အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ
ဦးသိန်းစိန် နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
အမေရိကန် ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။ အဲဒီ အထဲမှာ ယူနတီ
ဂျာနယ် သတင်းထောက်တွေကို ထောင်(၁၀) နှစ်စီ ချလိုက်တဲ့ ကိစ္စ အပါအ၀င်
ပြည်ထဲရေးဝန်ကြီးဌာန နဲ့ အစိုးရရဲ့ သတင်းမီဒီယာ အပေါ် ဖိနှိပ်နေမှု
ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြည်ထဲရေးနဲ့ အစိုးရဘက်က သတင်းမီဒီယာတွေ အပေါ်
ဘယ်လို ဖိနှိပ်နေတယ် ဆိုတာနဲ့ ပါတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ
ရေးကြ၊သားကြ ဖော်ပြကြတာမို့ သိပ် အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒါပေမယ့်
မြန်မာ့သတင်းမီဒီယာ လောက ဆိုတာကလည်း ချောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး။
မီဒီယာဘက်ကလည်း အမှားတွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင်
မီဒီယာသမားတွေဘက်က မှားနေတဲ့ကိစ္စ၊ မီဒီယာတွေကိုယ်တိုင်
ပြန်ဖော်ပြတာမျိုးကလည်း ဒီနိုင်ငံမှာ အလွန်ရှားပါတယ်။ မီဒီယာ သမား ဘာတွေ
မှားနေသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
မျက်မှောက်ခေတ်
သတင်းမီဒီယာ တွေအပေါ် ဖိနှိပ်မှုလို့ ပြောဆိုလိုက်ရင် ကယားပြည်နယ်
လွိုင်ကော်က အလဲဗင်း သတင်းထောက် မခိုင် ထောင် (၃) လ ကျသွားတဲ့ကိစ္စ၊
မကွေးတိုင်းက ဒီဗွီဘီ ရုပ်သံ သတင်းထောက် ကိုဇော်ဖေ နဲ့ မိတ်ဆွေ တစ်ယောက်ကို
ထောင် (၁) နှစ်နဲ့ချလိုက်တဲ့ ကိစ္စ (နောက်ပိုင်း အယူခံတက် ထောင် ၃ လ
ပြင်ဆင်၊ လွတ်မြောက်ခဲ့ပြီး)၊ ယူနတီ သတင်းဂျာနယ် စီအီးအိုနဲ့
သတင်းထောက်တွေကို ထောင် (၁၀) နှစ် ချလိုက်တဲ့ကိစ္စ၊ သတင်းမီဒီယာ သမားတွေကို
အက်စ်ဘီ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့က ဥပဒေအရ မဟုတ်ပဲ ခေါ်ယူ စစ်မေးတဲ့ ကိစ္စ၊
ဘိုင်မွန်းတည့်နေ ဂျာနယ် သတင်းထောက်၊ အယ်ဒီတာ နဲ့ ထုတ်ဝေသူတွေကို ဖမ်းဆီး
တရားစွဲဆိုထားတဲ့ ကိစ္စ စတာတွေကို တန်းစီပြီး ပြောလေ့ ရှိကြပါတယ်။
တစ်ခုချင်းစီကို လေ့လာကြည့်ကြရအောင်ပါ။
