Thursday, 3 October 2013

ပဋိပက္ခများဖြစ်ပွားခြင်းသည် ရခိုင်ပြည်နယ် အတွက်သာမက နိုင်ငံအတွက် ပါ ထိခိုက်ရခြင်း ဖြစ်သည်ဟု သံတွဲမြို့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်

နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက် သာမ က နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၂ ရက်ညပိုင်း က မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် သတင်း ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာ ၂၉ ရက်၌ ဖြစ်ပွားခဲ့သည့် ပြည်သူ ချင်း အငြင်းပွားမှုဖြစ်စဉ်ကို အကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါဖြစ် စဉ်များအတွင်း နှစ်ဖက်စလုံးမှ ထိခိုက် ဒဏ်ရာရ သေဆုံးမှုရှိသကဲ့သို့ အိုးအိမ်အချို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ ထိခိုက်နစ်နာ ဆုံးရှုံးမှုနှင့် ပတ်သက်၍နိုင်ငံတော်သမ္မတအနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူများနှင့် ထပ်တူ ၀မ်းနည်း စိတ်မကောင်းဖြစ်ရ သည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် အမှတ် ၁၆/ ၂၀၁၃ တွင် ဖော်ပြထားသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန် သူများ ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူ နိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များ ကို ပြန်လည်တည်ဆောက် ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် တွင် ပါဝင်သည်။ ထို့ပြင် ပြည်သူများ အနေဖြင့်လည်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင် ရွက်ရန် အစိုးရသတင်း ထုတ်ပြန်ရေးအဖွဲ့က တိုက်တွန်းခဲ့သည်။

အလားတူ ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု များကို အမေရိကန် ပြည်ထောင်စု က ပြင်းထန်စွာ ပြစ်တင် ရှုတ်ချပါကြောင်း သတင်းထုတ်ပြန် ချက်တစ်စောင်ကို ရန်ကုန်မြို့ရှိ အမေရိကန် သံရုံး က အောက်တိုဘာ ၂ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် အမေရိကန်သံရုံးသည် ရခိုင်ပြည်နယ်အတွင်းရှိ အခြေအနေများကို အနီးကပ် ဆက်လက် စောင့်ကြည့်လျှက် ရှိပါကြောင်း၊ ဒေသ တွင်း ရှိ ပြည်သူ များနှင့် ၎င်းတို့၏ အိုးအိမ်များကို အကြမ်းဖက်ခံရခြင်းမှ လျှင်မြန်စွာနှင့် တိကျပြတ်သားစွာ ကူညီကာကွယ်ပေးရန် အာဏာပိုင်များကို မိမိတို့ အလေးအနက် တိုက်တွန်းအပ်ပါကြောင်း၊ ဖြစ်ရပ်များကို တိကျသေချာစွာ စုံစမ်းစစ်ဆေးပြီး အကြမ်းဖက် ဖြစ်ရပ်များအတွက် တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူ ရန် တိုက်တွန်းအပ်ပါကြောင်း ဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment