Thursday, 9 July 2015

ရွှေတိဂုံအနီး ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းလိုက်၍ တင်ဒါအောင်ကုမ္ပဏီများကို ဖြေရှင်းပေးရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းနေ

ရွှေတိဂုံ စေတီတော် အနီးရှိ ဒဂုံစီးတီး စီမံကိန်း အပြီးသတ် ရပ်ဆိုင်းလိုက်သည့်အတွက် တင်ဒါအောင် ထားသည့် ကုမ္ပဏီများ၏ နစ်နာမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်း၍ ဖြေရှင်းပေး မည်ဟု သမ္မတရုံး ညွှန်းကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။
"ဒီကုမ္ပဏီတွေကလည်း လိုလိုလားလား သဘောတူထားတယ်၊ နောက်ဆုံး ဒီကုမ္ပဏီတွေလည်း နစ်နာမှုမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်၊ အခုတော့ညှိနေတုန်း။ ဘယ်နေ့ ဘယ်ရက်လောက်ကို နစ်နာမှုကို အစိုးရအနေနဲ့ ဖြေရှင်းပေး မယ်ဆိုတာကို MIC နဲ့ညှိနေတယ်" ဟု ၎င်းကပြောသည်။
ယင်းအပြင် ဒဂုံစီးတီး စီမံကိန်းနှင့် ပတ် သက်ပြီး အခန်းဌားသူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ စေရန် နှစ်ဦး သဘောတူ အစီအစဉ် တစ်ခုကို နိုင်ငံတော် အစိုးရနှင့် လက်တွဲကာ ဆောင်ရွက်သွားမည်ဟု စီမံကိန်း တင်ဒါအောင် သည့် ကုမ္မဏီ တစ်ခုဖြစ်သော Marga Landmark က ဇူလိုင် ၉ရက်တွင် သတင်း ထုတ်ပြန် လိုက်သည်။
Marga Landmark ၏ ကြေညာချက်တွင် ပြည်သူများ၏ စိတ်သဘောထား၊ အထူးသဖြင့် သံဃာတော်များ ၏ အမြင်ကို လည်းလေးစားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်ပင်ဆွေးနွေးကာမြန်မာနိုင်ငံနှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သဘောတူညီခဲ့သည့် နိုင်ငံတကာ အသိမှတ်ပြု စာချုပ်အတိုင်း စီစဉ် ဆောင်ရွက် သွားမည်ဟုလည်း ဆိုသည်။

သတ်မှတ်ထားသည့် လစာထက် လျှော့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်အလုပ်ထွက်ခဲ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ North Shore Group စက်ရုံအလုပ်သမားများကို အလုပ်ခန့်စဉ်က သဘောတူ ထားသည့် လစာထက် လျှော့ပေါ့ပေးမှုကြောင့် အလုပ်သမား ၂၀၀ ကျော်က ဇူလိုင် ၉ ရက်တွင် အလုပ်မှ နုတ်ထွက်လိုက်ကြ သည်။

အခြေခံအလုပ်သမား တစ်ဦးအတွက် အလုပ်ဝင်စဉ်က တစ်လ ၆၄,၆၅၀ ပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ် ရာတွင် ၄၄,၀၀၀သာ ရရှိသဖြင့် နုတ်ထွက်လိုက်ခြင်း ဖြစ်သည်ဟု အလုပ်သမားတစ်ဦးဖြစ်သူ မဥမ္မာက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ ဓါတုလက်နက် တားဆီးရေး အဖွဲ့ဝင် ဖြစ်လာပြီ

မြန်မာက ဓါတုလက်နက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို တရားဝင်သဘောတူညီလိုက်သဖြင့် ဓါတုလက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့(OPCW) ၏ ၁၉၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ပါဝင်လာသည်။