အလဲဗင်း သတင်းထောက်
မခိုင်ကိစ္စ ဆိုရင် အမှုဖြစ်နေသူ တစ်ယောက်နဲ့ အတူ ရှေ့နေတစ်ယောက် အိမ်ကို
သွားပါတယ်။ အဲဒီမှာ ရှေ့နေက ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲပြီး
သက်ဆိုင်ရာ တရားရုံးက ထောင်ဒါဏ် (၃) လ ချမှတ်လိုက်တာကို ခံရပါတယ်။ ပြောရရင်
မခိုင်ဟာ အစိုးရ ဒါမှမဟုတ် စစ်တပ် ဒါမှမဟုတ် အာဏာပိုင် အဖွဲ့အစည်း
တစ်ခုခုနဲ့ ပြသနာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ရှေ့နေ ဆိုတဲ့ သာမန်ပြည်သူနဲ့
ပြသနာ ဖြစ်ခဲ့တာပါ။ ဒါကို သတင်းထောက် သတင်းသွားယူတာကို ဖမ်းရမလား၊
ထောင်ချရမလား ဆိုပြီး သူ့ သက်ဆိုင်ရာ သတင်းဌာနက
ကြွေးကြော်လှုံ့ဆော်ခဲ့ပြီးနောက် ပြည်ပ စာနယ်ဇင်း အဖွဲ့အစည်းတစ်ချို့ရဲ့
ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်း စူးစမ်း ဆင်ခြင်နိုင်မှု
အားနည်းတဲ့သူတွေ ဦးဆောင်မှုအောက်မှာ ဂျာနယ်လစ် တစ်ချို့က လမ်းလျောက်
ဆန္ဒပြတာမျိုးအထိ ဖြစ်ခဲ့ပါတယ်။ သာမန်ပြည်သူတွေက မင်းတို့ သတင်းထောက်တွေ ကို
တစ်ခုခု လုပ်တာနဲ့ ဆန္ဒပြတာပဲလား လို့ မေးငေါ့ခဲ့သည်အထိ
အမြင်စောင်းခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ တကယ်ဆန်းစစ်ရင် စောစောက ပြောသလို
မခိုင် သတင်းသွားယူတယ် ဆိုတာ ရိုးရှင်းမှု မရှိပါဘူး။ နောက် ပြသနာဖြစ်တာ
ဘယ် အစိုးရ၊ စစ်တပ် အာဏာပိုင် တစ်ခုနဲ့မှ မပါတ်သက်ပဲ ရှေ့နေတစ်ယောက်နဲ့
တရားတဘောင် ဖြစ်ရတာပါ။ ဒါကို မီဒီယာဖိနှိပ်မှုအဖြစ် မှားယွင်း
ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ပြသနာ တစ်ခုကတော့ ဒီဗွီဘီ သတင်းထောက်
ကိုဇော်ဖေ ကိစ္စ ဖြစ်ပါတယ်။ သူကတော့ ပညာရေးဌာန တာဝန်ရှိသူတစ်ယောက်နဲ့ ပြသနာ
တက်တာပါ။ ဒါပေမယ့် သူဟာလည်း ပညာရေးမှူးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့
ကျောင်းသားမိဘ တစ်ယောက်နဲ့ အတူတူ အဲဒီ ပြသနာ အတွက် ပညာရေးမှူးရုံးကို
လိုက်သွားခဲ့တာပါ။ သတင်းသွားယူပုံ ရိုးရိုးရှင်းရှင်း မဟုတ်ပါဘူး။
နောက်ပိုင်း တရားစွဲ ခံရတဲ့အခါ၊ ထောင်ချလိုက်တဲ့အခါ မီဒီယာကို
ဖိနှိပ်မှုအဖြစ် ပုံဖော်ကြပြန်ပါတယ်။ တကယ်တော့ မကွေးတိုင်းမှာ ကိုဇော်ဖေ
