Wednesday 6 August 2014

ရှမ်းစာပေ သင်ကြားရန် လားရှိုး ပညာရေးမှူးရုံးသို့ တင်ပြသော်လည်း အကြောင်းမပြန်ဟုဆို

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာ ၂၅ ရွာတွင် ရှမ်းတိုင်းရင်းသား စာပေကို ကျောင်းချိန်ပြင်ပ၌ သင်ကြားနိုင်ရန် မြို့နယ်ပညာရေးမှူးရုံးသို့ တင်ပြထားသော်လည်း သုံးပတ်ကျော် ကြာသည်ထိ အကြောင်းပြန်ကြားခြင်း မရှိကြောင်း လားရှိုးမြို့နယ် ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းအောင်က ပြောကြားသည်။
ပြည်နယ်နှင့် တိုင်းများတွင် တိုင်းရင်းသား ဘာသာစကားများကို ကျောင်းချိန်ပြင်ပတွင် တရားဝင် သင်ကြားခွင့်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက ခွင့်ပြုပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ ကျေးရွာ စာ သင်ကျောင်းများ၏ စာသင်ခန်း၊ စားပွဲ၊ ထိုင်ခုံနှင့် ကျောက်သင်ပုန်းများကို အသုံးပြုရမည် ဖြစ်သောေ ကြာင့် ရုံးစည်းမျဉ်း စည်းကမ်းများနှင့် စနစ်တကျ ဖြစ်စေရန် မြို့နယ်ပညာရေးမှူး ရုံးသို့ ခွင့်ပြုချက် တောင်းခံ ခဲ့ခြင်း ဖြစ် သည်။

“ကျောင်းပစ္စည်းတွေ အသုံးပြုရမှာ ဖြစ်တဲ့အတွက် စာနဲ့ပေနဲ့ တရားဝင်ဖြစ်အောင် တင်တာပါ။ ဇူလိုင်လ ကနေ ဒီဇင်ဘာလထိ ခြောက်လသင်ဖို့ စီစဉ်ထားတာ မကျလာသေးဘူး။ ညွန်ကြားရေးမှူးဆီ ဆက် တင်ပြပြီး သြဂုတ်လထဲမှာ သင်ခွင့်ရအောင် ကြိုးစားသွားမယ်” ဟု ၎င်းကဆိုသည်။

မြို့နယ်ပညာရေးမှူး ရုံးသို့ ဇူလိုင်လ ၁၄ ရက်က တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးသည့်အပေါ် မြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ ပြည်နယ်ပညာရေးမှူးထံ ဆက်လက် တင်ပြထားဆဲ ဖြစ်ပြီး ပြည်နယ်ရုံး၏ ခွင့်ပြုချက် ရရှိမှသာ မြို့နယ်ရုံးအနေနှင့် ခွင့်ပြုရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုးရုံး လက်ထောက်ပညာရေးမှူးက ပြောကြားသည်။

ပညာရေးမှူးရုံး ခွင့်ပြုချက် ရရှိပါက မူလတန်းအဆင့် ရှမ်းတိုင်းရင်းသား စာပေများကို သင်ကြားပေးသွား မည် ဖြစ်ကြောင်း ဦးစိုင်းအောင်က ပြောကြားသည်။

သင်ကြားရေးတွင် အသုံးပြုမည့် ပြဌာန်းစာအုပ်များကို ရှမ်းစာပေ တတ်ကျွမ်းသည့် ပညာရှင် ၁၉ ဦးက ပြုစု ထားပြီး မြန်မာနိုင်ငံ ပညာရေး သုတေသနဗျူရိုမှ သင်ကြားရေးအတွက် ခွင့်ပြုထားသည့် ပုံနှိပ်စာအုပ်များကို အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးစိုင်းအောင်က ဆက်လက် ပြောကြားသည်။ 

ရှမ်းတိုင်းရင်းသား ၃၇ ဦးကို ရှမ်းစာပေ သင်ကြားရေးတွင် တာဝန် ထမ်းဆောင်နိုင်ရန် ဆရာဖြစ် မွမ်းမံ သင်တန်း ပေးကာ တစ်လလျှင် ကျပ် သုံးသောင်းနှုန်းဖြင့် တာဝန် ခန့်အပ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

လားရှိုးမြို့နယ်ရှိ ရှမ်းလူမျိုး အရေအတွက်မှာ မြို့နယ်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့် ရှိပြီး ရှမ်းစာ တတ်မြောက် မှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံမှ ဆက်လက် သိရှိရသည်။

The Voce

No comments:

Post a Comment