစ်ဦးနှင့် တစ်ဦး လွန်စွာချစ်ခင်သည့် သမီးရည်းစားများဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် ထိုအချိန်ကတည်းက ဒဂုံမြို့နယ် တရားရုံးသို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရန် အသိမိတ်ဆွေများဖြင့် သွားရောက်ခဲ့ပြီး ထိုစဉ်က အေးချမ်းမြတ်မိုး၏ အသက်မှာ ၁၈ နှစ် နီးနီးသာ ရှိသေး၍ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ မရကြောင်း တရားရုံးရှိ ၀န်ထမ်းမှ မိတ်ဆွေများရှေ့တွင် ရှင်းပြခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် အလှူဒါနပြုခြင်း၊ လက်ဝတ်ရတနာပစ္စည်းများ ပြုလုပ်ခြင်း၊ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း၊ အေးချမ်းမြတ်မိုး မြန်မာ့အသံဝန်းအတွင်း အနုပညာသင်တန်းတက်စဉ်က မောင်အံ့ဖြိုးပိုင်မှ အကြိုအပို့လုပ်ခဲ့ခြင်း၊ ၎င်းတို့နှစ်ဦးသည် အံ့ဖြိုးပိုင်၏ Honda Insight ကားအတွင်း ချစ်ခင်ကြင်နာစွာဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရ စီဒီခွေများ ထုတ်ခြင်းတို့ရှိကြောင်း တရားရုံးသို့ တင်ပြပြီး သေဆုံးသူ အေးချမ်းမြတ်မိုး၏ အစ်ကိုဖြစ်သူ ကိုအာကာဝဏ္ဏအား အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ သိ၊ မသိမေးမြန်းရာ ကိုအာကာဝဏ္ဏမှ လုံးဝမသိရှိကြောင်းနှင့် လုံးဝ မဖြစ်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
“ဒီကိစ္စတွေ ကျွန်တော်လုံးဝမသိဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ညီမလေးက အံ့ဖြိုးပိုင် သူ့ကို လိုက်နှောင့်ယှက်နေတယ်ပဲ ကျွန်တော့်ကို ပြောပါတယ်။ ညီမလေးက သင်တန်းမှာရော၊ ကျောင်းမှာပါ ယောက်ျားလေးသူငယ်ချင်းအများ ကြီးရှိပြီး ဓာတ်ပုံတွေလည်း အများကြီး တွဲရိုက်ခဲ့ပါတယ်။ အားလုံးကိုရွယ်တူ သူငယ်ချင်းလို့ သဘောထားတာပါ၊ ဒီကိစ္စတွေ လုံးဝမဖြစ်နိုင်ပါဘူး”ဟု သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏက တရားရုံးသို့ ပြန် လည်ဖြေကြားသည်။
လူသတ်မှု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အနေဖြင့် အခင်းဖြစ်ပွားသည့် သြဂုတ်လ ၂၆ ရက်နေ့က အင်းလျားလမ်းရှိ ကုမ္ဗဏီတခုတွင် အလုပ်ကိစ္စအတွက် ညနေ ၅ နာရီကျော်သည်အထိ လူတွေ့ အင်တာဗျူးဖြေဆိုနေကြောင်း၊ ထိုအချိန်တွင် ဖုန်းပိတ်ထားသည့်အတွက် အင်တာဗျုးပြီး ဖုန်းဖွင့်သောအခါ သေဆုံးသူ အေးချမ်းမြတ်မိုးမှ သူ၏ ဟန်းဖုန်းသို့ စာတိုများပို့ထားကြောင်း၊ ထို့ကြောင့် ၎င်းမှ အေးချမ်းမြတ်မိုးထံသို့ သွားရောက်တွေ့ဆုံ ခဲ့ကြောင်းလည်း တင်ပြခဲ့သည်။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် ဆေးတက္ကသိုလ် (၁) ကျောင်းသားတစ်ဦးဖြစ်ပြီး ဆေးတက္က သိုလ်တွင် ပထမနှစ်တစ်နှစ်သာ တက်ရောက်ပြီး နှုတ်ထွက်ခွင့်တောင်းကာ အေးချမ်းမြတ်မိုးတက်ရောက်နေခဲ့ေ သာ အဝေးသင်တက္ကသိုလ်အင်္ဂလိပ်စာမေဂျာသို့ ပြောင်းရွှေ့သင်ယူခဲ့ကြောင်းလည်း တရားခံရှေ့နေက တင်ပြခဲ့သည်။
ယခုကဲ့သို့ တရားခံရှေ့နေဘက်မှ သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို တင်ပြခဲ့သော်လည်း ၎င်းတို့နှစ်ဦးမှာ သမီးရည်းစားလုံးဝမဟုတ်ဘဲ၊ အံ့ဖြိုးပိုင်ကသာ အေးချမ်းမြတ်မိုးကို လိုက် လံနှောင့်ယှက်နေခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူမှ အခင်းဖြစ်ပွားစဉ်က မီဒီယာများကို ဖြေကြားခဲ့သည်။
မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု၏ တတိယမြောက်ရုံးချိန်းကို လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန် ကုန်အနောက်ပိုင်းခရိုင်တရားရုံး ၌ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ပြီး တရားလိုရှေ့နေမှ တရားခံရှေ့နေ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားခွင်မှ သိရသည်။
လက်ရှိတွင် စွပ်စွဲခံ မောင်အံ့ဖြိုးပိုင်အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ကျခံရနိုင်သည်။
မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
နေပါဦး...အမောင်ရှေ့နေရေ..နှစ်ဦးသဘောတူလက်ထပ်လုနီးပါးဖြစ်တော့ကော...ဘာဖြစ်လဲ၊အဲ့သလိုဖြစ်တာနဲ့ပဲတရားဝင်လူသတ်ခွင့်ပေးရမှာလား၊အမှုကကွင်းလုံးကျွတ်လွှတ်ပေးရမှာလား၊
ReplyDelete