ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပိတ်ပင်မှုအရ ဘာစီလိုနာ အသင်းသည် ၎င်းတို့၏ ကစားသမားသစ် လူးဝစ်ဆွာရက်ဇ်ကို ပရိသတ်များနှင့် တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်ခွင့် မရခဲ့ကြောင်း သိရှိရသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွင်းတွင် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူးသည် ပြိုင်ဘက် အီတလီ အသင်း ၏ နောက်ခံလူ ဂျော်ဂျီယို ချီလီယေနီ၏ ပခုံးကို ကိုက်ခဲ့ခြင်းအတွက် FIFAက ၎င်းကို ဘောလုံးလော ကနှင့် (၄)လကြာ ကင်းကွာနေရန် ပြစ်ဒဏ် ချမှတ်ထားသည်။ ဆွာရက်ဇ်သည် လီဗာပူးလ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သော်လည်း FIFAက ပြစ်ဒဏ်နှင့် အကျုံးဝင်သည့် အခြေအနေတိုင်းကို ခွင့်မပြုသဖြင့် စပိန်ထိပ်တန်း ကလပ်အနေဖြင့် ဆွာရက်ဇ်ကို ပရိသတ်များနှင့် မိတ်ဆက်ပေးခွင့် တားဆီးခံခဲ့ရသည်။
ဘာစီလိုနာသည် FIFA ၏ ပြစ်ဒဏ် မစေ့မချင်း ဆွာရက်ဇ်ကို မိတ်ဆက်နိုင်ခွင့် ရှိမည်မဟုတ်ဟု သိရသည်။ ဘာစီလိုနာသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဆွာရက်ဇ်ကို ပေါင်စတာလင် သန်း(၇၀) ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့သည်။ “ဆွာရက်ဇ်ကို FIFA က ပိတ်ပင်ထားရာမှာ ဘောလုံးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုအားလုံး အကျုံးဝင်ပါတယ်။ ဘောလုံးနဲ့ ဆက်နွယ်တဲ့ ပရိသတ် မိတ်ဆက်ပွဲမျိုးမှာ သူရှိနေလို့ မရပါဘူး။ ဆွာရက်ဇ်ဟာ ရန်ပုံငွေ ဘောလုံးပွဲ တစ်ပွဲကိုတောင် ဝင်ကစားခွင့် မရှိပါဘူး”ဟု FIFA ၏ ပြန်ကြားရေး တာဝန်ခံချုပ် ဒါလီယာ ဖစ်ရှာက ပြောကြားခဲ့သည်။
ဆွာရက်ဇ်သည် ပြီးခဲ့သည့် (၄)နှစ်တာ ကာလအတွင်း ကွင်းအတွင်း ပြိုင်ဘက် ကစားသမား တစ်ဦးဦးကို ကိုက်ခဲ့မှုအတွက် တတိယ အကြိမ်မြောက် ပြစ်ဒဏ်ကျခံရခြင်းလည်း ဖြစ်သည်။ ဘာစီလိုနာသည် ဆွာရက်ဇ်ကို ဝယ်ယူထားသည့်တိုင် ဘောလုံးရာသီ အစပိုင်း ပွဲစဉ်အချို့တွင် ထည့်သွင်းအသုံးပြုနိုင်ဦးမည် မဟုတ်ချေ။
Goal
No comments:
Post a Comment