Saturday, 30 August 2014

မြန်မာတက္ကသိုလ် ပညာရေး ဘယ်လဲ

ကမ္ဘာကြီးကို ပိုကောင်းသော ပတ်ဝန်းကျင် ဖြစ်စေရန်သော် လည်းကောင်း၊ လူသားတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်သော်လည်းကောင်း အဓိကစွမ်းဆောင်ပေးနိုင်သည့်အရာမှာ ပညာရေး ဖြစ်သည်။

၁၈၈၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် အိန္ဒိယရှိ ကာလကတ္တား တက္ကသိုလ် လက်အောက်ခံ ရန်ကုန် ကောလိပ်အဖြစ် စတင်တည်ထောင်ပြီးနောက် ၁၉၂၀ ခုနှစ်တွင် အင်္ဂလန်ရှိ အောက်စ်ဖတ်ဒ်နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်များ ပုံစံအတိုင်း ရန်ကုန်တက္ကသိုလ်ကို စတင်ထူထောင်ကာ မြန်မာနိုင်ငံသို့ တက္ကသိုလ်ပညာရေးကို စတင် မျိုးစေ့ချပေးခဲ့သည်။

ရန်ကုန်တက္ကသိုလ်သည် စင်စစ်အားဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အစောဆုံး၊ သြဇာတိက္ကမ အကြီးဆုံး တက္ကသိုလ် တစ်ခုဖြစ်သည့်အပြင် ၁၉၄၀ ခုနှစ်မှ ၁၉၅၀ ပြည့်လွန် နှစ်များအထိ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျောင်းသူ၊ ကျောင်းသားများ လာရောက် ပညာသင်ကြားရသည်အထိ နာမည်ကျော်ကြား ခဲ့ပြီး အာရှထိပ်တန်းအဆင့် တက္ကသိုလ်စာရင်း ဝင်ခဲ့သည်။

ထိုသို့ စာရင်းဝင် ကျော်ကြားလောက်အောင်ပင် ရန်ကုန်တက္ကသိုလ်၏ အဆင့်အတန်း မြင့်မားခဲ့ရခြင်း အကြောင်းရင်းများအနက် အစိုးရနှင့် သီးခြားလွတ်ကင်းသော တက္ကသိုလ်ကောင်စီက လွတ်လပ်စွာ စီမံခန့် ခွဲခွင့် ရရှိထားခြင်းက အဓိကအချက် ဖြစ်သည်။

တက္ကသိုလ်တို့မည်သည် ထူးချွန်ထင်ရှားသည့် ပညာရှင် ပါမောက္ခများကို တက္ကသိုလ်တွင် မြဲစေရန် အစဉ် ဆွဲဆောင် ထားနိုင်ရသည်။ ထိုကျော်ကြားထူးချွန်သော ပါမောက္ခကြီးများကြောင့်ပင် တက္ကသိုလ်၏ ဂုဏ် သတင်း ပိုမွှေးပျံ့တတ်သည်။

ထိုကဲ့သို့သော အခြေအနေများကြောင့်ပင် အာရှထိပ်တန်းအဆင့် ရန်ကုန်တက္ကသိုလ်မှ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဦးဗဆွေ၊ ဒေါက်တာဗမော်၊ သခင်မြ၊ ဦးသန့်၊ ဦးရာဇာတ်၊ မန်းဝင်းမောင်တို့ကဲ့သို့ နိုင်ငံရေး ခေါင်း ဆောင်များ၊ ပါမောက္ခ ဦးလှဘေ၊ ဂျေ.အက်စ် ဖာနီဗယ်လ်၊ ဦးဖိုးကျား၊ ဦးဖေမောင်တင်၊ တော်စိန်ခို၊ ဒေါက်တာသန်းထွန်းတို့ကဲ့သို့ ပညာရှင်များ၊ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ သိန်းဖေမြင့်၊ လူထုဒေါ်အမာ၊ ဦးဗကလေး၊ ဦးတင်မောင်တို့ကဲ့သို့ စာပေ၊ အနုပညာရှင်များလည်း မွေးဖွားပေးခဲ့သည်။

သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သော စစ်အာဏာသိမ်းမှု နောက်ပိုင်း ရန်ကုန် တက္ကသိုလ် ကို အစိုးရလက်အောက်ခံ တက္ကသိုလ်အဖြစ် သွတ်သွင်းလိုက်သည့် အပြင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားနေရာမှ မြန်မာဘာသာသို့ ပြောင်းလဲလိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်၏ အဆင့်အတန်း တဖြည်းဖြည်း နိမ့်ပါးလာကာ နှစ်ပေါင်း ၅၀ ကျော်အကြာ ယနေ့ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိသူများ မည်သည့် အဆင့်အတန်းမျိုး ရောက်ရှိနေသည်ကို လက်တွေ့ သိရှိနိုင်ပေသည်။

ယနေ့ကမ္ဘာကျော် ကိန်းဘရစ်ခ်ျနှင့် အောက်စ်ဖတ်ဒ် တက္ကသိုလ်များ ပုံစံအတိုင်း ဖွဲ့စည်း တည်ဆောက် ထားခဲ့သည့် ရန်ကုန်တက္ကသိုလ် ဆိုသည်မှာ ယနေ့ မြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးနယ်ပယ် တစ်ခုလုံး ၏ အထင်ရှားဆုံး ပြယုဂ်တစ်ခုဖြစ်ရာ ယနေ့ တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေခြင်း သည် မည်မျှ ခရီးရောက်နေပါသနည်း၊ ယနေ့ အရှေ့တောင်အာရှနှင့် အာရှဒေသ၏ မည်သည့် အဆင့်မျိုးတွင် ရောက်ရှိနေပါသနည်း၊ မည်မျှ နှစ်အပိုင်းအခြားအတွင်း မည်သည့်အဆင့်မျိုး ရောက်ရှိရန် မျှော်မှန်း ထားပါသနည်း၊ မည်သို့သော သင်ရိုးညွှန်းတမ်းများကို မည်သို့သော ပါမောက္ခများက သင်ကြားပေး မည်နည်း၊ မြန်မာနိုင်ငံမှ တက္ကသိုလ်ပညာရေးကို မည်သည့် အဆင့်အတန်းသို့ ရောက်ရှိစေမည်ဟု တိကျသော ရည်မှန်းချက်၊ ဦးတည်ချက် ရှိပါပြီလော ဆိုသော မေးခွန်းများ ပေါ်လာသည်။

သို့သော် ယနေ့အချိန်အထိ နှစ်ပေါင်းများစွာ မှားယွင်းခဲ့သည့် တက္ကသိုလ်ဝင်ခွင့် အမှတ်များကို ဗဟိုက သတ်မှတ်ဆဲ၊ တက္ကသိုလ်၊ ကောလိပ်ပေါင်းများစွာ အရေအတွက်များများ တည်ဆောက်ဆဲ၊ ဆရာ၊ ဆရာမများ၊ ပါမောက္ခများ၏ အရည်အချင်း မြှင့်တင်ပေးရန် ပျက်ကွက်ဆဲ၊ ပါမောက္ခ အပါအဝင် ဆရာ၊ ဆရာမများ၏ အပြောင်းအရွှေ့များကို ဗဟိုက ချုပ်ကိုင်စေစားနေဆဲ၊ ခေတ်နောက်ကျနေသော သင်ထောက် ကူပစ္စည်း၊ ဓာတ်ခွဲခန်းပစ္စည်း၊ သင်ရိုးညွှန်းတမ်း အဟောင်းများနှင့် သင်ကြားနေဆဲ၊ မသမာသောနည်းဖြင့် စာမေးပွဲအောင်မြင်ရန် လမ်းဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသော မပြုမပြင် အဝေးသင်တက္ကသိုလ် စနစ် ကျင့်သုံးနေခြင်းတို့ကို အစိုးရ သို့မဟုတ် ပညာရေး ဝန်ကြီးဌာနက ချုပ်ကိုင် ဆောင်ရွက်နေဆဲ ဖြစ်သည်။

သို့ဆိုလျှင် ပိုကောင်းသော မြန်မာ့လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေး၊ မြန်မာနိုင်ငံသားတို့၏ အဆင့် အတန်းနှင့် ဂုဏ်သိက္ခာ မြင့်မားလာစေရေးတို့အတွက် လက်ရှိ တက္ကသိုလ်ပညာရေး ဘယ်လဲဟု မေးရန်သာ ရှိတော့ကြောင်း သိစေအပ်ပေသည်။

The Voice Weekly

No comments:

Post a Comment