အိုမင်းရင့်ရော်နေပြီဖြစ်တဲ့အဘိုးဟာ သား၊ချွေးမနဲ့ လေးနှစ်အရွယ်လူမမယ်
မြေးကလေးတို့နဲ့ အတူနေထိုင် ပါတယ်။ အဘိုးအိုရဲ့တုန်ရီနေတဲ့လက်၊
မကြည်လင်ဝေသီမှုံမွှားနေတဲ့အမြင်၊ မသန်စွမ်းတော့ပြီမို့ ပုံမှန်မလျှောက် နိုင်ဘဲ အဘိုးခြေလှမ်းတွေက နံ့နှေးတုံ့ဆိုင်းလို့နေပါတယ်။
ထမင်းစားပွဲမှာ မိသားစုအတူတူစားတဲ့အခါ လက်က လည်း ကတုန်ကရီ၊ မျက်စိကလည်းမမြင် စမ်းတ၀ါးမို့ အဘိုးအတွက်စားရသောက်ရတာ အလွန်ပဲခဲယဉ်းလွန်း ပါတယ်။ ပဲစိမ်းလုံးလေးတွေ အဘိုးရဲ့ဇွန်းပေါ်ကလိမ့်လိမ့်ပြီး ကြမ်းပေါ်ကိုကျတာလည်း ခဏခဏပါ။

ဖန်ခွက်ကို လှမ်းယူရင်း စားပွဲခင်းလှလှပေါ် နို့တွေဖိတ်စင်ကျလိုကျ။
သားနဲ့ချွေးမမှာ တော်တော်လေးပဲ စိတ်အနှောင့်အယှက် ဖြစ်လာပါတော့တယ်။ "အဘိုးအတွက် တစ်ခုခုတော့စီစဉ်မှဖြစ်လိမ့်မယ်"သားကပြောပါတယ်။
"နို့ကလည်းဖိတ်၊ ဇွန်းခရင်းတွေလွတ်ကျနဲ့ အစားစားရင်ဆူညံနေတာပဲ၊ စားစရာတွေဖိတ်ကျလိုကျ၊ ကြာလာတော့လည်း မခံနိုင် တော့ဘူး။" ဒါကြောင့်ပဲ အဘိုးအတွက် ထမင်းစားခန်းထောင့်မှာစားဖို့ စားပွဲငယ်လေးတစ်ခုထားဖို့ စီစဉ်လိုက်ပါ တယ်။ အဘိုးကို တစ်ကိုယ်တည်းသီးသန့်စားစေပြီး၊ ကျန်မိသားစုကတော့ ပျော်ပျော်ပါးပါးအတူ လက်ဆုံစားလို့ ပေါ့။
အဘိုးကြောင့် ကြွေပန်းကန်းနှစ်ချပ်လောက်ကွဲထားပြီးပြီမို့၊ သစ်သားပန်းကန်လုံးနဲ့သာ အဘိုးကို ထမင်းကျွေး ပါတယ်။ အဘိုးဆီလှမ်းကြည့်လိုက်ရင်၊ အဘိုးရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေ ရစ်ဝိုင်းနေတာ မကြာမကြာ တွေ့ရ တတ်ပါတယ်။ အဘိုးဆီကအသံဆိုလို စူးရှကျယ်လောင်တဲ့ ဇွန်းခရင်းကျသံနဲ့ စားစရာဖိတ်ကျသံသာ ပုံမှန်ကြားရ ပါတယ်။ မြေးငယ်လေးကလည်း အဘိုးနဲ့ အဖေအမေတို့ကို တစ်ခွန်းမဟဘဲ ကြည့်လို့သာနေပါတယ်။ တစ်ညနေထမင်းမစားခင်မှာ အဖေလုပ်သူက သားငယ်လေး ကြမ်းပေါ်မှာ သစ်သားအပိုင်းအစကလေးတွေနဲ့ ကစားနေတာ တွေ့လို့ ချိုသာကြင်နာစွာပဲ "ငါ့သားက ဘာလုပ်နေတာလဲကွ"လို့ မေးလိုက်ပါတယ်။