OPCW အဖွဲ့ကြီးက ဇူလိုင်၉ တွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းသည် မြန်မာ၏ လျင်မြန်သောပြုပြင်ပြောင်းလဲရေး ကာလ တွင် နောက်ထပ်ခြေလှမ်း တစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အဖွဲ့ဝင်ဖြစ်မှုမှာ ရက်ပေါင်း ၃၀ အတွင်း အသက်ဝင်မည်ဖြစ်ပြီး အဖွဲ့မ၀င်ရသေးသည့် နိုင်ငံများစာရင်း၌ အန်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်တို့သာ ကျန်ရှိနေသေးသည်။

အထက်လွှတ်တော် အမတ်တစ်ဦးကို လာဘ်ထိုးမှုဖြင့် အီတလီ ၀န်ကြီးချုပ်ဟောင်း ဘာလူစကိုနီအား ထောင်၃နှစ် ပြစ်ဒဏ်ချမှတ်


အထက်လွှတ်တော် အမတ်တစ်ယောက်ကို လာဘ်ထိုးမှုဖြင့် နေပယ်ရုံးတော်က ထောင်၃နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် အီတလီဝန်ကြီးချုပ်ဟောင်း ဆီဗီယို ဘာလူစကိုနီမှာ ဥပကြောင်းအရ ထိုးနှက်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။သို့ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့် အသက် ၇၈နှစ်အရွယ် ဘာလူစကိုနီမှာ မည်သည့်အခါမျှ ထောင်ဒဏ် ကျခံရလိမ့် မည်မဟုတ်ကြောင်း ၄င်း၏ရှေ့နေ နစ်ကိုလို ဂီဒီနီက ပြောကြားခဲ့သည်။
စီရင်ချက်ကို မမျှတဟု ဂီဒီနီက ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမှုမှာ နိုဝင်ဘာ ၆ရက်နေ့တွင် ကန့်သတ်ကာလသို့ ရောက်ရှိသွားလိမ့် မည်ဟုလည်း ပြောဆိုခဲ့သည်။ ထိုသတ်မှတ်ရက်အလွန်တွင် မည်သည့်ဥပဒေကြောင်းအရေးယူမှုမျှ မပြုလုပ်နိုင်ဘဲ အယူခံကို ဆုံးဖြတ်ရန်လည်း အချိန်မလုံလောက်သောကြောင့် ပြစ်ဒဏ်စီရင်ချက်မှာ ဘာလူစကိုနီအဖို့ ဥပဒေကြောင်းအရ အကျိုးဆက်တစ်စုံတစ်ရာ ရှိလိမ့်မည်မဟုတ်ပေ။

ထိုင်းတောင်ပိုင်း ကော့သောင်ကျွန်းတွင် လူသတ်မှုဖြင့် စွပ်စွဲခံရသူ နှစ်ဦးအမှု တရားပိုပြသက်သေလေးဦးကို စစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့သောင်ကျွန်း (လိပ်ကျွန်း)တွင် နိုင်ငံခြားသား နှစ်ဦး သတ်ဖြတ်ခံရမှု၌ လူသတ်မှုဖြင့် စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုကို ဇူလိုင်လ ၈ ရက်က ကော့စမွေခရိုင် တရားရုံး၌ တရားလိုပြ သက်သေ ၄ ဦးအား စစ်ဆေးခဲ့သည် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဇူလိုင်လ ၈ ရက်က နံနက် ၉ နာရီမှ ည ၈ နာရီထိ တရားခွင်တွင် အမှုစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။
“အမှုစစ် ရဲရယ်၊ ဆရာဝန်တယောက်ရယ်။ ကျွန်းသူကြီး မြေးရယ်၊ သူ့သူငယ်ချင်းရယ် အားလုံးပေါင်း ၄ ယောက်စစ်တယ်။ ဥပဒေအရ သုံးသပ်မယ်ဆိုရင်တော့ ရှေ့နောက်မညီဘူးဆိုတာ သိရတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွဲချက်တွေ အားလုံး ပေါင်းကြည့်ရင် ကလေးတွေ ဒီအမှုနဲ့ ပတ်သက်လို့ ကျူးလွန်တယ်ဆိုတဲ့အထောက်အထား ခုထိ မပြောနိုင်ကြသေးဘူး။ သူတို့က အမှုဆင်တဲ့ သဘောလောက်ဘဲ ရှိတယ်”ဟု ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