ခုလို ပြုမူခံရတာဟာ မီဒီယာမို့လို့ ရွေးချယ် ဖိနှိပ်တယ် ဆိုတာမျိုးထက်
ဘယ်သူ့ကိုမဆို အာဏာပိုင်တွေက နှိပ်ကွတ်တယ် ဆိုတဲ့ သဘောပေါ်လွင်ပါတယ်။
အဲဒီထဲမှာ ပြည်သူတွေနဲ့အတူ မီဒီယာက တနွယ်ငင် တစင်ပါ ဖြစ်သွားရတာမျိုးပါ။
နောက်ထပ်
ပြသနာကြီးတစ်ခုက ယူနတီ ဂျာနယ် ကိစ္စပါ။ ယူနတီ ဂျာနယ်ပါ
ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မကိုက်ညီရုံမက
အတော်ဆိုးရွားတဲ့ ရေးသားဖော်ပြမှုလို့ ပြောနိုင်ပါတယ်။ အစိုးရ ဒါမှမဟုတ်
သက်ဆိုင်ရာက အရေးယူကို ယူသင့်တဲ့ ရေးသားဖော်ပြမှုမျိုးပါ။ ဒါပေမယ့် အခု
နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ နဲ့ တရားစွဲပြီး ထောင် (၁၀)
နှစ်ချလိုက်တာမျိုးကတော့ လက်သင့်ခံနိုင်ဖွယ်ရာ မရှိပါဘူး။ ယူနတီ ဂျာနယ်မှာ
ရေးသားဖော်ပြတာကို အရေးယူရတယ် ဆိုတာ လက်ခံနိုင်ပေမယ့် ခုလို မတရား ပုဒ်မ
နဲ့ ထောင်(၁၀) နှစ်ချတာကတော့ မီဒီယာအပေါ် ဖိနှိပ်မှုလို့ ရှင်းရှင်းလင်းလင်း
ပြောနိုင်ပါတယ်။
သတင်းမီဒီယာ သမားတွေကို အက်စ်ဘီလို့ ခေါ်တဲ့
သတင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ မဟုတ်ပဲ ခေါ်ယူ စစ်ဆေးခဲ့တဲ့ ကိစ္စဆိုရင်
မီဒီယာ အပေါ် ဖိနှိပ်မှုဖြစ်ပါတယ်။ အဲဒီ ကိစ္စတွေ ကိုင်တွယ်ရတဲ့ အက်စ်ဘီ
တာဝန်ရှိသူတစ်ယောက်က ဆိုရင် မီဒီယာတွေ သူတို့ကို ကြောက်သွားအောင် လုပ်တာ၊
တစ်ချို့ ကြောက်လို့ ထွက်ပြေးသွားသူတွေတောင် ရှိတယ်၊ ဒါကြောင့် အခု သူတို့
လုပ်ရပ် အောင်မြင်တယ် ဆိုတာမျိုးအထိ ပြောခဲ့ပါတယ်။ အတော်ဆိုးတဲ့ ကိစ္စပါ။
လက်ရှိ
သတင်းမီဒီယာသမားတွေ ပြသနာ ဖြစ်ရတာမှာ ဥပဒေ နားမလည်မှု၊ စာနယ်ဇင်း ကျင့်ဝတ်
မသိမှု၊ သက်ဆိုင်ရာ သတင်းဌာနတွေရဲ့ သွေးထိုးမြှောက်ပေးမှု၊ တစ်ခါ တစ်ရံ
ဆိုးကျိုးဖြစ်စေတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့
အားပေးကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒ နားမလည်မှု နဲ့
စာနယ်ဇင်း ကျင့်ဝတ် မသိမှု ကိစ္စတွေကတော့ ရှင်းလင်းပါတယ်။ ယူနတီဂျာနယ်ရဲ့
ရေးသားဖော်ပြချက်တွေဟာ အဲဒီ နှစ်ခုကို သိရင် အဲလို ရေးသားဖော်ပြကြမှာ
