Tuesday, 7 July 2015

ငြိမ်းချမ်းရေးခရီးအား ရှေ့တစ်လှမ်း နောက်သုံးလှမ်းနှုန်းဖြင့် လျှောက်လှမ်းနေကြသူများ - အပိုင်း(၁)

မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်မီးများ မငြိမ်းသတ်နိုင်သေးခြင်း၊ ယနေ့တိုင်ဒေသခံတိုင်းရင်းသား ပြည်သူများ ငြိမ်းချမ်းမှု၏ အရသာကို အပြည့်အဝမခံစားနိုင်သေးခြင်းတို့၏ရလဒ်အဖြေကို ခေတ်အဆက်ဆက် လေ့လာ သုံးသပ် အဖြေရှာခဲ့ကြရာ တွင် နယ်ချဲ့ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှုစနစ်ဆိုးကြောင့်ဟူသည့် အဖြေသည် ယနေ့အထိ တစ်စိတ်တစ်ဒေသ အကျုံးဝင် ခဲ့သည်ကို တွေ့ရှိရပါသည်။ လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်စဉ်မှာတော့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသခံတိုင်းရင်းသားများ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ ခေတ်မီတိုးတက်မှုနှင့်အတူ ပေါ်ထွက်လာခဲ့တဲ့ တူညီသော ရင်ခုန်သံဖြစ်သည့် ငြိမ်းချမ်းရေးရယူလိုမှု ပြင်းပြနေသော်လည်း ဘာကြောင့် ငြိမ်းချမ်းရေးအလှမ်းဝေးနေရသည်ကို ထပ်မံအဖြေရှာဖို့ လိုအပ် လာခဲ့ပါသည်။


သို့ဖြစ်၍ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ရလဒ်များကို သုံးသပ်ကြည့်သည့် အခါ အစိုးရ၊ တပ်မတော်၊ ဒေသခံတိုင်းရင်းသားများ၊ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတို့က တစ်ဖက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကတစ်ဖက် ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ဒါ့အပြင် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး စတင်ကမ်းလှမ်းမှုမှသည် ယခုတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း (NCA) ပြီးဆုံးသည်အထိ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒေသခံပြည်သူလူထုအပေါ် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ တရား မ၀င်အခွန်အခ နှင့် ဆက်ကြေးများကောက်ခံခြင်း၊ ဒေသခံပြည်သူများ သွားလာနေသည့် ဆက်သွယ်ရေး လမ်းကြောင်း များနှင့် ဥယျာဉ်ခြံမြေများအတွင်း မိုင်းထောင်ခြင်း၊ ၎င်းတို့ထောင်သော မိုင်းပေါက်ကွဲမှုအတွက် လျော်ကြေးငွေတောင်းခံ ခြင်းအပါအ၀င် အဓိကအားဖြင့် လက်နက်ကိုင်လမ်းစဉ်မစွန့်လွှတ်လိုမှုနှင့် ပြည်နယ်ခွဲထွက်လိုမှုကိုလည်း တစ်စိုက်မတ်မတ် စွဲကိုင်ထားလိုသော ဆန္ဒရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ မြန်မာ့ငြိမ်းချမ်းရေး ခရီးရှည်ကြာနေရခြင်း၊ ပြည်တွင်းစစ်မီး များ မငြိမ်းသတ်နိုင်သေးခြင်း၏ အကြောင်း အရင်းများသည် ယခုအချိန်အခါတွင် နယ်ချဲ့ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှု ကြောင့် ဟူသည့် အကြောင်းတရားသည် မပြောပလောက်သည့် အစိတ်အပိုင်းတစ်ခုအဖြစ်သာ ကျန်ရှိ၍ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့၏ ရင်ထဲက ငြိမ်းချမ်းရေးရယူလိုမှု ဆန္ဒသည်သာ အဓိကဖြစ်ကြောင်း ထင်ရှား မြင်သာလာခဲ့ပါသည်။