"သားက သစ်သားပန်းကန်လုံး လေးနှစ်လုံးလုပ်နေတာ ဖေဖေရ၊ သားကြီးလာတဲ့အခါ ဖေဖေမေမေတို့ ထမင်းစားဖို့လေ"လို့ ကြည်ကြည်ရွှင်ရွှင် ဖြေ ရင်း၊ သားငယ်လေးလည်း သူ့အလုပ်သူ ဆက်လုပ် ပါတော့တယ်။
သားငယ်လေးရဲ့ အဖြေကြားရင်ပဲ သူ့ အဖေနဲ့အမေ မှာ ဘာမှပြန်မပြောတတ်အောင်ပါပဲ။
မျက်ရည်တွေသာ အလိုလိုကျလာပါတော့တယ်။ စကားတစ်ခွန်းမှ မဆိုဖြစ်ကြ ပေမယ့် ဘာကိုလုပ်သင့်သလဲဆိုတာ သူတို့နှစ်ယောက်စလုံးရဲ့ ရင်ထဲအသည်းထဲမှာ ကောင်းကောင်း နားလည် လိုက် ပါပြီ။ ညနေ ရောက်တော့ ဖခင်လုပ်သူက အဘိုးလက်ကိုကိုင်ပြီးတော့ ထမင်းစားခန်းက မိသားစုထမင်းစားပွဲဆီကို ညင်ညင်သာသာ တွဲခေါ်လာပါတယ်။ ထိုနေ့ကစပြီး မိသားစုထမင်းစားပွဲမှာပဲ အဘိုးနေ့စဉ်ထမင်းစားပါတယ်။ ဇွန်းခရင်းတွေကျ၊ နို့တွေဖိတ်၊ စားပွဲခင်းပေကျံကုန်တဲ့အတွက်ကြောင့်
သားနဲ့ချွေးမက အရင်ကလို စိတ်မကျေ မနပ် မဖြစ်တော့ပါဘူး။
ဒါကြောင့် ကလေးငယ်တွေဟာ လောကကိုရှုမြင်သုံးသပ်အတုယူတဲ့နေရာမှာ အလွန်ထူးချွန်ပါးနပ်ကြ ပါတယ် ။ မျက်လုံး လေး ဖွင့်ကြည့်ရှုလေ့လာနေသလို၊ နားကလေးစွင့် နာယူမှတ် သားပြီး မြင်သမျှကြားသမျှကို သူတို့ရဲ့ ရင်ထဲမှာ သိမ်းဆည်းထားမှာပါ။ လူကြီးမိဘက မေတ္တာတရားရှေ့ထားတဲ့ ပျော်ရွှင်စဖွယ် မိသားစုရိပ်မြုံလေး တည်ဆောက် ထားရင်၊ ကလေးငယ်တွေကလည်း လူကြီးမိဘတို့ရဲ့ စိတ်စေတနာအကျင့်အကြံကို စံနမူနာယူလို့ သူတို့ဘ၀ တလျှောက်မှာ လိုက်နာကျင့်သုံးကြမှာပါ။
ထို့ကြောင့်လည်း အမြော်မမြင်ကြီးတဲ့ မိဘများက နေစဉ့်နေတိုင်းဟာ သားသမီးရဲ့ ဘ၀ရှေ့ရေးကောင်းမွန်ဖို့အတွက် အရေးပါသောနေရာမှ ကျပ်မတ်တည်ဆောင်ပေးနေတဲ့ အုတ်တစ်ချပ် ဆိုတာ သိကြပါတယ်။ ပညာရှင်ဗိသုကာများ ဖြစ်လာကြပါစေ။ ။ ။ ။
(Dr. Neil Chadwick The Grandfatherကို ဘာသာပြန်ဆိုပါသည်။)
ကိုရင် သာဂိ

No comments:
Post a Comment