Apple ၏ iCloud အင်တာနက် သိုလှောင်မှုစနစ်မှ နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများ ပေါက်ကြားမှုကို အမေရိကန် ထောက် လှမ်းရေးဌာန FBI က တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။
Apple က မိမိတို့သည် အဆိုပါ ဖြစ်ရပ်ကို စုံစမ်းမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ယင်းကို FBI ကလည်း ပါဝင် ပူးပေါင်းသွားမည်ဟု သိရသည်။ The Hunger Games ဇာတ်ဆောင် မင်းသမီး ဂျနီဖာ လောရင့်စ် ကိုယ်တိုင်က အင်တာနက် တွင် ပျံ့နှံ့နေသော ဓာတ်ပုံများသည် မိမိ၏ ပုံရိပ် အစစ်အမှန်များ ဖြစ်ကြောင်း ဝန်ခံထားရာ Apple အနေဖြင့် iCloud တွင် ယိုပေါက်များ ရှိနေသည်ကို မျက်ကွယ်ပြု၍ မရတော့ချေ။ လောရင့်စ် ၏ ကိုယ်စားလှယ် တစ်ဦးက ယခုဖြစ်ရပ်သည် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခံရခြင်းဟု ဝေဖန်ထားသည်။
FBI ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက “လက်ရှိ ဖြစ်ရပ်တွေကို သတိကြီးကြီး ချဉ်းကပ်ပြီး ဒီကိစ္စကို ကိုင်တွယ် စုံစမ်းသွားမှာပါ”ဟု AP သတင်းဌာနသို့ ပြော ကြားခဲ့သည်။ Apple ၏ ပြောရေးဆိုခွင့်ရ အမျိုး သမီး နတ်ကာရစ်က “ကျွန်မတို့ အနေနဲ့ ဖောက်သည်တွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အထူး ဂရုစိုက် ပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး အလေးအနက် စုံစမ်းသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ လုံခြုံရေးနှင့် ပတ် သက်ပြီး နာမည်ကောင်း ရထားသည့် Apple ၏ iCloud ဝန်ဆောင်မှု ယခုအခြေအနေ ကြုံခဲ့ သည့်နောက် ကျွမ်းကျင်သူများက အင်တာနက်ပေါ်ရှိ Cloud ဝန်ဆောင်မှုများ၏ မူပိုင်ခွင့် အာမခံချက် အပေါ် မေးခွန်းထုတ်လာသည်။
ယခုဖြစ်ရပ်တွင် Reality TV စတား ကင်မ်ကာဒက်ရှီယန်၊ မင်းသမီး မေရီအဲလိ ဇဘက်သ် ဝင်းစတက်ဒ်၊ အမေရိကန် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းမှ ဂိုးသမား ဟုပ်ဆိုလို အစရှိသည့် နာမည်ကျော် အများအပြား၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများပါ Hacker များ လက်ထဲ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
Ref: BBC
No comments:
Post a Comment