KIA အဖွဲ့၏ ရည်ရွယ်ချက်ကို လေ့လာကြည့်ပါက ပြည်ထောင်စုမှခွဲထွက်၍ ၀မ်ပေါင်နိုင်ငံထူထောင်ဖို့ ဖြစ်ပါသည်။ ခေတ်အဆက်ဆက် KIA ၏ ငြိမ်းချမ်းရေးသဘောထားကို လေ့လာကြည့်ပါကလည်း ၁၉၆၃ ခုနှစ်တော်လှန်ရေး ကောင်စီလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် တောတွင်းလက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ထုတ်ပြန်ခဲ့ရာတွင် KIA မှ ကချင်လူမျိုးများအား ပြည်ထောင်စုမှ ခွဲထွက်ခွင့်ပေးရန် စသည်ဖြင့် လုံးဝခွဲထွက် ရေးကို တောင်းဆိုခဲ့သည့်အတွက် ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်သမ္မတ ဦးနေ၀င်းနှင့် KIA တို့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရာတွင်လည်း အချိန်ကာလ ၉ လခန့် ကြာမြင့်ခဲ့သော်လည်း နောက်ဆုံးတွင် KIA တို့၏ လုံးဝခွဲထွက်ရေးခေါင်းစဉ်ကြောင့် ငြိမ်းချမ်းရေးပျက်ပြားခဲ့ရပါသည်။ KIA အဖွဲ့၏ ငြိမ်းချမ်းရေးခရီးစဉ်တွင် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့်ကာလသည် အရှည်ကြာဆုံးဖြစ်ခဲ့ပါသည်။ တပ်မတော်အစိုးရ လက်ထက် KIA သည် အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၆ ဖွဲ့နှင့် အဖွဲ့ငယ် ၂၀ ကျော် တို့နှင့်အတူ ဥပဒေဘောင် အတွင်းဝင်ရောက်ခဲ့ပါသည်။ 

တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြောင်းပြ၍ ဒေသခံ တိုင်းရင်း သားများအပေါ် အတင်းအဓမ္မလူသစ်စုဆောင်း၍ စစ်အင်အား တည်ဆောက်ခြင်း၊ ကျောက်စိမ်း၊ ရွှေ၊ ဓာတ်သတ္တုများ တူးဖော်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိခြင်းနှင့် တရားမ၀င်သစ်မှောင်ခို လုပ်ငန်းများဖြင့် စီးပွားရေးတောင့်တင်းလာပြီး လက်နက် အင်အား တည်ဆောက်ခဲ့ပါသည်။ KIA အနေဖြင့် တပ်မတော်အစိုးရလက်ထက်တွင် ဥပဒေဘောင်အတွင်း ၀င်ရောက်ခဲ့ရာ၌ နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းဖို့အထိ စဉ်းစားခဲ့ကြပါသည်။ သို့သော်လည်း လူအင်အား၊ လက်နက်အင်အားနှင့် စီးပွားရေး တောင့်တင်းလာချိန်တွင်တော့ BGF အဖွဲ့အဖြစ် အသွင်ပြောင်းဖို့လက်မခံတော့ဘဲ ၀မ်ပေါင်နိုင်ငံထူထောင်ရေး ကိုသာ ရည်ရွယ်ချက်ထား၍ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