ကန်တော်ကြီးဥယျာဉ် အတွင်းရှိ စားသောက်ဆိုင်များ အရက်ဘီယာ ရောင်းချခွင့်ပိတ်ပင်

ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်များကို အရက်ဘီယာရောင်းချခွင့်ကို ဇူလိုင် ၈ရက်မှစတင်ကာ ပိတ်ပင်လိုက်ပြီဟု ကန်တော်ကြီးဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်များက မဇ္ဈိမကို ပြောသည်။
ကန်တော်ကြီးဥယျာဉ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးချင်းစီကို ကန်တော်ကြီး ပန်းခြံစီမံခန့်ခွဲခွင့်ရရှိထားသည့် ကုမ္ပဏီက ရန်ကုန်မြို့တော်စည်ပင်သာယာ၏ တားမြစ်ချက်အရ ဟုဆိုကာ အရက်ဘီယာ ရောင်းချခွင့်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။အမည်မဖော်လိုသူ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ ဆိုင်စာချုပ် ချုပ်တုန်းကကုမ္ပဏီက ရရှိထားတဲ့ အရက်ဘီယာ
ရောင်းချခွင့်လိုင်စင်က ကျွန်တော်တို့ကို တစ်ဆင့်ခံ ကာဗာဖြစ်တယ်ဆိုတာပါတယ်။ ရောင်းချခွင့်လည်းရတယ်။ အရက်ဘီယာရောင်းချခွင့်ပိတ်ပင်လိုက်ရင် ဆိုင်ရပ်တည်မှုအတွက် အခက်အခဲဖြစ်စေနိုင်ပါတယ်”ဟုပြောသည်။ဆိုင်ခန်းစာချုပ် ချုပ်ရာတွင် အစားအသောက်ရောင်းချခြင်းအတွက် ကျန်းမာရေးလိုင်စင်နှင့် ယစ်မျိုးလိုင်စင်တို့ကို ကရဝိတ်ဥယျာဉ် ကမ္ဘာဘက်က ပေးဆောင်ပါမည်ဟု ပါဝင်ချုပ်ဆိုထားခြင်းဖြစ်သည်။

မန္တလေး လေဆိပ်၊ ကားဂိတ် ၊ ဘူတာရုံများတွင် မားစ်ရောဂါနှင့် ပတ်သက်ပြီး စစ်ဆေးနေ

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားဂိတ်များ၊ ဘူတာများနှင့် ဟိုတယ်များတွင် ဇူလိုင်လ ၉ ရက်မှစတင်၍ မားစ်ရောဂါနှင့် ပတ်သက်သည့် စောင့်ကြပ် ကြည့်ရှု့စစ်ဆေးခြင်းများ ပြုလုပ်နေ သည်ဟု မန္တလေးတိုင်းဒေသ ကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ၀င်းနိုင် က ပြောသည်။
ဒေါက်တာ ၀င်းနိုင် က " နေ့စဉ်ပြည်ပ ၀င်လာသူအားလုံးကို အဖွဲ့လိုက် စောင့်ကြည့်ပြီး စစ်ဆေး တာတွေ လုပ်နေတယ်။ တည်းခိုမယ့် ဟိုတယ်၊ မိုတယ်တွေနဲ့လည်း ပူးပေါင်းပြီး စဉ်ဆက်မပြတ် စောင့်ကြည့်မှုတွေ လုပ်သွားမယ် "ဟု ပြောသည်။
ထိုသို့စောင့်ကြည့်စစ်ဆေးမှုများအား ညောင်ဦးလေဆိပ်နှင့် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့
တွင် ပြုလုပ်နေပြီး လက်ရှိအခြေအနေတွင် ရောဂါနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိမှု မရှိသေးကြောင်း လည်း ဒေါက်တာ ၀င်းနိုင် ကဆိုသည်။

ဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးရန် တပ်မတော်သား အမတ်များ ကန့်ကွက်သော်လည်း အထမမြောက်

နိုင်ငံဝန်ထမ်းများကို အသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးသည့်စနစ်ကို ဆက်လက်ထားရှိရန် အမတ်တစ်ဦး၏ အရေးကြီးအဆိုကို တပ်မတော်သားအမတ်များက ကန့်ကွက်သော်လည်း အမတ်အများစုက ထောက်ခံခဲ့သဖြင့် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

လွိုင်ကော်မြို့နယ်အမတ် ဦးခင်မောင်ညို၏ နိုင်ငံ့ဝန်ထမ်းများကိုအသက် ၆၀ပြည့်သည်နှင့် ပင်စင်ပေးသည့် စနစ်အား ဆက်လက် ထားရှိရန် အရေးကြီးအဆိုအား တပ်မတော်သားအမတ် နှစ် ဦးအပါအဝင် စုစုပေါင်း လွှတ်တော်အမတ် ၁၄ဦးတို့ ဇူလိုင် ၉ ရက် က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပြီးနောက် စက်ခလုပ်နှိပ်မဲ ခွဲမှုရလာဒ်အရ အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။

အဆိုရှင်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးခင်မောင်ညိုက “အပြင်မှာ သတင်းတွေထွက်နေပါတယ်။ ပင်စင်သက်တမ်းကို အသက် ၆၃နှစ်အထိ တိုးမယ်ဆိုပြီးတော့ ထွက်လာပါတယ်။ ငယ်ရွယ်တဲ့သူတွေ၊ အလုပ်လက်မဲ့သူတွေ အတွက် အခက်အခဲ ဖြစ်နိုင်တာကြောင့် ဒီအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ဦးအောင်သောင်း ကျန်းမာရေးဆိုးရွားသဖြင့် စင်းလုံးငှားလေယာဉ်ဖြင့် စင်္ကာပူတွင် ဆေးသွားကု

စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်ခဲ့သူ၊ လက်ရှိ အာဏာရပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းမှာ ဦးနှောက်သွေးကြောပေါက်ပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားသဖြင့် စင်္ကာပူနိုင်ငံတွင် သွားရောက်ကုသရန် စင်းလုံးငှားလေယာဉ်ဖြင့် ဇူလိုင် ၉ရက်၊ ညနေ ၃နာရီခန့်တွင် နေပြည်တော်လေဆိပ်မှတစ်ဆင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သော တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးအောင်သောင်းမှာ ရာဇသင်္ဂဟအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူပြီး နောက် စင်ကာပူနိုင်ငံသို့ သွားရောက်ကုသခဲ့ခြင်းဖြစ်သည်။

Wednesday, 8 July 2015

လုပ်သားထု၏ မျှော်လင့်ချက်

လကုန်ပြီး ထုတ်ပေးသည့် လစာငွေကိုရေတွက်ရင်း မအိအိခိုင်တစ်ယောက် တစ်လတာ သုံးစွဲရမည့် ခွဲတမ်းကို ခွဲဝေရန် စဉ်းစားနေသည်။
အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ခြောက်နှစ်ခန့်ရှိ ပြီဖြစ်ပြီး တစ်ရက် ၁၂ နာရီခန့် လုပ်ရသောအလုပ်အတွက် လစာမှာ ကျပ်တစ်သိန်းနှစ်သောင်းသာ ရရှိပြီး သတ်မှတ်အချိန်ပိုပြည့်မီအောင်ဆင်းပြီး မည်သို့သော အကြောင်းကြောင်းကြောင့်ဖြစ်စေ လူမှုရေး၊ ကျန်းမာရေးကိစ္စကြောင့် နားရက်ခွင့် တစ်ရက်မျှ မယူမှသာ ယင်းငွေပမာဏကို အပြည့်အဝ ရရှိနိုင်ခြင်းဖြစ်သည်။

မြန်မာ့မြေတွင် ဘဝသစ်ရှာတွေ့သွားသော ပရီးမီးယားလိဂ် ကစားသမားဟောင်း

အိုင်ယာလန်လက်ရွေးစင်ဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်များ ဖြစ်သော ဝီဂန်၊ ဟူးလ်စီးတီးတို့၌ ကစားခဲ့သော ကာလက်ဖိုလန်/Dailymail
ကာလက်ဖိုလန်အနေနဲ့ အင်္ဂလန်ဘောလုံးလောကမှာ ကြုံတွေ့ခဲ့တဲ့ စိတ်ပျက်စရာတွေကို မေ့ပျောက်ဖို့ ကစားသမားဘဝရဲ့ အလှည့်အပြောင်းသစ် တစ်ခုကို ရှာဖွေဖို့ လိုအပ်လာတဲ့အခါ ဘယ်နေရာကို အာရုံစိုက်ကြည့်သင့်သလဲဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
‘‘အဲဒါ ဘားမား (မြန်မာ)ပဲ။ ပြီးတော့ ခင်ဗျား ကြုံဖူးသမျှ နယ်ပယ်ဒေသတိုင်းနဲ့လည်း တော်တော်လေး မတူညီဘဲ ဖြစ်နေလိမ့်မယ်’’လို့ ၁၉ ရာစုရဲ့ ဗြိတိသျှ စာရေးဆရာ ရုဒ့်ကစ်ပလင်က ရေးခဲ့ဖူးတယ်။ ဒါဟာ ဖိုလန်အတွက် အဖြေလည်း ဖြစ်ပါလိမ့်မယ်။အာရှတိုက်ရဲ့ ဆင်းရဲနွမ်းပါးဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သလို စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်ဝက်လောက် အုပ်စိုးမှုအောက်မှာ အနောက်ကမ္ဘာနဲ့ ၂၀၁၁ ခုနှစ်ထိ တသီးတခြား ရပ်တည်နေခဲ့တယ်။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ ပတ်သက်ရင်တော့ ဒီနိုင်ငံက အံ့ဩစရာကောင်းလောက်အောင် နှံ့စပ်ထိတွေ့နေတာ ဖြစ်ပါတယ်။

အိန္ဒိယ အမျိုးသမီးတစ်ဦးကို မီးတင်ရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ စွပ်စွဲခံထားရ

အိန္ဒိယ နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၏ မီးတင်ရှို့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။ အဆိုပါ အမျိုးသမီးသည် နိုင်ငံမြောက်ပိုင်း ယူတာပရာဒက်ရှ် ပြည်နယ်မှဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းမျှတွင် မီးစွဲလောင်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ခြင်းဟု သိရသည်။ အသက် (၄၀) အရွယ်ရှိ နီတူ ဒွေဗီဒီသည် သူမ မကွယ်လွန်မီတွင် တရားသူကြီး တစ်ဦးအား ရဲများက လာဘ်ငွေ တောင်းခံခဲ့ကြောင်းနှင့် အဆိုပါငွေကြေး မပေးနိုင်ဖြင့် သူမကို ရန်ပြုခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားခဲ့သည်။

