Monday 24 March 2014

အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး လယ်ယာမြေနှင့် ရော်ဘာခြံများ လျော်ကြေးမရဟုဆို

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့် လာပြီ ဖြစ်သော်လည်း ယင်းစီမံကိန်းများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေ များနှင့် ရော် ဘာခြံများအတွက် လျော်ကြေးများ မရရှိသေးကြောင်း ကွမ်းလုံမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးအယ်လ် တိန်းဘောင်က ပြောကြားသည်။
စီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ တာဝန်ရှိသူများ ကွမ်းလုံမြို့ မြို့မိမြို့ဖများနှင့် မတ်လ ၁၉ ရက်နေ့က ကွမ်းလုံမြို့ သံလွင်ဦး ခန်းမတွင် ပြုလုပ် ကျင်းပခဲ့သော အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက စီမံကိန်းအတွက် လမ်းဖောက်လုပ်ရာတွင် ဒေသခံ ပြည်သူများ ပိုင်ဆိုင် သည့် ရော်ဘာခြံများမှ ရော်ဘာ အပင်ရေ ငါးသောင်းကျော် ပျက်စီး သွားခဲ့သဖြင့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ က လျော်ကြေးပေးမည်ဟု ပြောပြီး အကြိမ်ကြိမ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော် လည်း လျော်ကြေးေ ပးခြင်း မရှိသေးကြောင်း ဦးအယ်လ်တိန်းဘောင်က ဆိုသည်။

“လယ်ယာမြေနဲ့ ရော်ဘာခြံတွေအတွက် လျော်ကြေး အမြန်ဆုံးပေးဖို့ လိုတယ်။ အခု လုပ်ငန်း ထပ်စတဲ့ အချိန်မှာ ပျက်စီးဦးမယ့် လယ်ယာမြေတွေ၊ ရေကာတာရဲ့ ရေဝပ် ဧရိယာတွေကြောင့် ပျက်စီးဦးမယ့် လယ်ယာမြေတွေကို တိတိကျကျ တွက်ချက်ပြီး လျော်ကြေးတွေ အရင်ပေးဖို့ လိုတယ်။ အဲဒီလို မလုပ်ဘူး ဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

ပျက်စီး လယ်ယာမြေ၊ ခြံမြေ တစ်ဧကို ပေးလျော်မည့် လျော်ကြေးနှုန်းထား များကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ် စီမံကိန်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Hanergy Holding Group Limited နှင့် မြန်မာနိုင်ငံမှ Asia World Company Limited တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

အထက်သံလွင် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည် ဆိုပါက ပြည်သူများကို အန္တရာယ် မကျရော က်အောင် လုပ်ဆောင်မည်ဟု လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများက တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အာမခံကြောင်း အခိုင် အမာ ကတိပေးရန် လိုကြောင်း ဦးအယ်လ်တိန်းဘောင်က ဆိုသည်။

ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခြင်းနှင့် ရေလှောင်တမံကြောင့် ဆုံးရှုံးမည့် ရွာ၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ စိုက်ပျိုးမြေများ၊ သီးနှံပင် များတို့ အတွက် မူလထက် သာလွန်သော အဆောက်အအုံ များနှင့် ကျေးရွာ အသစ်များ ဆောက်လုပ်ပေးမည့် အပြင် လယ်ယာမြေ အသစ် များ ဖော် ထုတ်ပေးပြီး ငွေကြေး ထောက်ပံ့ခြင်း၊ လျော်ကြေး ပေးလျော်ခြင်း၊ နစ်နာကြေးများ ပေးအပ်မည် ဖြစ်ကြောင်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများမှ တာဝန်ရှိသူများက တရားဝင် ပြောဆိုခဲ့သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း မြို့နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက် မည့် နောင်ဖ ရေအားလျှပ်စစ် စီမံကိန်းနှင့် သံလွင်မြစ်အတွင်း စီးဝင်သော နမ့်မ မြစ်ပေါ်တွင် တည်ဆောက်မည့် မန်တောင်း ရေအားလျှပ်စစ် စီမံကိန်းတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hydrochina Corporation နှင့် မြန်မာနိုင်ငံမှ IGOEC တို့ အကျိုးတူ ပူးပေါင်း အကောင်အထည် ဖော်နေသည်။

“သံလွင်မြစ်က ကျွန်တော်တို့ တန့်ယန်းမြို့နယ် တစ်ခုတည်း ပိုင်တာ မဟုတ်ဘူး။ ဖြတ်သန်းစီးဆင်းတဲ့ အထက်၊ အလယ်၊ အောက်မှာရှိတဲ့ ပြည်သူလူထု အားလုံး ရဲ့ သဘောတူညီမှု ရဖို့လိုတယ်။ အချိန်ကာလ တစ်ခုပေးပြီး လူထုဆန္ဒကို ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူဖို့ လိုတယ်” ဟု တန့်ယန်းဒေသခံ တစ်ဦး က ပြောကြားသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ စီမံကိန်းများသည် ဘေးထွက် ဆိုးကျိုးများသည်ဟု ဆိုကာ စီမံကိန်းများကို ရပ်တန့်ပေးရန် အဖွဲ့အစည်းပေါင်း ၁၃၁ ဖွဲ့က တောင်းဆိုထားသည်။

နေမျိုးနွယ်
The Voice Weekly

No comments:

Post a Comment