(ဓာတ်ပုံ - DKBA နှင့် မဟာမိတ်ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တို့အကြား မြိုင်ကြီးငူဒေသတွင် ဧပြီလက ဖြစ်ပွားခဲ့သည့် တိုက်ပွဲမြင်ကွင်း) |
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်ရေးကို ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကောင်စီမှ စေ့စပ်ညှိနှိုင်း ပေးမည်ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် တစ်ဦးဖြစ်သူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အဆိုပါ အချက်ကို မေ ၁၈ ရက်နှင့် ၁၉ ရက်က ရန်ကုန်မြို့ Hope International ရုံးတွင် ကျင်းပခဲ့သည့် ကရင်နိုင်ငံရေး အင်အားစုအားလုံး ပါဝင်သည့် ဆွေးနွေးပွဲမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အရင်က ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သင့်မြတ်မှု မရှိခဲ့တာတွေကို အဖြေရှာပြီး ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပြန်လည်သင့်မြတ်ရေးကို ကျွန်တော်တို့ ကော်မတီက ၀ိုင်း ၀န်းစေ့စပ် ညှိနှိုင်းပေးမယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ဒီဆွေးနွေးပွဲကနေ သဘောတူခဲ့ ကြပါတယ်" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်များက ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ် ခဲ့သော ကရင်ရေးရာ အစည်းအဝေး၌ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် ၃၇ ဦးပါ စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော် မတီမှ ဦးဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကရင်ရေးရာ အစည်းအဝေးပွဲကို ကရင်လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်ပါတီများ၊ ကရင် လက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များပါဝင်ခဲ့ပြီး ယင်း ၃၇ ဦးပါ အဖွဲ့ကို ကရင်နိုင်ငံရေး အင်အားစုအားလုံး ကိုယ်စားပြုသူများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၇ ရက်နှင့် ၂၈ ရက်များက ယခင် DKBA တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် နယ်ခြားစောင့်တပ် (BGF) နှင့် DKBA နှင့် မဟာမိတ် ဖွဲ့ထားသည့် ဗိုလ်ပိလက်အောက်ခံ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။
ထိုသို့ တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုမှ တာဝန်ရှိသူများက ကရင်ပြည်နယ်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

From...Eleven
No comments:
Post a Comment