မဟုတ်ပါဘူး။ ထောင်ချခံရသူ သတင်းထောက်တွေဟာ ငယ်လည်း ငယ်ရွယ်၊ ရိုးရိုး
သတင်းစာ လုပ်ငန်း အတွေ့အကြုံကလည်းနည်းတဲ့ အပြင် ဥပဒေ ကိုရော
စာနယ်ဇင်းကျင့်ဝတ်ကိုပါ သိကို မသိကြလို့ ခုလို ကံကြမ္မာ ဆုံရတာပါ။
တခါတရံ
ဆိုးကျိုးဖြစ်စေတဲ့ နိုင်ငံတကာ မိသားစုရဲ့ အားပေးမှု၊ ကူညီမှုတွေအကြောင်း
ရှင်းဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာ သတင်းသမား တစ်ယောက်ယောက်
အာဏာပိုင်တွေရဲ့ အရေးယူခံရပြီ ဆိုတာနဲ့ နိုင်ငံတကာ မိသားစုတွေက ၀ိုင်းဝန်း
ပြစ်တင်ပြောဆိုပေးလေ့ ရှိကြပါတယ်။ လွှတ်ပေးဖို့ အရေးဆိုပေးကြပါတယ်။ ဒါတင်မက
ငွေကြေးနဲ့ ရုပ်ဝတ္တု အကူအညီပေးတာတွေကိုလည်း လုပ်ကြပါတယ်။ (ထောင်ကျတဲ့
မီဒီယာသမား နိုင်ငံတကာကနေ ငွေကြေးထောက်ပံ့မှု မရတာ အလွန်ရှားပါတယ်။
တစ်ချို့ ထောင်က ထွက်ပြီးနောက် ဘ၀ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့
ထောက်ပံ့မှု လုပ်ကြပါသေးတယ်။ အနည်းဆုံး တစ်ယောက် ဒေါ်လာ တစ်ထောင်က စ ပါတယ်။
တစ်ချို့ဆို ဒေါ်လာ သောင်းဂဏန်းအထိ ရကြပါတယ်။) ဆိုးရွား ရက်စက်လွန်းတဲ့
အာဏာရှင်စနစ်အောက်မှာ အဲဒါတွေဟာ အလွန်အဖိုးတန်တဲ့ အကူအညီ ဖြစ်စေခဲ့ပါတယ်။
နမူနာအားဖြင့် မကွေးက ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ အမှုရင်ဆိုင်နေရချိန်
နိုင်ငံတကာ မိသားစုတွေဆီကနေ ကျပ်ငွေ သိန်း ဆယ်တစ်ချို့ အကူအညီ ရခဲ့ပါတယ်။
ဒါဟာ လျို့ဝှက်ထားဖို့လည်း မလိုပါဘူး။ (မှတ်ချက်- ကိုဇော်ဖေ ကတော့
ရိုးသားသူ လူကောင်းပါ)။ မခိုင် ရမရ မသိပါဘူး။ ယူနတီ ဂျာနယ်က လုပ်သက် ၃-၄ လ
လောက်တောင် မပြည့်တဲ့ လူငယ်တစ်ယောက်ကို ဆုပေးဖို့ နိုင်ငံတကာ
အဖွဲ့အစည်းတစ်ခုက စဉ်းစားခဲ့ပါသေးတယ်။
ဒါပေမယ့် နောက်ပိုင်း လွတ်လပ်
ပွင့်လင်းစ ပြုလာတဲ့ ကာလတွေမှာတော့ အဲဒါတွေဟာ တစ်ခါတစ်ရံမှာ
သတင်းထောက်တွေကို ဘာကိုမှ ထီမထင်တဲ့ ဘာကိုမှ ဂရုမစိုက်တဲ့
သွေးနထင်ရောက်သူတွေ ဖြစ်သွားစေတာ၊ ဘာလုပ်လုပ် ဂရုစိုက်စရာ မလိုဘူး၊
ငါ့ကိုဖမ်းတာနဲ့ ဂျာနယ်လစ်တွေ ၀ိုင်းအော်ပေးလိမ့်မယ်၊ နိုင်ငံတကာက
ဝိုင်းအော်ပေးလိမ့်မယ်၊ သူရဲကောင်းဖြစ်မယ်၊ ငွေကြေးထောက်ပံ့မှုရမယ်
ဆိုတဲ့အထိ အခြေအနေ ဆိုက်သွားစေပါတယ်။ အဲဒါဟာ သတင်းလောကကို ဆိုးကျိုး
သက်ရောက်စေပါတယ်။
တကယ်လည်း ထောင်ကျဖူးတဲ့ မီဒီယာသမားတစ်ချို့
အပြင်ပြန်ရောက်လာ၊ သတင်းပညာ ဘာမှမတတ်ပဲ ထောင်လွှားထောင်လွှား ဖြစ်သူတွေဖြစ်၊
ထောင်ကျဖူးတာနဲ့တင် သတင်းစာဆရာတွေကို ပြန်သင်တဲ့ သင်တန်းဆရာ
လုပ်ကိုင်နေတာတွေတောင် ရှိလာနေပါပြီ။ တစ်ချို့ မီဒီယာတွေကျတော့လည်း
စာနယ်ဇင်းကျင့်ဝတ်ကို ကောင်းကောင်းကြီး ချိုးဖေါက်၊ မီဒီယာကို နိုင်ငံရေး
ဂိုဏ်းဂန တိုက်ပွဲအတွက် ကောင်းကောင်းအသုံးချ၊ တစ်ဖက်က ဥပဒေအရ အရေးယူဖို့
ပြင်ဆင်လာတာနဲ့ မီဒီယာကို ဖိနှိပ်ပါတယ် ဆိုပြီး အော်ဖို့ ပြင်ထားကြပါတယ်။
အဲဒါတွေကြောင့်လည်း မပေါ်သင့်တဲ့ ပြသနာတွေ ပေါ်ရတာဖြစ်ပါတယ်။ ကြားထဲမှာ
တန်ဆာခံ ဖြစ်ရတာက စတုတ္တမဏ္ဍိုင်ကို ပီပီပြင်ပြင် တာဝန်ယူမယ် ဆိုတဲ့
ရိုးသားတဲ့ လူငယ် သတင်းထောက်တွေ အယ်ဒီတာတွေပါ။ ဘယ်ဟာက မီဒီယာအပေါ်
ဖိနှိပ်တာလဲ၊ ဘယ်ဟာတွေက ပုဂ္ဂိုလ်ရေးပြသနာလဲ၊ ဘယ်ဟာတွေက မီဒီယာတွေကို
နိုင်ငံရေးအတွက် အသုံးချရင်း ပြသနာပေါ်တာလဲ စသဖြင့် မစဉ်းစားနိုင်ပဲ
အဲဒီလူတွေအတွက် လမ်းပေါ်ထွက် ဆန္ဒပြမိကြတာမျိုးတွေပါ။
ဘယ်လိုပဲဖြစ်ဖြစ်
ဒီလောကထဲမှာ မီဒီယာကို စတုတ္တမဏ္ဍိုင် ပီသစေချင်သူတွေကတော့ တကယ့်ကို
ကြိုးစားနေကြပါတယ်။ ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေကိုလည်း မြင်တွေ့နေရပါတယ်။
အစိုးရနဲ့ အာဏာပိုင်ဘက်ကလည်း မီဒီယာကို ကန့်သတ် ဖိနှိပ်ဖို့
ကြိုးစားနေတာကလည်း ငြင်းမရတဲ့ အချက်တွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
သတင်းမီဒီယာသမားတွေဘက်မှာလည်း အားနည်းချို့ယွင်းချက်တွေ အမှန်တကယ်
ရှိနေပါတယ်။ ဒါကြောင့် မီဒီယာကို ဖိနှိပ်နေပါတယ်၊ ဖိနှိပ်နေပါတယ်
အော်နေရုံနဲ့မပြီး၊ ပြည်ပက လာမယ့် ထောက်ပံ့ကြေးတွေကို
မျှော်နေရုံနဲ့မပြီးပဲ ကိုယ့်လောက ကိုယ် ပြုပြင်သွားမှသာ ပြည်သူတွေ
တကယ်လေးစားရတဲ့ စတုတ္တမဏ္ဍိုင် ပီပီပြင်ပြင် ဖြစ်လာမှာ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်
No comments:
Post a Comment