KIA ခေါင်းဆောင်များသည် ငွေကြေးချမ်းသာမှုနှင့် အာဏာကိုယစ်မူးလာကြပြီး ကျဉ်းမြောင်း မှောင်မိုက်သည့် လူမျိုးခွဲခြား ရေးဝါဒမှိုင်းဖြင့် ၀ါဒဖြန့်ကာ လူ/လက်နက်အင်အား၊ စီးပွားရေးအင်အား တောင့်တင်းလာသည်နှင့် လက်ရှိအစိုးရသစ် လက်ထက်တွင် လက်နက်စွန့်လွှတ်ရခြင်းမရှိလေအောင် တာပိန်ရေအား လျှပ်စစ်စီမံကိန်းမှ အစပြုပြီး ပြဿနာတစ်ခုပြီး တစ်ခုဖန်တီးလာတော့သည်။ ၂၀၁၁ ခုနှစ်အတွင်း တပ်မတော်စစ်ကြောင်းများ ရိက္ခာပို့ဆောင်စဉ်တွင် KIA အဖွဲ့မှ အလစ် အငိုက် တိုက်ခိုက်ခဲ့ပါသည်။ တပ်မတော်အနေဖြင့် ရိက္ခာပို့ဆောင်ရေးစစ်ကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းမပြု ရန် KIA ထံ သတိပေးတားမြစ်သော်လည်း လက်မခံသဖြင့် တပ်မတော်စစ်ကြောင်းများနှင့် KIA တို့ တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့ပါသည်။ တပ်မတော် အနေဖြင့် KIA တို့၏ စစ်ဗျူဟာအရ အချက်အခြာ ကျသော ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ပြီး ၎င်းတောင်ကုန်းနှင့် မလှမ်းမကမ်းတွင်ရှိသော လိုင်ဇာ ကိုသိမ်းမည်ဆိုပါက သိမ်းနိုင်သည့်အခြေအနေတွင် KIA အဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တောင်းဆိုလာမှုကြောင့် တပ်မတော်မှ ထိုးစစ်ရပ်ဆိုင်း၍ မိမိကိုယ်ကို ခုခံ တိုက်ခိုက်ရန်အတွက်သာ ပြင်ဆင်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဆောင်ရွက်ပြီး မကြာမီတွင် KIA ခေါင်းဆောင် အင်ဘန်လ သည် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United National Federal Council-UNFC) ကို ဖွဲ့စည်းခဲ့ပါသည်။ အင်ဘန်လ အနေဖြင့် TNLA (တအောင်း၊ ပလောင်)နှင့် AA(ရခိုင်)အဖွဲ့များကို မွေးပြီး ၎င်းတို့အဖွဲ့ကိုထောက်ခံအောင် ဆောင်ရွက်ခဲ့ပါသည်။ KIA ဦးဆောင်မှုဖြင့် UNFC အစည်းအဝေးပွဲများကို လိုင်ဇာ တွင်ပြုလုပ်၍ နောက်ဆုံးဖက်ဒရယ်တပ်မတော် (FUA) ဖွဲ့စည်းပြီး နေရာချထားရေးအထိဆွေးနွေးခဲ့ပါသည်။ ထိုအခြေ အနေတွင် UNFC အဖွဲ့ဝင်ဖြစ်သော်လည်း ငြိမ်းချမ်းရေးကိုလိုလားသည့် KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့် KIA တို့ ငြိမ်းချမ်းရေးပျက်ပြားစေမည့် FUA ဖွဲ့စည်းရေးအပါအ၀င် KIA ၏ ငြိမ်းချမ်းရေးအတွက် ရိုးသားမှုမရှိသော ဆုံးဖြတ်ချက် များအပေါ် မကြာခဏ ထိပ်တိုက် တွေ့ခဲ့ပါသည်။ ၎င်းနောက်တွင် KNU သည် UNFC အဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ အင်ဘန်လအနေဖြင့်လည်း စောမူတူးဆေးဖိုးကို အစိုးရရဲ့ဘက်တော်သားအဖြစ် အမျိုးမျိုးစွပ်စွဲကာ သတင်းလွှင့် ခဲ့တာတွေ့ရပါသည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ၉ ရက်နေ့ထိ ကရင်ပြည်နယ် လော်ခီးလာတွင် ကျင်းပ ခဲ့သော လော်ခီးလာတိုင်းရင်းသားညီလာခံမှာတော့ အင်ဘန်လဟာ ပြည်ထောင်စုမှခွဲထွက်ရေးကိုလိုလားပြီး စောမူတူး ဆေးဖိုးသည် ငြိမ်းချမ်းရေးကိုလိုလားသူဖြစ်ကြောင်း အင်ဘန်လရဲ့မိန့်ခွန်းက သက်သေပြခဲ့ပါသည်။ 

ဆက်လက်ဖော်ပြပါမည်။

သူရိန်ထွန်း(ဓနုဖြူ)
Today Myanmar 

No comments:

Post a Comment