အမေရိကန်သမ္မတဘာရတ်အိုဘားမားက အီရတ်တွင်သာမကဘဲ ဆီးရီးယားတွင်ပါ လေကြောင်း တိုက် ခိုက်မှုများပြုလုပ်ပြီး အစ္စလာမ်မစ် နိုင်ငံတော်(IS)စစ်သွေးကြွအဖွဲ့ကို ဖြိုခွင်းသွားမည်ဟု ကြေညာခဲ့သည်။
သမ္မတ သက်တမ်းတစ်လျှောက်တွင် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ စစ်ဆင်ရေးများ ဆင်နွှဲမှုကို အတတ်နိုင် ဆုံး ရှောင်ကြဉ်လေ့ရှိသည့် အိုဘားမားသည် ဆီးရီးယားနှင့် အီရတ်တို့တွင် ဩဇာကြီးလာပြီး ရက် စက်ကြမ်းကြုတ်သည့် အပြုအမူများ ကျူးလွန်နေသည့် စစ်သွေးကြွ အဖွဲ့နှင့် ပတ်သက်၍ မူဝါဒသစ်ကို ကြေ ညာ ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သိပ်ကို ရှင်းလင်းပါတယ်။ ISIL (IS၏ ယခင်အမည်ဟောင်း) အဖွဲ့ရဲ့ အင်အားကို ဆုတ်ယုတ်သွားအောင် လုပ်ဆောင်မယ်။ အဲဒီကနေတစ်ဆင့် အဆုံးစွန် ပျက်သုဉ်းသွားစေ မယ်။ ISIL ကို တိုက်ခိုက်ဖို့အတွက် ထိရောက်ပြီး ရှည်ကြာတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ တစ်ရပ် ဖော်ဆောင်ရပါမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာက အမေရိကန်ဟာ ကိုယ့်နိုင်ငံကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက် သမားတွေကို လိုက်လံရှာဖွေ ချေမှုန်းမယ်။ သူတို့ ဘယ်နေရာမှာပဲ ရှိရှိပါ။ ဒါကြောင့် ဆီးရီးယားမှာဖြစ်စေ၊ အီရတ်မှာဖြစ်စေရှိနေတဲ့ ISILအဖွဲ့တွေအပေါ် တိုက်ခိုက်ဖို့ ကျွန်တော် နှောင့်နှေးနေ မှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။ အိုဘားမားသည် ရုပ်မြင်သံကြား မိန့်ခွန်းအတွင်းတွင် အစ္စလာမ် မစ် နိုင်ငံတော်ဆိုသော စကားလုံး၏ အတိုကောက်ဖြစ်သော IS ဆိုသည့် အမည်ကို ရည်ရွယ်ချက် ရှိရှိ ရှောင် လွှဲ ခေါ်ဝေါ်သွားသည်ကို တွေ့ရသည်။
ISအဖွဲ့သည် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတို့ ဖမ်းဆီး ထားသည့် အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုများကို လွှင့်တင် ခဲ့သည်။ အဆိုပါ အခြေအနေသည် အမေရိကန်အပေါ် IS က ကြီးကြီးမားမား ခြိမ်းခြောက် လာမှုကို ညွှန်ပြနေကြောင်း နိုင်ငံတကာရေးရာ အကဲခတ်များက ယူဆထားသည်။
အိုဘားမားက “သမ္မတ တစ်ယောက် အနေနဲ့ ကျွန်တော် ကျင့်သုံးတဲ့ အခြေခံ အနှစ်သာရက အမေရိကန် ကို ခင်ဗျားတို့ ခြိမ်းခြောက်ခဲ့တယ်ဆိုရင် ခင်ဗျားတို့အတွက် လုံခြုံတဲ့ နိဗ္ဗာန်ဘုံတစ်ခု ရှာတွေ့မှာ မဟုတ်ဘူး ဆိုတာပဲ”ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။
IS အဖွဲ့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားတို့ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ် မစ် နိုင်ငံတော်အဖြစ် သတ်မှတ် ထူထောင်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် မျိုးနွယ် ကွဲပြား သူများအပေါ် ရက်စက်စွာ ပြုမူနေသည့် အစွန်းရောက် စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ အိုဘားမားက IS တို့ အပေါ် တိုက်ခိုက်ခြင်းသည် အီရတ်နှင့် အာဖဂန် နစ္စတန်တို့တွင် ဆင်နွှဲခဲ့သည့် စစ်ပွဲများကဲ့သို့ ဆယ် စုနှစ်နှင့်ချီ ကြာမြင့်ပြီး အမေရိကန် ခြေလျင်တပ်များ သွားရောက် တပ်စွဲသည့် အခြေအနေမျိုး မဖြစ်နိုင်ကြောင်း အလေးအနက် ရှင်းလင်းခဲ့သည်။
“အမေရိကန် ပြည်သူတွေ အားလုံးကို သေချာ နားလည်စေချင်တာက အီရတ်နဲ့ အမေရိကန် စစ်ပွဲတွေနဲ့ ယှဉ်ရင် လက်ရှိ လုပ်ဆောင်မှုတွေက ဘယ်လိုဘယ်ပုံ ကွာခြားတယ် ဆိုတာကိုပါ။ နိုင်ငံခြား တိုင်းပြည်တွေ မှာ အမေရိကန်ရဲ့ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်တာမျိုး ရှိလာမှာ မဟုတ်ပါဘူး”ဟု အိုဘားမားက ပြောကြားသွားသည်။
Ref: Channelnewsasia
7Day DAILY
No comments:
Post a Comment