တိုက်ပွဲများကြား ရတက်ပွေနေသော ပြည်သူများ

အာရှလမ်းမကြီးတွင် အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးနောက် စစ်၏ဆိုးကျိုးကို ဒေသခံများ ရင်ဆိုင်နေရပြီဖြစ်သည်။ အာရှလမ်းမကြီးပေါ် လမ်းဖြတ်သန်းခငွေကြေးကောက်ခံသောနေရာတွင် ဇူလိုင် ၂ရက်က စတင်ခဲ့သည့် တိုက်ပွဲသည် တစ်ပတ်ခန့်အကြာတွင် ကော့ကရိတ်မြို့အနီးသို့ ရောက်လာခဲ့ပြီဖြစ်သည်။
ကော့ကရိတ်မြို့နယ်နှင့်တစ်မိုင်မှ သုံးမိုင်အတွင်းသာကွာဝေးတော့သည့် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သား ထိခိုက်မှုများဖြစ်လာနေသည်။ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရန်ညှိနှိုင်းပေးနေသည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များက ဆွေးနွေးမှု အဆင်မပြေသဖြင့် တိုက်ပွဲကာလကြာရှည်သွားနိုင်သည်ဟု ညည်းတွားနေကြသည်။

Tuesday, 7 July 2015

အကျိုးစီးပွားများနှင့် ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်း

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင် ထိုမှတဆင့် ရပ်ရွာ၊ မြို့နယ်၊ တိုင်းနှင့် ပြည်နယ် နောက်ဆုံး နိုင်ငံတော် အဆင့်အထိ အကျိုးစီးပွား များ အသီးသီး ရှိကြပေသည်။ အကျိုးစီးပွားများအတွက် လုပ်ဆောင်နေကြ သည်ဟု ဆိုလျှင်မှားမည် မထင်ပေ။

လူတစ်ဦးချင်းသည် မိမိဘဝ ကောင်းရာ ကောင်းကြောင်း ကြိုးစားကြ ရာတွင် မိမိအကျိုးစီးပွားရရေးအတွက် အာရုံစိုက်ကြရသည်။
အလားတူ အသင်းအပင်း ဖွဲ့စည်းဆောင်ရွက်ကြရာတွင်လည်း အသင်းအပင်း၏ ရည်ရွယ်ချက် အောင်မြင်ပေါက်မြောက်ရေး အကျိုးစီးပွားအတွက် လုပ်ဆောင်ကြရသည်။

တဖန် နိုင်ငံရေးပါတီ၊ စီးပွားရေး ကုမ္ပဏီတို့သည်လည်း မိမိတို့ ပါတီ၊ မိမိတို့ ကုမ္ပဏီအကျိုးစီးပွားအလို့ငှာ ရည်ရွယ်ချက် အမျိုးမျိုးကို နည်းလမ်း အသွယ်သွယ် သုံးကာ လုပ်ဆောင်နေကြသည်။ အမြင့်ဆုံးဆိုရလျှင် နိုင်ငံအုပ်ချုပ်သည့် အစိုးရသည်လည်း ၎င်းတို့ အစိုးရအဖွဲ့၏ အကျိုးစီးပွားအလို့ငှာ လုပ်ဆောင်ကြပေသည်။

ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံးဟု မက်ဆီ ဖွင့်ဟ

ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်တွင် ချီလီအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ထောက်ခံအားပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် ဘောလုံးလောကတွင် ဗိုလ်လုပွဲ၌ ရှုံးနိမ့်ရခြင်းသည် နာကျင်စရာအကောင်းဆုံး ဖြစ်ကြောင်း ဖွင့်ဟ ခဲ့သည်။
မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း အာဂျင်တီးနားလက်ရွေးစင်အသင်းနှင့် အောင်မြင်မှုရရန် ရုန်းကန်ခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်းကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသလို ယခုတစ်ကြိမ်တွင်လည်း ချီလီအသင်းကို ကိုပါအမေရိက ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။

ငြိမ်းချမ်းရေးခရီးအား ရှေ့တစ်လှမ်း နောက်သုံးလှမ်းနှုန်းဖြင့် လျှောက်လှမ်းနေကြသူများ - အပိုင်း(၁)

မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်မီးများ မငြိမ်းသတ်နိုင်သေးခြင်း၊ ယနေ့တိုင်ဒေသခံတိုင်းရင်းသား ပြည်သူများ ငြိမ်းချမ်းမှု၏ အရသာကို အပြည့်အဝမခံစားနိုင်သေးခြင်းတို့၏ရလဒ်အဖြေကို ခေတ်အဆက်ဆက် လေ့လာ သုံးသပ် အဖြေရှာခဲ့ကြရာ တွင် နယ်ချဲ့ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုးကြောင့်ဟူသည့် အဖြေသည် ယနေ့အထိ တစ်စိတ်တစ်ဒေသ အကျုံးဝင် ခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်စဉ်မှာတော့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားများ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ ခေတ်မီတိုးတက်မှုနှင့်အတူ ပေါ်ထွက်လာခဲ့တဲ့ တူညီသော ရင်ခုန်သံဖြစ်သည့် ငြိမ်းချမ်းရေးရယူလိုမှု ပြင်းပြနေသော်လည်း ဘာကြောင့် ငြိမ်းချမ်းရေးအလှမ်းဝေးနေရသည်ကို ထပ်မံအဖြေရှာဖို့ လိုအပ် လာခဲ့ပါသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်နှင့် ဆိပ်ကမ်းမြို့နယ်တို့တွင် ကားများပေါ် ဘေလ်ဘုတ်ကြီးများလဲပြိုကျ

လေပြင်းတိုက်ခတ်မှုကြောင့် ဘေဘုတ်တစ်ခု ကားပေါ်ပြိုလဲကျနေစဉ်။ ဓာတ်ပုံ - မင်းမင်း
ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ် တထောင်မြို့နယ်နှင့် ဆိပ်ကမ်းမြို့ နယ်တို့တွင် ကြော်ငြာထားသည့် ဘေလ်ဘုတ်ကြီးသုံးခု ပြိုလဲကျခြင်း ကြောင့် မော်တော်ယာဉ်သုံးစီး ပျက် စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

MNDAA၊ TNLA နဲ့ AA တို့ဟာ ငြိမ်းချမ်းရေးနဲ့ တန်ရဲ့လား ?

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင် ၃ ရက် နဲ့ ၄ ရက်နေ့တွေက UPWC နဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့တွေ့ဆုံဆွေးနွေးမှာ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့အဖြေရလဒ် ထွက်ပေါ်လာမယ်လို့လဲ မျှော်လင့်မိပါတယ်။ အဲဒီအထဲမှာ ပိုပြီးထူးခြား နေတာက MNDAA ၊ TNLA နဲ့ AA တို့အနေနဲ့ အပစ်ရပ်စာချုပ်မှာလက်မှတ် ထိုးခွင့်ရရေး တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ် တွေဘက်က တောင်းဆိုနေတဲ့ကိစ္စဟာ စိတ်ဝင်စားစရာကောင်းနေ ပါတယ်။

ရခိုင်နှင့်ကချင် ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်

ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲက ပြည်သူတွေ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ များစွာလိုအပ်နေတယ်လို့ ရေဘေးဒုက္ခသည် ဒေသခံ တွေက ပြောပါတယ်။

Monday, 6 July 2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန် နှင့် ရခိုင်ရှိအစ္စလာမ်ဘာသာဝင်အများစုရှိသည့် နေရာများတွင် ရွေးကောက် ပွဲဝင်မည်

 အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ရန်ကုန်နှင့် ရခိုင်မှ အစ္စလာမ် ဘာသာဝင်အများစုရှိသည့် မြို့နယ် ၇ခုမှ နေ၍  ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဌ ဦးကျော်မင်းက ဇူလိုင်  ၆ရက်တွင် မဇ္ဈိမကိုပြောသည်။
၎င်းက "ရန်ကုန်က ပန်းပဲတန်း၊ မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းတို့လို့ အစ္စလာမ်အများစု ရှိတဲ့ဆီက၀င်မယ်၊ ရခိုင်ကတော့ ရသေ့တောင်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောက ပြည်နယ် လွှတ်တော်အတွက် ၀င်ဖို့ လျာထားတာ ကိုယ်စားလှယ်တွေတော့ မရွေးရသေးဘူး" ဟု ပြောသည်။