ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ လုပ်ဆောင်နေ စဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အီဘိုလာဗိုင်းရပ်စ်သံသယလူနာ၏သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးအတွက် မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) တို့ လက်ရှိအချိန်အထိ ညှိနှိုင်းနေရ ဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနက သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
"အိန္ဒိယကိုပို့မယ့်သွေးနမူနာကို ကျွန်မတို့ကျန်းမာရေးဌာနက အားလုံးပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် IATA အဖွဲ့ရဲ့ သယ်ပေးမယ်ဆိုတဲ့ခွင့်ပြုချက်ကို စောင့်နေရတဲ့အခြေအနေပါ။ အိန္ဒိယအစိုးရဘက် က လည်း သွေး နမူနာ လက် ခံ မယ်ဆိုတဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ IATA အနေနဲ့လည်း လေကြောင်း လိုင်းတွေ နဲ့ ညှိနှိုင်းနေ ဆဲဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ IATA တို့လက်ရှိ အချိန်ထိ ညှိနှိုင်းနေဆဲပါ။ ဒီလိုလေကြောင်းလိုင်း ပြဿနာအခက်အခဲတွေက တခြားနိုင်ငံတွေမှာ လည်း ဖြစ်နေတာ မျိုးတွေ ရှိ ပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာဆို ကိုယ်ပိုင်လေယာဉ်တွေနဲ့ သယ်တာမျိုးတွေတောင်ရှိပါ တယ်။ ၀န်ကြီးဌာနအနေနဲ့လည်း အမြန်ဆုံးပေးပို့ချင်နေပါတယ်။ ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ WHO က သတ်မှတ်ချက်အတိုင်း အားလုံးလုပ်ဆောင်ပြီးသွားပါပြီ။ သွေးနမူနာကိုပေးပို့နိုင်ဖို့ တိုက်ရိုက်မပို့နိုင်တဲ့ အခက်အခဲ တစ်ခုပဲရှိတော့တာပါ" ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ ဒေါက်တာ တိုးသီရိအောင် က ဆိုသည်။
အီဘိုလာကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် သွေးနမူနာကို သတ်မှတ်ညွှန်းပို့ဓာတ်ခွဲခန်း သို့ ပေးပို့နို င်ရေးနှ င့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူ ပို့ဆောင်ရေး အဖွဲ့ (IATA) အဖွဲ့၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဝေဖန်ချက်များ ထွက်ပေါ်နေပြီး မြန်မာအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် မည်သို့ကိုင်တွယ်လုပ်ဆောင်သွားမည်ကိုမူ စိတ်ဝင် စားမှုမြင့်တက်နေကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြား ရာတွင် "ဒီသွေးနမူနာရဲ့ ဓာတ်ခွဲအဖြေရဖို့က ကြားထဲမှာလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအများကြီးရှိနေ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယလူနာရဲ့သွေးနမူနာကို သတ်မှတ်ဓာတ်ခွဲခန်းကိုပေးပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းရှိပြီးသားဖြစ်ပြီး ဒါတွေကိုလည်း ကျွန်တော်တို့ဘက်က အားလုံးပြင်ဆင်ထားပြီးသားပါ။ အခု အိန္ဒိယအစိုးရရဲ့ထောက်ခံချက်ကရပြီးပါပြီ။ အရင် H5N1 စစ်တုန်းကလည်း နမူနာပစ္စည်းပို့ဖို့အတွက် ကြားထဲမှာ အချိန်နှစ်ပတ်လောက်ကြာခဲ့ပါတယ်။ သတ်မှတ် ဓာတ်ခွဲ ခန်းတွေကို နမူနာပစ္စည်းတွေရောက်သွားရင် စစ်တဲ့အချိန်က တစ်ရက်အတွင်းရပေမယ့် ပေးပို့ ရတဲ့ကြား က လုပ်ငန်းတွေကကြာနေတာပါ" ဟု ပြောကြားသည်။
အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှပြန်လာပြီး ဖျားနာနေသူ ဦးဇင်မင်းဦး၏သွေးနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ စစ်ဆေးခဲ့ရာရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ် (Plasmodium Falciparum) နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် (Plasmodium Vivax) ရောဂါပိုးနှစ်မျိုးကူးစက်ခံနေ ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ထို့အပြင် လူနာ၏သွေးနမူနာများကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ ရှိ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လူနာမှာကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အီဘိုလာ သံသယလက္ခဏာဖြစ်သည့် ခန္ဓာကိုယ် အတွင်းအပြင်တို့တွင် သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရကြောင်းနှင့် အခြားလေးဦး၏ ကျန်းမာရေး အခြေအနေမှာလည်း အားလုံးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
Eleven Media Group

No comments:
Post a Comment